(က)-ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းသစ် များပေါ်ပေါက်ကာ လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရန်အတွက် ပြည်နယ်အစိုးရနှင့် မည်ကဲ့သို့ ချိတ်ဆက်ပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၅.၅.၂၀၁၈)

 

(က)-ကယားပြည်နယ်၏ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင် အခွင့်အလမ်းသစ် များပေါ်ပေါက်ကာ ဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရန်အတွက် ပြည်ထောင်စုအစိုးရမှ ဖြေလျှော့ပေးမှုများအပါအဝင် ပြည်နယ်အစိုးရနှင့် မည်ကဲ့သို့ ချိတ်ဆက်ပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိ သည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ကယားပြည်နယ်တွင် လူဦးရေသုံးသိန်းကျော်ခန့်သာရှိပြီး ထိုင်းနိုင်ငံနှင့် ဆက်စပ်လျက်ရှိပြီး မြို့နယ်ခုနစ် မြို့နယ်ရှိပါကြောင်း၊ ၎င်းမြို့နယ်ခုနစ်မြို့နယ်တွင် လွိုင်ကော်မြို့ကိုသာ Center ထားပြီး ကျန်မြို့နယ်များ ကို ညအိပ်ခရီးသွားခွင့် မရှိပါကြောင်း၊  ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဖော်ဆောင်သည့်အခါတွင် CBT Project များတည်ဆောက် ထားသည့်ကျေးရွာများကို ခရီးသွားကြသည့်ခရီးသည်များအတွက် အခက်အခဲ မှ ရောက်ရှိနေသည့်နေရာဒေသများတွင် တည်းခိုခွင့်မရှိဘဲ လွိုင်ကော်မြို့ကို အချိန်မီပြန်လာပြီး တည်းခို နေရပါကြောင်း၊ ကယားပြည်နယ်တွင် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရားဝင် ဖွင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်  International Gate တစ်ခု အနေဖြင့် သံတမန်နည်းအရ ပေါင်းစပ်ညှိနှိုင်းပြီး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်စေချင်နေပါကြောင်း၊ ၎င်းလုပ်ငန်းအပေါ် တွင် သက်ဆိုင်ရာတာဝန် ရှိ ဝန်ကြီးဌာနအနေဖြင့် သံတမန်နည်းအရ မည်ကဲ့သို့ပေါင်းစပ်ညှိနှိုင်းပြီး ဖြေလျှော့မှုများလုပ်ပေး နိုင်မည်ကိုသိလိုပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် အနေဖြင့် ကယားတိုင်းရင်းသားမျိုးနွယ်များ၊ တိုင်း‌ရင်းသားဒေသခံများထဲတွင် နယ်မြေဒေသ၏အခြေအနေကို ကောင်းမွန်စွာသိပြီး လာရောက်လေ့လာကြမည့် လူပုဂ္ဂိုလ်များအပေါ်တွင် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှ ဧည့်လမ်းညွှန်ဆိုင်ရာသင်တန်းမျိုးများ၊ ဒေသဆိုင်ရာ ဧည့်လမ်း ညွှန်သင်တန်းမျိုးများ၊ Capacity Building ပုံစံမျိုးဖြစ်သည့်ဒေသခံ Community ကို ဦးစားပေးပြီး ကွန်ပျုတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းများကို ကျန်သောမြို့နယ်များတွင် ဆောင်ရွက်သကဲ့သို့ ကယားပြည်နယ်တွင်လည်း ဖော်ဆောင်ပေး စေချင်ပါကြောင်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် အတွက် လေယာဉ်အသွားအပြန် ရန်ကုန်မှ ကယားပြည်နယ် လွိုင်ကော်သို့လာရောက်မည်ဆိုပါက ခရီးစဉ်တစ်ကြောင်းသည် ခုနစ်သောင်း အထက်တွင်ရှိပါကြောင်း၊ ၎င်းခရီးစဉ်တစ်ကြောင်းသည်  ထိုင်းနိုင်ငံ သကဲ့သို့သောနိုင်ငံများကို သွားရောက်လည်ပတ်ရာတွင်  ကုန်ကျရမည့်ဈေးထက် လျော့နည်း သဖြင့် မိမိတို့ပြည်နယ်ကို လာရောက်လည်ပတ်နိုင်သည့်ပမာဏများနိုင်သည့်အတွက် Transportation ကို အဆင်ပြေလုပ်ကိုင်ဆောင်ရွက်ရန်လိုပါကြောင်း၊ တည်းခိုရာနေရာဒေသများကို စီစဉ်ဆောင်ရွက်ရာတွင် လွိုင်ကော်မြို့တစ်မြို့တည်းကို ဦးစားပေးဆောင်ရွက်ခြင်းမဟုတ်ဘဲ ကျန်နေရာဒေသများကို လွတ်လပ်စွာ သွားရောက်လည်ပတ်ခွင့်ရပြီး Community Based Tourism ကို တိုးချဲ့ပြီး လုပ်ကိုင်ဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်ကဲ့သို့ ပြည်နယ် အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်လျက်ရှိသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


ဖြေကြားသူ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်
အဖြေ

၁-၄-၂၀၁၄ ရက်နေ့တွင် ကယားပြည်နယ်မှာ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်ပြီးဝန်ထမ်းများဖြင့် လွိုင်ကော်ရုံးခွဲကို ဖွင်‌့လှစ်ခဲ့ပါကြောင်း၊   လွိုင်ကော်ရုံးတွင် ရုံးလုပ်ငန်းပိုမိုလျင်မြန်သွက်လက်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် ADSL လိုင်းပါ (Wi-Fi)စနစ်တပ်ဆင်ထားပြီး ခရီးသည်များ သိလိုသည့် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖြေကြားနိုင်ရန် (Tourist Information Counter)ကို ၂၃-၂-၂၀၁၆ ရက်နေ့တွင် လွိုင်ကော်ရုံးခွဲတွင်လည်းကောင်း၊ ၃၀-၅-၂၀၁၆ ရက်နေ့တွင် လွိုင်ကော်လေဆိပ်တွင် လည်းကောင်း၊ ၂-၁၀-၂၀၁၆ ရက်နေ့တွင် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ဆက်စပ် ခရီးစဉ်ဖြစ်သည့် လွိုင်ကော်-မိုးဗြဲ ရေတံခါး-ဖယ်ခုံ-အင်းလေး ဒေသခရီးစဉ်အတွက် ဖယ်ခုံမြို့တွင်လည်းကောင်း၊ Tourist Information Counter များ ဖွင့်လှစ်ထားပြီး ခရီးသည်များအား လက်ကမ်းစာစောင်များ၊ လမ်းညွှန်မြေပုံ များဖြန့်ဝေခြင်း၊ လိုအပ်သော အချက်အလက်များပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသား ပို့ကုန် မဟာဗျူဟာစီမံချက်အရ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဟာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်‌ပူးပေါင်းပြီး Natherland Trust Fund (3) (NTF 3)အထောက်အပံ့၊ International Trade Center(ITC)၏ ဆောင်ရွက်မှုဖြင့် ၁-၉-၂၀၁၄ ရက်နေ့တွင် စတင်ပြီး ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ပန်ပက်ကျေးရွာနှင့် တနီးလာလဲကျေးရွာတို့တွင် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း CBT ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ဒေါတမကြီးကျေးရွာနှင့် ဖရူဆို မြို့နယ်ရှိ ထေခိုကျေးရွာများကိုလည်း CBT ကျေးရွာများအဖြစ် ဖော်ဆောင်ပေးခဲ့ပါကြောင်း၊ ၎င်းအပြင် ကျေးရွာများရှိ ဒေသခံပြည်သူလူထုအား ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် အသိပညာများမျှဝေပေး ခြင်း၊ ဝန်ဆောင်မှုများပေးခြင်း၊ အစားအသောက်သန့်ရှင်းရေး နည်းစနစ်များစသည်‌့ အတတ်ပညာ နှင့်ဗဟုသုတများ ပျံ့ပွားပေးခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပသည့် ITB ခရီးသွားလုပ်ငန်းပြပွဲတွင် ကယားပြည်နယ် ခရီးစဉ်ဒေသများအား ရိုက်ကူးထားသည့် Short Movie တွင် Diamond Award ဆု နှင့် ၂၀၁၇ ခုနှစ်တွင် ကယားပြည်နယ်အတွက် ASEAN Tourism Standard(CBT)ဆု တို့ကိုလည်းရရှိခဲ့ပါကြောင်း၊  မဲခေါင်-လန်ချန်းအစီအစဉ်အရ Train the Trainers for ASEAN CBT ဆွေးနွေးပွဲကို ယခုလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကမ္ဘောဒီယားနိုင်ငံ၌ကျင်းပခဲ့ရာ Participant လူ ၂၀ ဦးကိုစေလွှတ်ခဲ့ပြီး ကယားပြည်နယ်ရုံးခွဲတာဝန်ခံနှင့် ITC ၏ National Consultant တို့ကို ပါဝင်တက်ရောက်စေခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေးနှင့်‌ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာစေရေးအတွက် ၂၀၁၆ ခုနှစ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းကို ဒေသခံလူငယ်ဧည့်လမ်းညွှန် ၁၂၀ ဦး နှင့် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းလေးမျိုးအား သင်တန်းလေးကြိမ်ဖြင့် သင်တန်းသူ၊ သင်တန်းသား ၂၅၃ ဦး တို့ကို မွေးထုတ်ပေးခဲ့ပါကြောင်း၊ ယခုအခါ သင်တန်းသားအများစုမှာ လွိုင်ကော် မြို့ရှိ ဟိုတယ်များတွင် လုပ်ကိုင်လျက်ရှိပါကြောင်း၊ ဟိုတယ်များအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ဟိုတယ်ရှစ်လုံး၊ အခန်းပေါင်း ၁၇၅ ခန်းရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဟိုတယ် ၁၇ လုံး၊ အခန်းပေါင်း ၃၆၈ ခန်းအထိ ရှိလာပြီဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်အတွင်း ကုန်သွယ် လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့သည့် လုပ်ငန်းရှင် ၄၇ ဦးတွင် ဟိုတယ်လုပ်ငန်းရှင် ရှစ်ဦးပါဝင်ခဲ့ပါကြောင်း၊ ပြည်နယ်အတွက် အခွန်ငွေများကို အများကြီးထမ်းဆောင်နိုင်ခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လွိုင်ကော်ရုံးကို ကယားပြည်နယ်အစိုးရအဖွဲ့နှင့်‌ ပူးပေါင်းပြီး ကယား ပြည်နယ်အတွင်း ခရီးစဉ်သွားလာမှုလွယ်ကူအဆင်ပြေစေရေး၊ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ထားပြီး ခရီးစဉ်ဒေသများတွင်လိုအပ်လျက်ရှိသည့် Public Toilet များ၊ အမှိုက်စွန့်ပစ်နည်းစနစ်များကို စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လူထုတွေ့ဆုံပွဲများ၊ ကယားပြည်နယ်နေ့အခမ်းအနားများတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြခန်းများပါဝင်ပြသခြင်း၊ ပြည်သူလူထုအား ခရီးသွားလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်မှုထုတ်ကုန်ပြပွဲများမှာ ပြပွဲ၊ ပြိုင်ပွဲ များပြုလုပ်ပေးပြီး ကျေးရွာများတွင် လက်မှုထုတ်ကုန်များ ဆောင်ရွက်နိုင်ရေး၊ အမှတ်တရပစ္စည်း (Souvenir) များ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လွိုင်ကော်နှင့်အင်းလေးကို ဆက်သွယ်ထားသည့်  မိုးဗြဲဆည် လှေသွားလမ်းတံခါးအား အဖွင့်အပိတ်မလုပ်နိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၅ နှစ်ခန့် ကြာရှိခဲ့ပြီးဖြစ်ပါကြောင်း၊  ကယားပြည်နယ်အစိုးရ နှင့် ဟိုတယ်ခရီးသွားညွှန်ကြားမှုဦးစီးဌာန လွိုင်ကော်ရုံးတို့ ပူးပေါင်းပြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသို့ တင်ပြပေးမှုကြောင့် မိုးဗြဲဆည် လှေသွား လမ်းရေတံခါးအား ပြန်လည်ပြုပြင်ခဲ့ရာ ၂၁-၁၁-၂၀၁၇ ရက်နေ့တွင် စတင်ဖွင့်ပိတ် ပြုလုပ်နိုင်ခဲ့ပြီး နံနက် ၉ နာရီတစ်ကြိမ်၊ မွန်းလွဲ ၃ နာရီ တစ်ကြိမ် ဖွင့်လှစ်ပေးပြီး လွိုင်ကော်မှမိုးဗြဲ-ဖယ်ခုံ-အင်းလေးအထိ မော်တော်ခရီးစဉ်များ တိုက်ရိုက်သွားလာနိုင်ပြီး ဘီလူးချောင်းအတွင်း အပျော်စီးစက်လှေများပြေးဆွဲနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နောင်ယားကန်အနီး ညဈေး(Night Market)အား ၁၂-၂-၂၀၁၇ ရက် ပြည်ထောင်စုနေ့တွင် ဖွင်‌့လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ၈၉၇၅ ဦးနှင့် ပြည်တွင်းခရီးသည် ၃၃၄၉၂ ဦး တို့လာရောက်လည်ပတ်ခဲ့ ပါကြောင်း၊ ကယားပြည်နယ် သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ ပေါ်ရှိ ဖရူဆိုမြို့များ အပေါ်မှာသာ သွားလာခွင့်ရှိခဲ့ပါကြောင်း၊ ၅-၁၀-၂၀၁၆ ရက်နေ့တွင် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ(၂)၏ ကယားပြည်နယ် ခရီးစဉ် အတွင်း ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လွိုင်ကော်ရုံးတို့မှ ကယားပြည်နယ်အတွင်း ကန့်သတ်နယ်မြေများ ဖြေလျှော့ပေးရန် တင်ပြမှုကြောင့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါကလော်ဒူကျေးရွာအုပ်စုရှိ ဒေါကလောဒူနှင့်‌ တနီးလာလဲကျေးရွာ၊ ငွေတောင် ကျေးရွာအုပ်စုရှိ ငွေတောင်ကျေးရွာ၊ ပန်ပက်ကျေးရွာအုပ်စုရှိ ပန်ပက်ရွမ်းကူ၊ ပန်ပက်ဆောင်လူး၊ ပန်ပက် ပယ်မဆောင်၊ ပန်ပက်ကတဲကူနှင့် ပန်ပက်ဒေါကီးကျေးရွာများ၊ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာရှိတဲ့ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့မြို့တို့မှ မြို့ပေါ်ရပ်ကွက်များကို ကမ္ဘာလှည့် ခရီးသည်များလည်ပတ်ရန် ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားရာ ၂၈-၁၂-၂၀၁၇ ရက်နေ့မှစပြီး ခွင့်ပြုပေးခဲ့ပါကြောင်း၊ ကယားပြည်နယ်အတွင်း ခရီးသွားကဏ္ဍအတွက် အဟန့်အတားဖြစ်နေသည့် ကန့်‌သတ်နယ်မြေ ကိစ္စများအား ငြိမ်းချမ်းရေးနှင့်နယ်မြေအေးချမ်းမှုအပေါ်မှာမူတည်ပြီးထပ်မံဖြေလျှော့ပေးနိုင် ရန် ပြည်နယ်အစိုးရမှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တို့ကို ညီအစ်မမြို့တော်(Sister Cities)အဖြစ် မြှင့်တင်ပြီး မယ်စဲ့မြို့(BP-13) နယ်စပ် ဝင်ပေါက်မှ ခရီးသည်များဝင်ရောက် လည်ပတ်နိုင်ရေးကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကယားပြည်နယ်သည် ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်သည့် အတွက် (BP-13) နယ်စပ်ဝင်ပေါက်ဖွင့်လှစ်နိုင်မည်ဆိုပါက ထိုင်းနိုင်ငံမှခရီးသည်များ ပိုမိုဝင်ရောက်လည်ပတ်လာနိုင်ကြ ပြီး ဟိုတယ်နှင့်‌ခရီးသွားလာရေးကဏ္ဍ ပိုမိုတိုးတက်ပြီး ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်၍ ဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝ မြှင့်တင်လာရေးအတွက် ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၆-၅-၂၀၁၈ ရက်နေ့တွင် လွိုင်ကော်မြို့မှာ ကျင်းပပြုလုပ်မည့် Kayah State Investment Forum တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များအားဖိတ်ခေါ်ပြီး ခရီးသွားလုပ်ငန်းကဏ္ဍကို ဒုတိယဦးစားပေးအဖြစ် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ခရီးသွားပြခန်းများဖွင်‌့လှစ်ပြသခြင်း၊ စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူများကို ခရီးစဉ်ဒေသအသစ်များသို့ လိုက်ပါပို့ဆောင်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်း ဆောင်ရွက်ချက်များသည် ကယားပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ အရှိန်အဟုန် ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။