(စ)-သန်လျင်-ရန်ကုန် အမှတ်(၁)တံတားပိတ်ဆို့မှုကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရန်အတွက် တံတားတစ်ဖက်ရှိ ကရိန်းကားတစ်စီးစီနှင့် ယာဉ်ထိန်းရဲတစ်ဦးစီကို အဆင်သင့်ထားရှိပြီး ပြည်သူများနေ့စဉ် ကြုံတွေ့နေရ သောအခက်အခဲကိုဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေး

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၅.၅.၂၀၁၈)

သန်လျင်-ရန်ကုန်အမှတ် (၁) တံတားသည် ၁၉၉၃ ခုနှစ်က စတင်တည်ဆောက်ခဲ့သည့် တံတားဖြစ်ပါကြောင်း၊ ထိုတံတားသည် တစ်လမ်းမောင်းဖြစ်ပြီး တစ်စီးသာ သွား၍ရသည့်တံတား ဖြစ်ပါကြောင်း၊ ထိုတံတားကြီးကြောင့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသများ ဖွံ့ဖြိုးခဲ့ခြင်း ဖြစ်သည့်အတွက် သန်လျင်မှာဆိုလျှင် သီလဝါဆိပ်ကမ်း၊ သီလဝါအထူးစီးပွားရေးဇုန်၊ ရေကြောင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်၊ သမဝါယမ တက္ကသိုလ်ဆိုပြီး တက္ကသိုလ်ပေါင်းများစွာနှင့် သန်လျင်ဟာနာမည်ကြီးလာသကဲ့သို့ လမ်းများပိတ်ဆို့မှုများ ဖြစ်ပေါ်လာပါကြောင်း၊ ယခုအခါ ၎င်း တံတားပိတ်ဆို့မှုဖြစ်ရခြင်းမှာ တစ်လမ်းမောင်း ဖြစ်သည့်အတွက် တံတားပေါ်တွင် ကားတစ်စီးပျက်သည်နှင့် နောက်ကားများ အကုန်ပိတ်ဆို့သွားပါကြောင်း၊       ၎င်းကို ယခင်အချိန်က မည်ကဲ့သို့ဖြေရှင်းခဲ့သနည်းဆိုလျှင် အောင်နိုင်သူကုမ္ပဏီက တံတားကို တာဝန်ယူထားသည့် အချိန်က တံတားအောက်တွင် ဆွဲကား၊ ကရိန်းကားအဆင်သင့်စောင့်ပြီး ဖြေရှင်းခဲ့ပါကြောင်း၊ ယခုအခါ တံတားကြေး ကောက်ခံခြင်းမရှိသည့်အတွက် အောင်နိုင်သူကလည်း အစိုးရကို ပြန်အပ်လိုက်သဖြင့် ပြည်သူလူထုက ကျေနပ်သော်လည်း ပြဿနာက ဆွဲကားက အဆင်သင့်မရှိသည့်အခါ တံတားပေါ် ကားပျက်ပြီဆိုသည်နှင့် ဆွဲကားလာသည်အထိ စောင့်ဆိုင်းရသည့် ပြဿနာရှိသည့်တွက် ယခင်ကဲ့သို့ တံတားဟိုဘက်ထိပ်တစ်စီး၊ ဒီဘက်ထိပ် တစ်စီး ဆွဲကားထားပေးမည်ဆိုပါက အဆင်ပြေနိုင်ပါကြောင်း၊ ထို့ကြောင့် ဆွဲကားထားခက ယခင်က ခြောက်သိန်း၊ ယခု ၁၀ သိန်းဆိုလျှင် တစ်လကို သိန်း ၂၀ ခန့်ရှိပါကြောင်း၊ သို့သော် တံတားပိတ်ဆို့သည့် အတွက်ကြောင့် ခံစားရသည့် ပြည်သူလူထု၏ ဒုက္ခနှင့်နှိုင်းယှဉ်လျှင် သိန်း ၂၀ ဆိုသည်မှာ အရေးမကြီးပါကြောင်း၊ ထို့ကြောင့် မိမိဖြစ်စေချင်သည်မှာ နှစ်လမ်းလုတက်နေသည့် နေရာတွင် Rush Hour များကို ရဲကဖွင့်ပေးမည်ဆိုလျှင် မိမိတို့မြို့အတွက် အဆင်ပြေနိုင်ပါကြောင်း၊ နောက်တစ်ခုကStar City ကထွက်သည့်ကားများ၊ Star City ကထွက်သည့်ကားများက ရန်ကုန်ဘက်ကို သွားမယ်ဆိုလျှင် တည့်သွား၍မရသည့်အတွက်ကြောင့် သန်လျင်ဘက်ကိုမောင်း၊ သန်လျင်ဘက်ကိုမောင်းပြီးမှ “ဂ”ကွေ့ပြန်ပေး။ ၎င်းကွေ့သည့်နေရာတွင် အကုန်ပိတ်ဆို့ခြင်း ဖြစ်ပေါ်ပါကြောင်း၊ ပြီးခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေသည့် အချိန်က တံတားပိတ်သွားသည့် အတွက်ကြောင့်မို့ တက္ကသိုလ်ကျောင်းသားများ စာမေးပွဲအချိန် တစ်နာရီခန့် နောက်ကျသွားသည့် ပြဿနာမျိုး ဖြစ်မည်ဆိုပါက အင်မတန်ကြီးမားသည့်ပြဿနာဖြစ်သည့်အတွက် Star City မှ ဖြတ်ထွက်သည့်လမ်းသည် ယခု  Block တုံးများပိတ်ထားသည့်အတွက် ၎င်းကို ဖြုတ်နိုင်မည်ဆိုပါက “ဂ”ကွေ့ ကွေ့၍ပိတ်သည့် ကိစ္စကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားမည် ဖြစ်ပါကြောင်း၊

မိမိတင်ပြခဲ့သလို ကရိန်းကားနှစ်စီး ထားပေးနိုင်ခြင်းရှိ/မရှိနှင့် ရဲအဖွဲ့ကလည်း ယာဉ်ကြောကျပ်သည့် အချိန်တွင် ရှင်းပေးစေခြင်းနှင့် Star City ကပိတ်ထားသည့် Block တုံးများကို ဖြေရှင်းပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်-သန်လျင်အမှတ် (၁) တံတားကို ၃၁-၇-၁၉၉၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အရှည်က ၅၉၇၇ မိုင်ရှည်လျားပြီး တံတားအလယ်ဗဟိုတွင် ရထားလမ်းရှိပြီး ရထားလမ်း၏ဝဲ/ယာတွင် တစ်လမ်းသွားကားလမ်းများရှိသည့် တံတားကြီးဖြစ်ပါကြောင်း၊ တံတားပေါ်တွင်မော်တော်ယာဉ်များ စက်ချို့ယွင်းလျှင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုရှိသည့် တပ်ဖွဲ့ဝင်များသည် ကားလမ်း၏ ယာဘက်တွင်ရှိသည့် ကားပါကင်နေရာသို့ ယာဉ်ကိုရွှေ့ပြီးယာဉ်ကြော ကျပ်တည်းမှုမရှိစေရေး ယာဉ်လမ်းရှင်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် သန်လျင်တံတားအနီး ပုဂ္ဂလိက ကရိန်းဝန်ဆောင်မှု လုပ်ငန်းရှိသည့် ကရိန်းယာဉ်များနှင့် စက်ပျက်သည့်ယာဉ်များကို ဖယ်ရှားပေးလျက်ရှိပါကြောင်း၊ ဖယ်ရှားရန်ကြာမြင့်ပါက ယာဉ်ကြောကျပ်တည်းမှုပိုမိုမဖြစ်လာ စေရေးအတွက်ကိုလည်း ရှုခင်းသာလမ်းမှ နဝရတ်လမ်းသွယ်သို့ ညာဘက်ကို ချိုးကွေ့ပြီး ရတနာလမ်းအတိုင်း ပဲခူးမြစ်လမ်းတွင် သန်လျင်အမှတ် (၂) တံတားကို ဖြတ်သွားပြီး လမ်းလွှဲသွားနိုင်ရေးအတွက်ကိုလည်း ယာဉ်တန်း ရှင်းလင်းဆောင်ရွက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် သန်လျင်မြို့နယ်ဘက်ခြမ်း အမှတ် (၆၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်တစ်ဦးကို မီးတန်းဆိုင်ကယ်ဖြင့် နေ့စဉ်အသင့် ချထားပေးလျက်ရှိပြီး တံတားပေါ် ‌ယာဉ်ကြောကျပ်တည်းမှုရှိလျှင် ကျိုက်ခေါက်ဘုရားလမ်းနှင့် ဗိုလ်ချုပ်နေဝင်းလမ်းဆုံ၊ အောင်သုခမီးပွိုင့်တို့တွင် တာဝန်ချထားသည့် တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ထပ်မံပူးပေါင်းပြီး ယာဉ်တန်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သာကေတမြို့နယ်ဘက်ခြမ်း အမှတ် (၃၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သန်လျင်တံတား အဆင်းမီးပွိုင့်တွင် တပ်ဖွဲ့ဝင်နှစ်ဦးကို နေ့စဉ်တာဝန်ချထား ပေးလျက်ရှိပါကြောင်း၊ တံတားပေါ်တွင် ယာဉ်ကြောကျပ်တည်းမှုရှိပါက တပ်ဖွဲ့ဝင်သုံးဦးမှ မီးတန်းယာဉ်တစ်စီးနှင့် ပူးပေါင်းပြီး ယာဉ်လမ်း ရှင်းလင်းရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အရေးကြီးပုဂ္ဂိုလ်လမ်းကြောင်းများ၊ နိုင်ငံခြားဧည့်သည်တော်များ၊ အခါကြီးရက်ကြီးများ၊ တက္ကသိုလ်ဝင်စာမေးပွဲများ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲများရှိသည့်အခါ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနကနေ ကရိန်းတစ်စီးကို အသင့် ချထားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အဆိုပါ ရန်ကုန်-သန်လျင်အမှတ် (၁) တံတားယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန်အတွက် တံတားအနီးရှိ ပုဂ္ဂလိက ကရိန်းဝန်ဆောင်မှုလုပ်ငန်းမှ ကရိန်းကားများဖြင့် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိပြီး အခါကြီးရက်ကြီးတွေမှာတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ကရိန်းယာဉ်အသင့်ထားရှိပေးလျက်ရှိခြင်း၊ တံတားပေါ် မော်တော် ယာဉ်များ စက်ပျက်ပါက ကရိန်းယာဉ်ဖြင့် ယာဉ်လမ်းရှင်းပေးခြင်းများကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် တံတား၏တစ်ဖက်တစ်ချက်စီတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များကို နေ့စဉ်တာဝန်ချထားပြီး ယာဉ်လမ်းရှင်းလင်းရေးကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။

 

ဦးလွင်ကိုလတ် (သန်လျင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့မှ ယခင်အောင်နိုင်သူကုမ္ပဏီတုန်းက တစ်လကို ခြောက်သိန်းဖြင့် အဆင်သင့်ထားခြင်း၊ ယခု တံတားပေါ်တွင်ပျက်မှ ကရိန်းကားဖုန်းဆက်ပြီးခေါ်ရခြင်းအတွက် ကြန့်ကြာသွားသည့် အချိန်က ကားရာချီပြီးစောင့်ရခြင်း၊ ထို့ကြောင့် မိမိတို့မြို့တွင်ရှိသည့် ပြည်သူများကလည်း အရေးကြီးပုဂ္ဂိုလ်များလည်း ဖြစ်ကြပါကြောင်း၊ ထို့နောက် အောင်နိုင်သူကုမ္ပဏီက နေဖျက်သိမ်းပြီး အစိုးရကိုလွှဲသည့်အချိန်က အောင်နိုင်သူကုမ္ပဏီငှားခဲ့သည့် ကိုထွန်းဝင်းဆိုသည့် လူကခြောက်လ ဆက်လုပ်ပေးသော်လည်း ယခုထိ လခမရရှိခြင်း၊ တံတားအောက်တွင် ကရိန်းကအဆင်သင့် စောင့်ထားခြင်း မရှိသည့်အတွက် ဖြစ်မှဖုန်းဆက်ခေါ်ခြင်းသည် ကားလမ်းပိတ်ဆို့မှုကို ဖြစ်ပေါ်စေပါကြောင်း၊ ထို့ကြောင့် မိမိမေးလိုသည်မှာ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး ရေးဆွဲသည့်  ကော်မတီအစည်းအဝေးတွင် ဟိုဘက်အတွက် ဆွဲကား သိန်း ၁၀၀၀၊ ဒီဘက်အတွက်ဆွဲကား  သိန်း ၁၀၀၀ ဆိုပြီး ဘဏ္ဍာရေးတွင် တင်ထားခြင်းလည်း ရှိသည့်အတွက်ကြောင့် တစ်ဆက်တစ်စပ်တည်း သေချာအောင်ထပ်မေးချင်သည်မှာ ဟိုဘက်တစ်စီး ဒီဘက်တစ်စီးအဆင်သင့်ထား ဖြေရှင်းမှသာလျှင် နေ့စဉ်တွေ့ကြုံသည့် ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည့်အတွက် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် သန်လျင်ဘက်ခြမ်းတွင် ယာဉ်ထိန်း (၈)ဦး၊ သာကေတ ဘက်ခြမ်းတွင် ယာဉ်ထိန်း (၈) ဦးထိ တိုးမြှင့်ထားသည့်ပြင် မိမိတင်ပြခဲ့သလို တံတားအလယ်တွင် ထားရှိရန် ကန့်သတ်ချက်ရှိသည့်အတွက် တံတား၏တစ်ဖက်တစ်ချက်စီတွင် မီးတန်းယာဉ်တစ်စီးနှင့် မီးတန်းဆိုင်ကယ်ပေးထားပါကြောင်း၊ အလယ်တွင်ဖြစ်သည်နှင့် ချက်ချင်းအမြန်ဆုံး သွားရောက် ဖြေရှင်းနိုင်ရန်အတွက် တာဝန်ယူဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယခင်က တံတားခများကို ကောက်ခံခဲ့ခြင်းပေါ်ရရှိသည့် အခွန်အခများမှာ တံတားနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များကို ဆောင်ရွက်ခဲ့သော်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၏ မူဝါဒနှင့်အညီ ပြည်သူ့ထံမှ ကောက်ခံသည့် ငွေကြေးများကို ဖြေလျှော့ရန် အတွက်ဆိုသည့် မူဝါဒနှင့်ဖြေလျှော့ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အလားတူ ကရိန်းလုပ်ငန်းနှင့် ပတ်သက်၍လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွှန်ချက်နှင့် ၎င်းလုပ်ငန်းစဉ်ကို ရပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၎င်း တံတားအပါအဝင် တံတားများ အားလုံးအတွက် စက်ယန္တရားများကို လှည့်လည်ပြီး အရေးပေါ်ဖြစ်သည့် ချိန်ကျမှသာ မိမိတို့ဆီကို တွဲဖက်ပေးသည့်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့များသည် ရရှိသည့်ကရိန်းကားများနှင့် ပေါင်းစပ်ပြီး ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် လက်ရှိတံတားနှစ်စင်း ရှိသည့်အတွက် တံတားပေါ် တစ်စုံတစ်ရာ ရပ်တန့်မှု ဖြစ်သွားခြင်းမျိုး ကျန်သည့်ယာဉ်များကို ယခင်လို အုပ်စုလိုက်ရပ်တန့်မှု မရှိစေရေးအတွက် လမ်းလွှဲသည့်စနစ်ကို မြေပြင်တွင် Survey လုပ်ထားပြီး ဖြစ်ပါကြောင်း၊ ၎င်းလမ်းလွှဲသည့် စနစ်ဖြင့် အမှတ် (၂) တံတားကနေ လှည့်လည်ပြီး သွားလာနိုင်အောင်လည်း ယာဉ်ထိန်းသည့် စနစ်ကို ပြင်ဆင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပေါင်းစပ် ဖြေကြားချက်အရ ကရိန်းကားတစ်ဖက်တစ်စီးစီ ချထားပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားပါသည်။