(ခ)-ကယားပြည်နယ်အတွင်း တယ်လီဖုန်းဆက်သွယ်မှုစနစ်ပိုမိုလျင်မြန်ကောင်းမွန်လာစေရေးဆောင်ရွက် ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၆.၈.၂၀၁၂)

 

ကယားပြည်နယ်မှာ တယ်လီဖုန်းဆက်သွယ်ရေးနှင့်ပတ်သက်ပြီး လွိုင်ကော်၊ ဒီမောဆိုမြို့တို့မှာ Auto Telephone များ တပ်ဆင်ထားပါတယ်။ ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်း၊ ရှားတောမြို့တို့မှာ Semi Auto Telephone များတင်ဆင်ထားပါတယ်။ အဲ့ဒီ Semi Auto Telephone တွေဟာလည်း MPT Satellite Terminal ဖုန်းတွေနဲ့ချိတ်ဆက်ထားတဲ့အတွက် မလိုအပ်ဘဲဆက်သွယ်ချိန်ကြာမြင့်ခြင်း၊ ရာသီဥတုမကောင်းရင် ဆက်သွယ်မှုခက်ခဲခြင်းတို့ဖြစ်ပေါ်လျက်ရှိပါတယ်။ မဲ့စဲ့မြို့၊ ရွာသစ်မြို့နယ်ခွဲ၊ မော်ချီး တိုက်နယ်၊ လွိုင်လင်လေးတိုက်နယ်၊ ဆီးဘူး၊ ထားလဲ၊ မာခတောရှည်၊ နန်းဖဲ၊ ပီကင်းကျေးရွာကြီးများမှာ MPT Satellite Terminal ဖုန်းတွေတပ်ဆင်အသုံးပြုလျက်ရှိပါတယ်။ Mobile Telephone ဆက်သွယ်ရေးမှာလည်း လွိုင်ကော်နှင့် လောပိတတိုက်နယ်မှာသာ GSM နှင့် CDMA Mobile တပ်ဆင်အသုံးပြုနိုင်ပါသေးတယ်။

          ကျွန်တော်တို့ ကယားပြည်နယ်မှာ လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့သလို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ နှင့်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်၍ ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်အောင် စီစဉ်လျက်ရှိပါတယ်။ ပထမအချက်အနေနဲ့ ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်း၊ ရှားတော၊ မဲ့စဲ့မြို့နယ်များမှာ Auto Exchange Telephone များတပ်ဆင်ပေးရန်လိုအပ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဒီမောဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်း၊ မဲ့စဲ့၊ ရှားတော၊ ရွာသစ်မြို့နယ်ခွဲ၊ မော်ချီးတိုက်နယ်၊ လွိုင်လင်လေးတိုက်နယ်၊ ဆီးဘူးတိုက်နယ်များကို Mobile Telephone များတပ်ဆင်ပေးရန် လိုအပ်လျက်ရှိပါတယ်။ Mobile Telephone တပ်ဆင်မှုနှင့်ပတ်သက်ပြီးကြားသိရတာကတော့ Mobile စခန်းတစ်ခုမှာ Mobile Telephone အလုံးရေ ၃၀၀၀ အထိတပ်ဆင်နိုင်ပြီး Mobile Telephone အလုံးရေ ၂၀၀၀ အထက်ရောင်းရမှသာ တပ်ဆင်ပေးနိုင် တယ်လို့ကြားသိရပါတယ်။ အဲ့ဒီလို သတ်မှတ်ရင်တော့ ဖွံ့ဖြိုးမှုနည်းပါးတဲ့ ကျွန်တော်တို့ပြည်နယ်မှ မြို့နယ်များဟာ Mobile Telephone နဲ့အလှမ်းဝေးနိုင်ပါတယ်။ Mobile Telephone များတပ်ဆင်ပေးပြီးသုံးစွဲလို့ရရင် နှစ်အနည်းငယ်အတွင်း သတ်မှတ်အလုံးရေပြည့်မီကျော်လွန်အောင်ရောင်းသွားရနိုင်ပါတယ်။ Mobile Telephone ရဲ့အဓိကအကျိုးအမြတ်ဟာ ကနဦးတပ်ဆင်ခမဟုတ်ဘဲ ဖုန်းသုံးစွဲမှုဝင်ငွေမှအဓိက ရရှိခြင်းဖြစ်ပါတယ်။ ဖုန်းသုံးစွဲသူများလာတာနှင့်အမျှ ဖုန်းသုံးစွဲမှုဝင်ငွေပိုမိုရရှိလာနိုင်ပါတယ်။ သို့ပါ၍ ပြည်နယ်အတွင်းဖြစ်ပေါ်လာမယ့် စီးပွားရေး၊ ကုန်သွယ်ရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကယားပြည်နယ်အတွင်း တယ်လီဖုန်းဆက်သွယ်မှုစနစ် ပိုမို လျင်မြန်ကောင်းမွန်လာစေရေး အမြန်ဆုံးဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း
အဖြေ
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုရန်ပုံငွေရရှိသဖြင့် ကလော-လွိုင်ကော် ဒီဂျစ်တယ်မိုက်ခရိုဝေ့ဆက်ကြောင်းကို ခေတ်မီဆက်သွယ်ရေးစနစ်များဖြင့် ချိတ်ဆက်အသုံးပြုနိုင်တဲ့ Gigabite Ethernent IP ဆက်ကြောင်းအဖြစ်ပြောင်းလဲတပ်ဆင်သွားရန် စက်ပစ္စည်းများ ဝယ်ယူရေးစီစဉ်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် လွိုင်ကော်မြို့မှာ အင်တာနက်သုံးစွဲမှုပိုမို မြန်ဆန်စေဖို့အတွက် 3G UMTS Node B တစ်ခုတပ်ဆင်ဖို့လည်းစီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ကိုယ်စားလှယ်တော်ကြီးတင်ပြထားတဲ့ Semi Auto Exchange များတပ်ဆင်ထားတဲ့ ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်း၊ ရှားတောမြို့များနှင့် Magneto Exchange တပ်ဆင်ထားတဲ့ မဲ့စဲ့မြို့နယ်များမှာ Auto Exchange များတပ်ဆင်ပေးရန်အတွက် Power Supply ဆောင်ရွက်နိုင်မှုအနေအထား၊ Transmission ရရှိနိုင်မှုအခြေအနေနှင့် ဘဏ္ဍာငွေရရှိမှုတို့ကို တွက်ချက်နေပြီဖြစ်ပါတယ်။  ဒါနှင်ပတ်သက်လို့လည်း ဆက်လက်ဆောင်ရွက်သွားဖို့အစီအစဉ် ရှိပါ ကြောင်း ဖြေကြားအပ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ အထက်ပါတင်ပြခဲ့တဲ့မြို့များနှင့် မြို့သစ် မြို့နယ်ခွဲ၊ မော်ချီးတိုက်နယ်၊ လွိုင်လင်လေးတိုက်နယ်၊ ဆီဘူးတိုက်နယ်များတွင် မိုဘိုင်းလ်တယ်လီဖုန်း တပ်ဆင်ပေးနိုင်ဖို့သုံးစွဲကြမည်‌့လူဦးရေ၊ Power Supply ရရှိနိုင်မှု၊ ဒေသလုံခြုံရေးအခြေအနေတို့ကို သက်ဆိုင်ရာပြည်နယ်မန်နေဂျာကို သက်ဆိုင်ရာပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်ကိုရယူပြီး ကျွန်တော်တို့ အသေးစိတ်စိစစ် ပြန်လည်တင်ပြခိုင်းထားပါတယ်။ ဒါနှင့်ပတ်သက်ပြီးတော့ တင်ပြချက်အပေါ်မှာ ဦးစားပေးအလိုက် ဆက်လက်စီစဉ်ဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း ဖြေကြားအပ် ပါတယ်။

ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ယခုကဲ့သို့ဆွေးနွေးခွင့်ရတဲ့အတွက် ဆွေးနွေး ပေးကြတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ နောက်နောင်တွင်လည်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေနှင့်စပ်လျဉ်းပြီး သိရှိလိုတာတွေ၊ ဆွေးနွေးလိုတာတွေ၊ အကြံပြုလိုတာတွေနှင့် ပတ်သက်လို့လည်းစာနဲ့ပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် မိမိတို့အဆင်ပြေတဲ့အချိန်ကာလတိုင်းမှာ ဆက်သွယ် ဆောင်ရွက်နိုင်ကြပါကြောင်း ရှင်းလင်းဖြေကြားပါသည်။