(င)-ကျောက်တော်မြို့အရှေ့ဘက် ဒေါင်းတောင်ယိုးကျေးရွာအနီးရှိ သမိုင်းဝင်တောင်ပေါက်ကြီး တောင်တန်းများ ဖြိုချနေသည့်ကိစ္စအား ပြန်လည်သုံးသပ်ပြီး တားမြစ်ပေးနိုင်ခြင်းရှိ/မရှိ၊ ရထားလမ်း စီမံကိန်းရပ်ဆိုင်းပြီးနောက်ပိုင်း တူးဖော်ရောင်းချနေမှုများသည် ဥပဒေနှင့်အညီ သက်ဆိုင်ရာမှ လုပ်ပိုင်ခွင့်ချပေးထားခြင်းဟုတ်/မဟုတ်နှင့် ၂၀၁၀ ခုနှစ်မှစကာ စဉ်ဆက်မပြတ် တူးဖော်ရောင်းချငွေ များအား နိုင်ငံတော်နှင့်ပြည်သူအတွက် မည်သို့မည်ပုံ အသုံးချနေကြကြောင်းကို ပွင့်လင်းမြင်သာအောင် ချပြနိုင်ခြင်းရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ကျောက်တော်မြို့၏ အရှေ့ဘက်နှစ်မိုင်ကျော်တွင် တောင်ပေါက်ကြီး တောင်တန်းရှိပါကြောင်း၊ ၎င်း တောင်တန်းသည် အင်္ဂလိပ်လက်ထက်တွင် Burmese အက္ခရာနှင့် ရေးထိုးထားသည့် ကျောက်စာ တစ်ချပ်ကြောင့် ယနေ့ ရခိုင်စာပေယဉ်ကျေးမှု နယ်ပယ်တွင် လူများစိတ်ဝင်စားသည့် ထင်ရှားသော တောင်တစ်တောင်ဖြစ်ပါကြောင်း၊ ၂၀၀၉ ခုနှစ် မင်းဘူး-စစ်တွေ ရထားလမ်းစီမံကိန်း စလုပ်သည့်အခါမှာ ၎င်းတောင်ကို စတင်ဖောက်ပါကြောင်း၊ သို့သော်၎င်းရထားလမ်းစီမံကိန်းသည် အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းသွားပြီဖြစ်သော်လည်း တောင်ကို ဖြိုနေသည့်လုပ်ငန်းများမှ ယနေ့အချိန်ထိ ဆက်လက်ရှိနေဆဲ ဖြစ်ပါကြောင်း၊ သက်ရင့်ကျောက်များထွက်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးဝင်ပါ ကြောင်း၊ မိမိတို့ဒေသတွင် ကျောက်ကျင်းတစ်ကျင်းကို ၃၅၀၀၀ ခွဲအထိပေးဝယ်ရပါကြောင်း၊ ထို့ကြောင့် ၎င်းတောင်ဖြိုဖျက် နေသည်ကို ရပ်ဆိုင်းပေးရန်နှင့် တောင်ဖြိုမည့် လုပ်ငန်းစဉ်များကို မည်သည့် ပုံစံမျိုးနှင့်ချထားပေး၍ ၂၀၁၇ ခုနှစ် နောက်ဆုံးလအထိ တူးဖော်ရေးလုပ်သည့် လေး၊ ငါး၊ ခြောက်နှစ် အတွင်း တစ်ရက်ကို ကျောက်ကျင်းပေါင်း ၁၀၊ ၂၀ ထွက်သဖြင့် များပြားသည့် ငွေကြေးပမာဏများကို မည်သည့် ပုံစံမျိုးနှင့်အသုံးချ၍ မည်ကဲ့သို့စီမံခန့်ခွဲနေသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်ရှိ တောင်ပေါက်ကြီးတောင်တန်း သည် လမ်းမတော် ကျေးရွာအုပ်စုကွင်းအမှတ်(၇၈၈-ခ) စားကျက်တောင်ကွင်းတွင်တည်ရှိပြီး မြေအမျိုးအစားမှာ စားကျက်မြေ အမျိုးအစားဖြစ်ပါကြောင်း၊ တောင်ပေါက်ကြီးတောင်တန်းအတွင်း ၂၀၀၃ ခုနှစ်တွင် နှစ်ရှည်သီးနှံပင် များစိုက်ပျိုးရန်အတွက် ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ကျောက်တော်မြို့နယ် ဌာနဆိုင်ရာများကို မြေဧရိယာ ၂၀ ဧက၊ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ကို မြေဧရိယာ ၁၀ ဧက စိုက်ပျိုး လုပ်ကိုင် ခွင့်ပြုခဲ့ပါကြောင်း၊ ထို့ကြောင့် မြေဧရိယာ ၂၀ ဧကပေါ်တွင် ဌာနဆိုင်ရာများ ကျွန်းစိုက်ခင်းများ သတ်မှတ်စိုက်ပျိုးခဲ့ပြီး ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့၏ မြေဧရိယာ ၁၀ ဧကအနက်သုံးဧက ကို နှစ်ရှည် ရာဘာပင်များ စိုက်ပျိုးပြီး ကျန်ခုနှစ်ဧကမှ မြေလွတ်အဖြစ်သာ ကျန်ရှိပါကြောင်း၊၂၀၀၈-၀၉ ခုနှစ် ရထား လမ်းဖောက်လုပ်သည့်နေရာတွင် တောင်ပေါက်ကြီးတောင်တန်း ပါဝင်နေသည့်အတွက် အဆိုပါ တောင်ပေါက်ကြီးတောင်တန်း၏ ရထားလမ်းနေရာကို တောင်ဖြိုမြေသားတူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နေစဉ် ဂဝံကျောက် (ဒေသခေါ်ကျောက်မဲကျောက်) များတွေ့ရှိ သည့်အတွက် ရထားလမ်းစီမံကိန်းအတွက် ကျောက်ထုတ်လုပ်ခြင်းလုပ်ငန်းကို မြန်မာ့မီးရထားမှ Steel Stone ကုမ္ပဏီကို ငှားရမ်းခဲ့ပြီး Steel Stone ကုမ္ပဏီမှ ၁၇-၁၂-၂၀၁၃ ရက်နေ့တွင် ဒေသခံ ပုဂ္ဂိုလ်တစ်ဦး ကို ထပ်မံငှားရမ်းခဲ့ပါကြောင်း၊ ထိုသို့ ရထားလမ်းစီမံကိန်းများ ဆောင်ရွက်နေစဉ် ကျောက်တော်- မြောက်ဦးရထားလမ်းပိုင်း ဖောက်လုပ်ရာတွင် ဓညဝတီမြို့ဟောင်းနှင့် မြောက်ဦးရှေးဟောင်းနယ်မြေတို့ကို ဖြတ်သန်းသွားရသည့်အတွက် ဒေသခံပြည်သူများ၏ကန့်ကွက်မှုကြောင့် ၄-၄-၂၀၁၄ ရက်နေ့တွင် စီမံကိန်းကို ရပ်ဆိုင်းခဲ့သော်လည်း ကျောက်ထုတ်လုပ်ငန်း ဆက်လက်လုပ်ကိုင်နေသည့်အတွက် တောင်ပေါက်ကြီးတောင်တန်းတွင် ဂဝံကျောက်များ ထုတ်ယူသုံးစွဲနေမှုနှင့်ပတ်သက်ပြီး ကျောက်ထုတ်လုပ် သူနှင့် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ကို ၃-၁၂-၂၀၁၇ ရက်နေ့တွင် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း ကျောက်ထုတ်လုပ်ခြင်းနှင့် မြေသားတူးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခြင်းမပြုရန် ခေါ်ယူသတိပေးတားမြစ်ခဲ့ပြီး ဖြစ်သည့်အတွက် လုပ်ငန်းများရပ်ဆိုင်းသွားပါ ကြောင်း၊ ရထားလမ်းစီမံကိန်းရပ်ဆိုင်းခဲ့သော်လည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှ နှစ်ရှည်သီးနှံ စိုက်ပျိုးရန်အတွက် ခွင့်ပြုချက်ရရှိထားသည့်မြေဧရိယာ ၁၀ ဧကနှင့် ကျန်မြေဧရိယာ ခုနှစ်ဧကတို့တွင် ကျောက်ထုတ်လုပ်ခြင်းများ ဆက်လက်လုပ်ကိုင်နေမှုနှင့်ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးတွေ့ရှိချက်အရ ယခင် ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး တာဝန်ထမ်းဆောင်ခဲ့သူထံမှ ခွင့်ပြုချက်ရယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်ထုတ်လုပ်ခွင့်ရသူမှ ကျောက်တော်မြို့နယ် ရဲတပ် ဖွဲ့မှူးရုံးအဝင်လမ်းနှင့် ကွန်ကရစ်တံတားပြုပြင်ခြင်းများ ဆောင်ရွက်ပေးခဲ့သည့်ကို စိစစ်တွေ့ရှိခဲ့သည့် အတွက် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့်အညီ ၂၆-၁-၂၀၁၈ ရက်နေ့တွင် အရေးယူဆောင်ရွက်ခဲ့ ပြီးဖြစ်ပါကြောင်း၊ လက်ရှိအချိန်မှာတွင် အငြိမ်းစား နုတ်ထွက်သွားပြီဖြစ်ပါကြောင်း၊ သို့ပါ၍ ရထားလမ်း စီမံကိန်းရပ်ဆိုင်းထားပြီးသည့်နောက်တွင် တူးဖော်ရောင်းချနေမှုများသည် ဥပဒေနှင့်အညီ သက်ဆိုင်ရာမှ လုပ်ပိုင်ခွင့်ချထားပေးခဲ့ခြင်းမရှိသည့် အတွက်ကြောင့် နိုင်ငံတော် ဘဏ္ဍာအဖြစ် ရရှိခဲ့ခြင်းမရှိပါကြောင်း၊ တောင်ပေါက်ကြီးတောင်တန်းအတွင်း ကျောက်ထုတ်လုပ်မှုများ ကို ကျောက်ထုတ်လုပ်ခြင်းနှင့် မြေသား တူးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် ခေါ်ယူသတိပေးတားမြစ်ပြီးဖြစ်ကြောင်းနှင့် အဆိုပါတောင်ပေါက်ကြီးတောင်တန်းဟာ စားကျက်မြေ အမျိုးအစားဖြစ်သည့် အတွက် ကျောက်တော် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၃-၁၂- ၂၀၁၇ ရက်နေ့မှစပြီး မူလစားကျက်မြေအဖြစ် ဆက်လက် ထိန်းသိမ်းထားရှိပါကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။
