(ခ)-ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် သမဝါယမချေးငွေများကို မည်သည့်မူ၊ မည်သည့်စည်းကမ်းချက်များအပေါ် အခြေခံသည်ကိုသိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၄. ၆. ၂၀၁၄)

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် မြို့နယ်များမှာ ငွေကြေးနှင့်ပစ္စည်းများကို သမဝါယမဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ထုတ်ချေးပေးအပ် ကြပါတယ်။ ရည်ရွယ်ချက်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ ၎င်းတို့ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အရင်းအနှီးမရှိသဖြင့် ပြင်ပမှအတိုးနှုန်းကြီးစွာဖြင့် ငွေချေးခဲ့ကြရပါတယ်။ ယခုအခါ သမဝါယမဝန်ကြီးဌာနက ထုတ်ချေး သည့်ချေးငွေများမှာ အတိုးနှုန်းလျှော့ချပြီး ၁ ကျပ်ပြား ၅၀ နှုန်းဖြစ်တာကြောင့် ကျေးလက်ဒေသနေ ပြည်သူများကမျှော်လင့်လျက်ရှိကြပါတယ်။ ပြည်သူ့လိုအပ်ချက်ကို အမှန်တကယ်ပံ့ပိုးနိုင်ရန် လိုလား လျက်ရှိကြပါတယ်။ ပြည်သူများ အားကိုးရလောက်အောင် ယုံကြည်မှုရှိရန်လည်း လိုအပ်ပါတယ်။ ဒါပေမယ့် ယင်းသမဝါယမချေးငွေနဲ့ပတ်သက်ပြီး ၎င်းတို့ပါတီထဲဝင်မှ ချေးမည်ဟု ပြင်ပတွင် သတင်း များထွက်ပေါ်နေကြောင်း အချို့မှာ ချေးယူသူ၏အမည်၊ မှတ်တမ်းများကိုယူပြီး ယင်းပါတီ Form များ အတွင်း ရေးသွင်းမှုများရှိသည်ဟု ကြားသိနေရကြောင်း သမဝါယမချေးငွေများမှာ အမှန်တကယ် လိုအပ်သော ပြည်သူများလက်ဝယ်သို့ မရောက်ရှိဘဲ လူတစ်စုလက်ဝယ်သို့သာ ရောက်ရှိနေကြောင်း တို့ကို ပြည်သူအချို့က ပြောကြားနေတာကို မီဒီယာများကတစ်ဆင့် ကြားသိရပါတယ်။ ဒါ့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် သမဝါယမချေးငွေများကို မည်သည့်မူ၊ မည်သည့်စည်းကမ်းချက်များအပေါ် အခြေခံပါသနည်းဟု  မေးမြန်းပါသည်။


ဖြေကြားသူ
ဦးသန်းထွန်း(ဒုတိယဝန်ကြီး၊ သမဝါယမဝန်ကြီးဌာန)
အဖြေ

 နိုင်ငံတော်အစိုးရက ကျေးလက် ဒေသဖွံ့ဖြိုတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်ရှစ်ရပ်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမ ဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံတော်အစိုးရရဲ့ မူဝါဒများနှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် ဦးတည်ချက်နှစ်ရပ်နဲ့ လုပ်ငန်းစဉ်ငါးရပ်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဦးတည်ချက်နှစ်ရပ်ကတော့ ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေ အခြေခံပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်းပြည်စီးပွားဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် သမဝါယမစီးပွားရေးလုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ အမှန်တကယ် အထောက်အကူပြုဆောင်ရွက်ပေးရန်တို့ ဖြစ်ပါတယ်။ ဦးတည်ချက်နှစ်ရပ်အောင်မြင်စေရေးအတွက် လုပ်ငန်းစဉ်ငါးရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီ လုပ်ငန်းစဉ် ငါးရပ်ကတော့ (၁) အခြေခံသမဝါယမအသင်းများ ဖွဲ့စည်းပြီးတော့ ပြည်သူများလိုအပ်နေတဲ့     အရင်းအနှီးရရှိစေရေးအတွက် အသေးစားချေးငွေ (Microfinance) လုပ်ငန်းကို ဆောင်ရွက်ပေးရန်၊ (၂) အသေးစားချေးငွေလုပ်ငန်းအတွက် လိုအပ်သောအရင်းအနှီးများရရှိစေရေးအတွက် Micro finance Bank ထူထောင်ဆောင်ရွက်ရန်၊ Aids, Grant နဲ့ Concessional Loan များရယူ ဆောင်ရွက်ရန်၊ (၃) လူမှုစီးပွားဘဝမြင့်မားစေရေး အထောက်အကူပြုရန်နှင့် တိုင်းပြည်စီးပွားရေးကို ထိရောက်စွာ အထောက်အကူပြုနိုင်ရန်အတွက် သမဝါယမအသင်းများကို ကုန်ထုတ်လုပ်မှု၊ ကုန်သွယ် မှု၊ ဝန်ဆောင်မှု ထိထိရောက်ရောက်ဆောင်ရွက်နိုင်သော သမဝါယမအသင်းများအဖြစ် အဆင့်မြှင့်တင် ရန်၊ (၄) သမဝါယမတက္ကသိုလ်ကောလိပ်များမှနေပြီးတော့ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေး စိတ်ဓာတ် အခြေခံပြည့်ဝသော သမဝါယမစီးပွားရေးပညာများကို ကျွမ်းကျင်တတ်မြောက်သောပညာ တတ်များ မွေးထုတ်ပေးရန်နှင့် (၅) သမဝါယမသင်တန်းကျောင်းများမှနေပြီးတော့ အမျိုးသားရေး စိတ်ဓာတ်နဲ့ လူမှုရေးစိတ်ဓာတ်အခြေခံပြည့်ဝတဲ့ အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးရန်တို့ဖြစ်ပါတယ်။

သမဝါယမဝန်ကြီးဌာနအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရာမှာ ပြည်သူများ လိုအပ်နေတဲ့ ရင်းနှီးမတည်ငွေများရရှိစေဖို့ သမဝါယမ အသင်းများကနေပြီး အသေးစားချေးငွေ (Microfinance) လုပ်ငန်းကို အဓိကထားပြီးတော့ ဆောင်ရွက်နိုင်အောင် သမဝါယမရဲ့မူဝါဒ နည်းစနစ်များနှင့်အညီ လမ်းညွှန်ကြီးကြပ်လျက်ရှိပါတယ်။ အသေးစားချေးငွေလုပ်ငန်းဆောင်ရွက်ရာမှာ ပြည်သူများအတွက် လတ်တလော သက်သာချောင်ချိမှု ရရှိစေရေးသာမကဘဲနဲ့ နောင် လေး၊ ငါးနှစ်အတွင်းမှာ ငွေချေးစရာမလိုတော့ဘဲနဲ့ မိမိဘာသာမိမိ ရပ်တည်နိုင်အောင် Self Reliance ဖြစ်အောင်နဲ့ နောင်မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် Sustainable Development ဖြစ်အောင်အထိပါ မျှော်မှန်းဆောင်ရွက်ပေးနေခြင်းပဲဖြစ်ပါတယ်။ ဆောင်ရွက်ပုံနည်းလမ်းကို ရှင်းပြရရင် သမဝါယမမူနဲ့ နည်းစနစ်များကိုလက်ခံပြီး ချေးငွေချေးယူ လိုသူပြည်သူများအား စိတ်ဆန္ဒတူတဲ့သူ၊ ယုံကြည်စိတ်ချနိုင်သူ အနည်းဆုံးမည်သူမဆို ငါးဦးစီပါဝင်တဲ့ ဝိုင်းကြီးချုပ်အဖွဲ့များကို ဖွဲ့စည်းစေပါတယ်။ ဝိုင်းကြီးချုပ်အဖွဲ့ဝင်များ လိုက်နာရန် စည်းကမ်းသုံးချက် ကိုလည်း ချမှတ်ထားရှိပါတယ်။  အဲ့ဒီ စည်းကမ်းချက် သုံးချက်ကတော့ -

          (၁)     အဖွဲ့ဝင်များကနေပြီးတော့ ချေးငွေကို အလွဲသုံးစားမပြုဖို့ အချင်းချင်းထိန်းကျောင်း ပေးခြင်း၊ (အလွဲသုံးစားပြုခြင်းဆိုတဲ့နေရာမှာ ချေးငွေဖြင့် အရက်သေစာသောက်စား ခြင်း၊ လောင်းကစားခြင်းစတဲ့ အကျိုးမဲ့လုပ်ငန်းများမှာ သုံးစွဲခြင်းတို့ကို ဆိုလိုပါတယ်။)

          (၂)     ချေးယူရရှိသောငွေကို မိမိတို့၏ စီးပွားရေးလုပ်ငန်းများ၌ အမှန်တကယ် ထိရောက်စွာ အသုံးပြုစေရေး အဖွဲ့ဝင်အချင်းချင်း ထိန်းကျောင်းပေးခြင်း၊

          (၃)     သတ်မှတ်ကာလမှာ ချေးငွေနှင့် ဝန်ဆောင်စရိတ်အတိုးကို ပြန်လည်ပေးဆပ်ရန်   အချင်းချင်းထိန်းကျောင်းခြင်း၊ အဖွဲ့ဝင်တစ်ဦးက ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ကျန်အဖွဲ့ဝင်များက တာဝန်ယူပြီးတော့ပေးဆပ်ရခြင်း။

          ဒီလိုဖွဲ့စည်းထားတဲ့ ဝိုင်းကြီးချုပ်အဖွဲ့များကို စုပေါင်းပြီး သမဝါယမအသင်းများအဖြစ် ဖွဲ့စည်း ခြင်းဖြစ်ပါတယ်။

          သမဝါယမအသင်းများ ဖွဲ့စည်းပြီးတဲ့နောက်မှာ အသင်းကို အောင်မြင်အောင် ဆောင်ရွက်ပြီး အသင်းသားအားလုံး ဦးဆောင်မှုပေးနိုင်သော အရည်အချင်းရှိသူကို အသင်းသားများက ဒီမိုကရေစီ နည်းအရ သမဝါယမအခြေခံမူများနှင့်အညီ အမှုဆောင်အဖွဲ့များကို ရွေးချယ်ဆောင်ရွက်လျက်ရှိပါ တယ်။ အဲဒီနောက် ချေးငွေများ ထုတ်ချေးတဲ့အခါမှာ အသင်းသားများက အဆိုပြုတဲ့ချေးငွေကို စိစစ် ပြီးတော့ အသင်းကနေတစ်ဆင့် အသင်းသားများထံ ထုတ်ချေးပေးပါတယ်။ ငွေချေးယူမယ့် သမဝါယမ အသင်းသားဟာ အဓိကအားဖြင်‌့ အောက်ပါအ‌ွခေခံအချက်များနှင်‌့ ကိုက်ညီသူဖြစ်ရပါမယ်-

          (၁)     သမဝါယမအသင်းသားအဖြစ်ပါဝင်ဖို့၊ မိမိလုပ်ငန်းအတွက် လိုအပ်တဲ့ ရင်းနှီးငွေကိုချေး ယူဖို့ဆန္ဒရှိသူဖြစ်ရပါမယ်၊

          (၂)     လယ်ယာလုပ်ငန်း အမှန်တကယ်လုပ်ကိုင်သူ၊ လယ်ယာပိုင်ဆိုင်သူ သို့မဟုတ် သီးစား လုပ်ကိုင်နေသူ၊ မွေးမြူရေးလုပ်ငန်း အမှန်တကယ်လုပ်ကိုင်နေသူ၊ အိမ်တွင်းကုန်ထုတ် လုပ်ငန်း၊ အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုခုကို အမှန်တကယ်လုပ်ကိုင်နေသူ ဖြစ်ရပါ မယ်၊

          (၃)     အဖွဲ့ဝင် ငါးယောက်ပါဝင်တဲ့ ဝိုင်းကြီးချုပ်အဖွဲ့က လက်ခံနိုင်သူဖြစ်ရပါမယ်၊

          (၄)     ဝိုင်းကြီးချုပ်စည်းကမ်းသုံးချက်ကို လိုက်နာပါမယ်လို့ သဘောတူလက်မှတ်ရေးထိုးနိုင် သူဖြစ်ရပါမယ်၊

          (၅)     အထက်ပါ လေးချက်နှင်‌့ ပြည်‌့စုံကိုက်ညီသော်လည်း အဆိုပါအသင်းသားဟာ ငွေကြေး ပြည်‌့စုံသူဖြစ်ပါက ချေးငွေထုတ်ချေးရာ၌ ၎င်းအား ဦးစားပေးထုတ်ချေးမည်မဟုတ်ဘဲ ငွေကြေးအရင်းအနှီး ပိုမိုခက်ခဲနေသော အခြားအသင်းသားကိုသာ ဦးစားပေးထုတ်ချေး ပေးမှာဖြစ်ပါတယ်။

          ဒါ့အပြင် သမဝါယမအသင်းများကို  ချေးငွေထုတ်ချေးရာမှာ အောက်ပါအတိုင်း တိတိကျကျ ဆောင်ရွက်ပါတယ်-

          (၁)     သမဝါယမအသင်း အမျိုးအစားအလိုက် အမှန်တကယ် အလုပ်လုပ်ကိုင်သူကိုသာ ငွေချေးခြင်း၊

          (၂)     ထုတ်ချေးငွေကို အသင်းသားလက်ဝယ်အရောက် ထုတ်ချေးစေပြီး ဝိုင်းကြီးချုပ်အဖွဲ့ဖြင့် တစ်ဖွဲ့ချင်း ချေးငွေစာချုပ်ပြုလုပ်၍ တစ်ဦးချင်း လက်မှတ်ရေးထိုးဆောင်ရွက်စေခြင်း၊

          (၃)     ချေးငွေကို ကိုယ်စားလှယ်ဖြင့် ထုတ်ယူခြင်းမပြုဘဲ အသင်းသားကိုယ်တိုင်ထုတ်ယူ စေခြင်း၊

          (၄)     အသင်းသားများသည် အသင်းသားလက်ဝယ်ရှိ ချေးငွေထုတ်ပေးမှု မှတ်တမ်းတွင် လည်းကောင်း၊ အသင်းမှာရှိတဲ့ ချေးငွေထုတ်ပေးမှု မှတ်တမ်းတွင်လည်းကောင်း စာရင်း ရေးသွင်းလက်မှတ်ရေးထိုးစေခြင်း စတဲ့အချက်များနဲ့အညီ စိစစ်ထုတ်ချေးပေးလျက်ရှိပါ တယ်။

          အသင်းအမျိုးအစားအလိုက် အသင်းသားတစ်ဦးချင်းသို့ ထုတ်ချေးမည့်ငွေနဲ့ ချေးငွေကာလ တွေကတော့ ဌာနဆိုင်ရာငွေစုငွေချေးသမဝါယမအသင်းအတွက်ဆိုရင် ထုတ်ချေးငွေက အသင်းသား စုဆောင်းငွေရဲ့ သုံးဆချေးငွေကာလ ၁၀ လ ဖြစ်ပြီးတော့ လစဉ် အရင်းအတိုးကိုပေးဆပ်ရမှာ ဖြစ်ပါတယ်။ ရပ်ကွက်/ကျေးရွာ၊ လက်လုပ်လက်စား အသေးစားငွေစုငွေချေး သမဝါယမအသင်းများ အတွက်ဆိုရင် ထုတ်ချေးငွေက အသင်းသားတစ်ဦးလျှင် အနည်းဆုံးငွေ ၃၀၀၀၀ ကျပ်၊ ချေးငွေ ကာလဟာ သုံးလဖြစ်ပြီး၊ လစဉ်ချေးငွေကာလပြည့်ပါက အရင်းအတိုးပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဈေးသမဝါယမအသင်းများအတွက်ဆိုရင် ထုတ်ချေးငွေက အသင်းသားတစ်ဦးလျှင် အနည်းဆုံး ငွေကျပ် ၃၀၀၀၀၊ ချေးငွေကာလဟာ ရက် ၃၀၊ ရက် ၆၀၊ ရက် ၉၀ နေ့စဉ်ဆပ်စနစ်၊ လစဉ်ဆပ်စနစ်ဖြင့် အရင်းအတိုးပေး ဆပ်ရမှာဖြစ်ပါတယ်။

          မွေးမြူရေးသမဝါယမအသင်းများအတွက်ဆိုရင် ထုတ်ချေးငွေက အသင်းသားတစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ ဖြစ်ပါတယ်။ ချေးငွေကာလဟာ ၁၀ လဖြစ်ပြီး၊ လစဉ်ဆပ်ချေးငွေကာလပြည့်ပါက အရင်းအတိုးပေးဆပ်ရမှာ ဖြစ်ပါတယ်။ လယ်ယာနှင်‌့ အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်း၊ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများအတွက်ဆိုရင် ထုတ်ချေးငွေက အသင်းသား တစ်ဦးကို လယ်တစ်ဧကအတွက် ငွေကျပ် ၅၀၀၀၀ နှုန်းနှင့် အများဆုံးငွေကျပ် ၁၀၀၀၀၀ အထိ၊ ချေးငွေကာလမှာရာသီဆပ်ဖြစ်ပါတယ်။ ချေးငွေကာလပြည့်ပါက အရင်းအတိုးကို ပေးဆပ်ရမှာ ဖြစ်ပါ တယ်။

          အခြေခံစားကုန်အရောင်းဆိုင်လုပ်ငန်း လုပ်ကိုင်တဲ့ သမဝါယမအသင်းများအတွက်ဆိုရင် ထုတ်ချေးငွေက တစ်သင်းလျှင် အနည်းဆုံးကျပ် ၁၀ သိန်းမှ အများဆုံး ၂၅ သိန်းအထိဖြစ်ပါတယ်။ ချေးငွေကာလဟာ ၁၀ လဖြစ်ပြီး၊ လစဉ် အရင်းအတိုးပေးဆပ်ရမှာ ဖြစ်ပါတယ်။ စက်မှုလက်မှုသမ ဝါယမအသင်းများအတွက်ဆိုရင် ထုတ်ချေးငွေက အသင်းသားတစ်ဦးလျှင် အနည်းဆုံးငွေကျပ် ၃၀၀၀၀၊ ချေးငွေကာလဟာ သုံးလဖြစ်ပါတယ်။ လစဉ် အရင်းအတိုးပေးဆပ်ရမှာ ဖြစ်ပါတယ်။ အသင်း အမျိုးအစားအလိုက် အသင်း၏ဘဏ္ဍာရေးအခြေအနေအပေါ်မူတည်ပြီးတော့ ချေးငွေပမာဏ တိုးမြှင်‌့ ထုတ်ချေးပေးခြင်းနှင်‌့ အချိန်ကာလတိုးမြှင်‌့သတ်မှတ်ခြင်းတို့ကို အသင်းအမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်နှင်‌့အညီ ဆောင်ရွက်လျက်ရှိပါတယ်။

          သမဝါယမအသင်းသားများဟာ ပထမအကြိမ် ငွေချေးယူရာမှာ အစုငွေရှယ်ယာအဖြစ် ကျပ် ၅၀၀၀ ကို ထည့်ဝင်ကြရပါမယ်။ ချေးငွေထုတ်ယူသုံးစွဲတဲ့ အသင်းသားများဟာ ဝိုင်းကြီးချုပ်စည်းကမ်း ချက်များအတိုင်း  မိမိတို့လုပ်ငန်းများကို ဆောင်ရွက်ပြီး သတ်မှတ်ကာလ စေ့ရောက်တဲ့အခါမှာ ချေးငွေ အရင်းနှင့် ဝန်ဆောင်စရိတ်အတိုးပါ ပြန်လည်ပေးဆပ်ကြရပါတယ်။ အဲ့ဒီလို ပေးဆပ်ပြီးတဲ့နောက် ဒုတိယအကြိမ်၊ တတိယအကြိမ် စသည်ဖြင့် စဉ်ဆက်မပြတ် ထုတ်ချေးပေးသွားနိုင်အောင် အသင်းအမှု ဆောင်အဖွဲ့များနဲ့ သမဝါယမဦးစီးဌာနတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ဒုတိယအကြိမ် ထုတ်ချေးတဲ့အခါကစပြီး ချေးယူတဲ့အသင်းသားက မိမိချေးငွေရဲ့ ၁၀ ရာခိုင်နှုန်း     ဥပမာအားဖြင့် ငွေတစ်သိန်းချေးယူလျှင်၊ တစ်သောင်း ကျပ်နှုန်းကို အသင်းမှာ စုဆောင်းခဲ့ရမှာ ဖြစ်ပါ တယ်။

          ယခုအခါ ပျမ်းမျှအားဖြင့် အိမ်ထောင်စုတစ်စုကို ကျပ်တစ်သိန်းနှုန်း ချေးပေးလျက်ရှိပါတယ်။ သို့သော်လည်း ကျပ်တစ်သိန်းနဲ့ လုပ်ငန်းအရင်းအနှီး မလုံလောက်နိုင်တဲ့အတွက် မှန်မှန်ကန်ကန် လုပ်ပြီးတော့ မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်တဲ့ အသင်းသားများကို ကုန်ထုတ်လုပ်မှုအပေါ်မှာ စိစစ်ပြီး ကျပ်ငါးသိန်းအထိ တဖြည်းဖြည်း တိုးမြှင့်ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။ ငါးသိန်း ထုတ်ချေးပေးတဲ့အခါမှာ ချေးယူသူတိုင်းဟာ ငါးသောင်းစီစုဆောင်းကြရမှာ ဖြစ်ပါတယ်။ အဲဒီ စုဆောင်းငွေများအတွက်လည်း အတိုးရရှိကြမှာ ဖြစ်ပါတယ်။ အသင်းသားများရဲ့ စုဆောင်းငွေများကို ၎င်းတို့ဆန္ဒအရ ပြန်လည်ထုတ်ယူလိုပါက အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက် မူဝါဒများချမှတ်ပြီး အရင်းအနှီးအတွက် ငွေပြန်လည်ထုတ်ယူ ခွင့်ပြုလျက်ရှိပါတယ်။ ငွေကျပ်တစ်သိန်းမှ ငါးသိန်း ထုတ်ချေးရာမှာလည်း အောက်ပါအတိုင်း စံနှုန်းများသတ်မှတ်ထားရှိပါတယ်။

          ကုန်ထုတ်လုပ်ငန်းဖြစ်ရမည်။ ဥပမာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အိမ်တွင်းကုန်ထုတ်လုပ်ငန်း မျိုး၊ စိုက်ပျိုးရေးဆိုပါက လယ်/ယာ/ဥယျာဉ်ခြံပိုင်ဖြစ်ရပါမယ်။ မွေးမြူရေးဆိုပါက လက်ရှိ မွေးမြူ နေသူ၊ လက်ရှိမွေးမြူခြင်း မဟုတ်သော်လည်း တကယ်မွေးမြူမယ့်သူ၊ လက်ရှိအိမ်တွင်းလုပ်ငန်း လုပ်နေသူများဖြစ်ပြီး အမှန်တကယ် အရင်းအနှီး လိုအပ်နေသူ ဖြစ်ရမည်။ လယ်ယာပိုင်ဆိုင်မှုနှင့် ၎င်း၏ ငွေအရင်းအနှီး လိုအပ်မှု၊ ကြိုးစားမှု၊ ချေးငွေတိုးမြှင်‌့ပေးပါက ၎င်း၏လုပ်ငန်းအောင်မြင်နိုင် ခြေရှိမှုတို့အပေါ် မူတည်၍ ကျပ်ငါးသိန်းအထိ တိုးမြှင်‌့ထုတ်ချေးရပါမယ်။ မွေးမြူတဲ့ တိရစ္ဆာန်အမျိုး အစား၊ အရေအတွက်နှင့် ၎င်းရဲ့ငွေအရင်းအနှီးလိုအပ်မှု၊ ကြိုးစားမှု၊ ချေးငွေတိုးမြှင်‌့ပေးပါက ၎င်းရဲ့ လုပ်ငန်းအောင်မြင်နိုင်ချေရှိမှုတို့အပေါ် မူတည်၍ ကျပ်ငါးသိန်းအထိ တိုးမြှင်‌့ထုတ်ချေးရပါမယ်။ အိမ်တွင်းလုပ်ငန်းဆိုပါကလည်း ၎င်းရဲ့ ငွေအရင်းအနှီးလိုအပ်မှု၊ ကြိုးစားမှု၊ ချေးငွေတိုးမြှင်‌့ထုတ်ပေး ပါက ၎င်းရဲ့ လုပ်ငန်းအောင်မြင်နိုင်ချေရှိမှုတို့အပေါ်မှာမူတည်ပြီးတော့ ကျပ်ငါးသိန်းအထိ တိုးမြှင်‌့ ထုတ်ချေးရပါမယ်။ ချေးငွေစာချုပ်မှာ လယ်/ယာ၊ အိမ်/မြေ စသည်တို့ကို အာမခံထားပြီး ဝိုင်းကြီးချုပ် အဖွဲ့ဝင်များက အာမခံလက်မှတ်ထိုးပြီး သမဝါယမဦးစီးဌာနမှလည်း တာဝန်ခံရပါမယ်။

          အထက်ပါအချက်များ ပြည့်စုံပါက ဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစု၊ ကျေးရွာ သမဝါယမအသင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့များဖြင့် လူရွေးချယ်ခြင်း၊ ချေးမယ့် ငွေနှုန်း သတ်မှတ်ခြင်းတို့ကိုပြုလုပ်ရာမှာ တစ်ဦးချင်းအတွက်ဖြစ်စေ၊ စံပြအသင်းအဖြြစ်ဖစ်စေ၊ စံပြကျေးရွာအဖြစ်ရွေးချယ်၍ဖြစ်စေ လုပ်နိုင်တယ်။ စံပြကျေးရွာဆိုသော်လည်း ရွာရှိအိမ်ထောင်စု အားလုံးကိုပေးရန်မဟုတ်။ စံပြကျေးရွာ၊ စံပြအသင်းများရွေးချယ်ရာမှာ ၎င်းတို့တစ်ရွာလုံးရဲ့ ဆန္ဒနှင့် အာမခံနိုင်မှုအပေါ်မှာအခြေခံပြီး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက် အကူပြုအဖွဲ့၊ မြို့နယ်သမဝါယမအသင်းစုတို့နှင့် ညှိနှိုင်းရပါမယ်။ ဥပမာအားဖြင့် သမဝါယမဦးစီး ဌာနနှင့် အသင်းအဆင့်ဆင့်မှ တာဝန်ရှိသူများကွင်းဆင်းပြီး ကျေးရွာအထောက်အကူပြုကော်မတီ၊ မြို့နယ်အထောက်အကူပြုကော်မတီများနှင့် စိစစ်ပြီးမှသာ ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ပါတယ်။ ထိုသို့ ထုတ်ချေးပေးရာမှာ လုပ်ငန်းအတွက် အမှန်တကယ် ငွေလိုအပ်နေပြီး ငွေထုတ်ချေးပေးပါက လုပ်ငန်းတကယ်အောင်မြင်နိုင်မည့်သူများကိုသာ ထုတ်ချေးပေးမြည်ဖစ်ပါတယ်။ အခုလိုဆောင်ရွက် ခြင်းအားဖြင့် အသင်းသားပြည်သူများအနေနဲ့ အသေးစားချေးငွေလုပ်ငန်းကနေပြီး လိုအပ်သော အရင်းအနှီးအတွက် ပြင်ပမှ အတိုးကြီးပေးချေးယူရခြင်း သက်သာသွားမှာဖြစ်ပါတယ်။ တစ်ဦးကို ငါးသိန်းကျပ်နှုန်းအထိ ချေးငွေကို မြှင့်တင်ပေးနိုင်တဲ့အခါမှာတော့ ပြင်ပမှအတိုးကြီးချေးယူရမှု လုံးဝ ကင်းစင်သွားတဲ့ အကျိုးကိုရရှိကြမှာဖြစ်ပါတယ်။ မိမိတို့ပိုင်ဆိုင်စုဆောင်းငွေများဟာ တဖြည်းဖြည်း များပြားလာပြီး နောင်မိမိတို့ လုပ်ငန်းအတွက် ပြန်လည်ထုတ်ယူခွင့်ရကြမှာဖြစ်ပါတယ်။ မိမိစုဆောင်း ထားတဲ့ စုဆောင်းငွေပေါ်မှာ သတ်မှတ်တဲ့ အတိုးနှုန်းဖြင့်  အတိုးရရှိနေမှာဖြစ်ပါတယ်။

          ထို့အတူ ကျေးရွာအ‌ွခေခံ သမဝါယမအသင်းအနေနဲ့လည်း ဗဟိုကပေးသော ချေးငွေ၊ အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်ရာမှာ ဝန်ဆောင်ခအတိုးကို အချိုးကျရရှိခြင်း၊ အသင်းသား များရဲ့ စုဆောင်းငွေများကြောင့် အသင်းရဲ့ ရင်းနှီးငွေများပြားလာခြင်း၊ အသင်းပိုင်ရင်းနှီးငွေဖြင့် အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်ရာမှာ ဝန်ဆောင်ခအတိုးကို အသင်းနှင့် အသင်းသားများက အပြည့်အဝရရှိခြင်းစတဲ့ အကျိုးတွေကို ခံစားရမှာဖြစ်ပါတယ်။ အသေးစားချေးငွေလုပ်ငန်းအောင်မြင် ရေးအတွက် ငွေချေးယူကြတဲ့ အသင်းသားများက ဝိုင်းကြီးချုပ်စည်းကမ်းများနှင့်အညီ တာဝန်ကျေပွန် အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သလို  သမဝါယမဝန်ကြီးဌာနဝန်ထမ်းများ၊ သမဝါယမ အသင်းအဆင့်ဆင့်မှ အမှုဆောင်အဖွဲ့များဝန်ထမ်းများကလည်း လုပ်ငန်းဆောင်ရွက်ရာမှာ ခွင့်ပြု ပေးထားသော ရန်ပုံငွေဖြင့်သာ လုပ်ငန်းစရိတ်ကိုသုံးစွဲပြီး အခြေခံသမဝါယမအသင်းထံမှသော် လည်းကောင်း၊ ငွေချေးယူကြတဲ့ အသင်းသားများထံမှသော်လည်းကောင်း ငွေကြေးတစ်စုံတစ်ရာ ဖြတ်တောက်ခြင်းမပြုရ၊ ချေးငွေများ နောက်တစ်ကြိမ် ထုတ်ချေးတဲ့အခါမှာ အဆပ်ပြ၍ ပြန်လည် ထုတ်ချေးပေးခြင်းမပြုရ၊ အမှန်တကယ် ပေးဆပ်ပြီးမှသာ ထပ်မံထုတ်ချေးရမည်ဆိုတဲ့ သံမဏိ စည်းကမ်းနှစ်ရပ်ကို တိတိကျကျ လိုက်နာကြရမှာဖြစ်ပါတယ်။

          သမဝါယမအသင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အသင်းသားတစ်ဦးချင်း ထိန်းသိမ်းနည်း၊ အဖွဲ့ဖြင့်ထိန်းသိမ်းနည်း၊ အသင်းမှ အသင်းသားများအား ထိန်းသိမ်းနည်းစတဲ့ Tripartite Control System ထိန်းသိမ်းနည်းများဖြင်‌့ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက် ရှိပါတယ်။ ငွေကြေးလုပ်ငန်းဆောင်ရွက်နေ‌သော သမဝါယမအသင်းများဟာ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ဥပဒေအမှတ်(၉/၉၂)ဖြင့် ထုတ်ပြန်ထားသော သမဝါယမအသင်းဥပဒေအရ သမဝါယမ ဦးစီးဌာနအဆင့်ဆင့်မှာ မှတ်ပုံတင်ပြီး သမဝါယမဝန်ကြီးဌာန၊ ၃၀-၉-၂၀၁၃ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်(၅၂/၂၀၁၃) သမဝါယမအသင်း  နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေသော အသင်းများ ဖြစ်ကြပါတယ်။

          ဒါ့အပြင် သမဝါယမအသင်းနည်းဥပဒေ အခန်း(၉) အပိုဒ် ၅၈ မှာ သမဝါယမအသင်းဟာ အသင်းရဲ့စည်းကမ်းနှင့်အညီ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးက အတည်ပြုလက်ခံထားသော လုပ်ငန်းများကို  လုပ်ကိုင်ခွင့်ရှိသည်။ ယင်းသို့ လုပ်ကိုင်ရာမှာ ကုန်ထုတ်လုပ်ငန်း  ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်မှုလုပ်ငန်းတစ်ခုခုကို ဦးတည်လုပ်ဆောင်ရမည်။ အပိုဒ် ၅၉ တွင် သမဝါယမအသင်း နည်းဥပဒေ ၅၈ အရ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရာမှာ လုပ်ငန်း၏ သဘာဝနှင့် ပမာဏ အလိုက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးက အတည်ပြုလက်ခံထားတဲ့ လုပ်ငန်းများကို လုပ်ကိုင်နိုင် သည်ဟုဖော်ပြပါရှိပါတယ်။

          သမဝါယမဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနဟာ သမဝါယမအသင်းဥပဒေနှင့်အညီ သမဝါ ယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန် စည်းရုံးဖွဲ့စည်းခြင်း၊ ပညာပေးခြင်း၊ ထိန်းကျောင်းတည့်မတ် ခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ  ကျေးရွာပေါင်း  ခြောက်သောင်းကျော် ရှိတဲ့အတွက် ယနေ့ထိ အသင်းပေါင်း ၂၇၀၀၀ ကျော် ဖွဲ့စည်းထားရှိပြီးဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျေးရွာတစ်ရွာမှာ အနည်းဆုံး သမဝါယမအသင်းတစ်သင်း ဖွဲ့စည်းပြီး သမဝါယမ အသင်း စုစုပေါင်း ၆၀၀၀၀ ကျော်ဖွဲ့စည်းလျှင် အသင်းတစ်သင်းအား ငွေကျပ်သိန်း ၁၀၀ ထုတ်ချေး ပေးပါက အသင်းပေါင်း ၆၀၀၀၀ အတွက် ကျပ်ဘီလီယံ  ၆၀၀ လိုအပ်မှာဖြစ်ပါတယ်။ အသင်း တစ်သင်းအား ငွေကျပ်သိန်း ၅၀၀ ထုတ်ချေးပေးပါက ကျပ်ဘီလီယံ ၃၀၀၀ လိုအပ်မှာဖြစ်ပါတယ်။ သမဝါယမဝန်ကြီးဌာနအနေနဲ့လည်း ၂၀၁၅ ခုနှစ်မှာ  အသေးစားချေးငွေလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာထိ လွှမ်းခြုံနိုင်အောင် မျှော်မှန်းပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ 

          ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး တို့အတွက် သမဝါယမချေးငွေများကို အထက်မှာ ရှင်းလင်းတင်ပြခဲ့တဲ့ တည်ဆဲသမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေနဲ့ သမဝါယမဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းများအပေါ်မှာ အခြေခံပြီး ပြည်သူများအားလုံးကို ထုတ်ချေးဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။

ဦးဝင်းမြင့်(ပုသိမ်မဲဆန္ဒနယ်) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။

    လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၆ နည်းဥပဒေခွဲ(ဃ)အရ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တစ်ဆက်တစ်စပ်တည်းမေးခွန်းမေးခွင့်ပြုပါရန် ပန်ကြားအပ်ပါတယ် ခင်ဗျား။ ခုနက ဒုတိယဝန်ကြီးရှင်းပြတဲ့မူတွေ၊ စည်းကမ်းတွေနှင့်ကိုက်ညီလို့ရှိရင် မည်သည့်ပါတီဝင်ကို မဆို ဒီငွေထုတ်ချေးနိုင်ပါသလားသိလိုပါကြောင်းမေးမြန်းပါသည်။

ဦးသန်းထွန်း(ဒုတိယဝန်ကြီး၊ သမဝါယမဝန်ကြီးဌာန) 

   ကျွန်တော်တို့ သမဝါယမဝန်ကြီးဌာန အနေနဲ့ ဦးတည်ချက်ဟာ နိုင်ငံတော်ကချမှတ်ထားတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ ဆင်းရဲမှုလျှော့ချရေးတို့အတွက် သမဝါယမဝန်ကြီးဌာနကနေပြီးတော့ ကျေးလက်ဒေသ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ကျေးလက်ဒေသနေပြည်သူများနှင့် မြို့ပြနေအခြေခံလူတန်းစားများရဲ့ လူမှုစီးပွားဘဝမြှင့်တင်ဖို့ နောက် တိုင်းပြည်ရဲ့စီးပွားရေးကို သမဝါယမဝန်ကြီးဌာနအနေနဲ့ တစ်ဖက် တစ်လမ်းကနေပြီးတော့ အထောက်အကူပြုဖို့ဆိုပြီးတော့ ကျွန်တော်တို့ဦးတည်ချက်နှင့်ဆောင်ရွက် နေတာဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ သမဝါယမအသင်းများကို ဖွဲ့စည်းတဲ့နေရာမှာ အဲ့ဒီကျေးရွာ မှာရှိနေတဲ့ ပြည်သူအများစုရဲ့ဆန္ဒအရ ကျွန်တော်တို့ သမဝါယမအသင်းထဲကို ဝင်ချင်သူများဟာ ကျွန်တော်တို့ရဲ့ သမဝါယမစည်းမျဉ်းစည်းကမ်းအတိုင်း ဝိုင်းကြီးချုပ်အဖွဲ့ ငါးယောက်တစ်ဖွဲ့ပါတဲ့ ဝိုင်းကြီးချုပ်အဖွဲ့ ဖွဲ့စည်းပြီးတော့ ကျွန်တော်တို့ ကျေးရွာမှာရှိနေတဲ့ ပြည်သူများအားလုံးပါဝင်ပြီးတော့ ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ဆောင်ရွက်လျက်လည်းရှိပါတယ်။ တခြားတော့ တင်ပြစရာမရှိ ပါဘူး။ ကျွန်တော်တို့ သမဝါယမဝန်ကြီးဌာန အနေနဲ့ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ကိုးကွယ်သည့်ဘာသာဖြစ်စေ အားလုံးကို ကျွန်တော်ျတို့ သမဝါယမအသင်းမှာ ပါဝင်ခွင့်ရှိပါတယ်။