(ဃ)-ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုမှုတားဆီးပေးရန် နှင့် ကမ်းပါးပြို၍ ဖျက်သိမ်း ထားသော အိမ်ထောင်စုများအတွက် မြေနေရာချထားပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၉.၈.၂၀၁၂)

ပန်းတောင်းမြို့၊ စည်သာရပ်ကွက်မှာ ဧရာဝတီမြစ်ရေဟာ ၂၀၁၂ ခုနှစ်၊ မတ်၊ ဧပြီလမှာ ရေတိုက်စားခဲ့ပါတယ်။ ရေတိုက်စားတဲ့အတွက်ကြောင့်မို့လို့ ပန်းတောင်း-တောင်ငူလမ်းမကြီး မိုင်တိုင် အမှတ် ၁၁/၆ အနီးမှာ ကမ်းပါးပြိုပြီးတော့ ပန်းတောင်း-တောင်ငူလမ်းမကြီးဘေး ပေ ၁၂၀ ခန့် အကွာအထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ အဲ့လို ကမ်းပါးပြိုတဲ့အတွက်ကြောင့်မို့လည်း စည်သာရပ်ကွက် ကလူနေအိမ်ခြေ ၈၀ ခန့် ဖျက်သိမ်းပြီးတော့ ထားရတဲ့အနေအထားမှာ ရှိပါတယ်။ ဆက်လက်ပြီးတော့ ရေတိုက်စားပါက လမ်းမကြီးနှင်‌့ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းပိုင် စည်သာတံတားပါ ပျက်စီးနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူများက တင်ပြချက်အရ ရေကြောင်းပြောင်းလဲ တိုက်စားမှုကို ထိန်းသိမ်းကာကွယ်ပေးစေလိုတဲ့ ဆန္ဒရှိပါတယ်။ နောက် ဖျက်သိမ်းထားရတဲ့အိမ်များ အတွက်လည်း မြေနေရာချထားပေးစေလိုတဲ့ ဆန္ဒများရှိ၍ တင်ပြလာခြင်း ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော့်အနေဖြင့် မေးမြန်းလိုသောမေးခွန်းမှာ (က) အဆိုပါနေရာအား ကမ်းပြိုမှုတားဆီးပေးရန် အစီအစဉ် ရှိ၊ မရှိ (ခ) ကမ်းပါးပြို၍ ဖျက်သိမ်းထားရသော အိမ်ထောင်စုများအတွက် မြေနေရာချထား ပေးရန်အစီအစဉ်ရှိ၊မရှိ ဖြေကြားပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်စိန်
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်မှာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ဖွဲ့စည်းထားရှိပါသည်။ ဒီဦးစီးဌာန၏ အဓိကတာဝန်ကတော့ နိုင်ငံတော်နှင့် ပုဂ္ဂလိကပိုင်သ‌င်္ဘောများသွားလာတဲ့ မြစ်ချောင်းများအတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ရေကြောင်းလမ်းပြခြင်း၊ ဘေးအန္တရာယ်ရှိသည့် သဲသောင်များတူးဖော်ပေးခြင်း၊ မြစ်တွင်းအတားအဆီးများ ဖယ်ရှားပေးခြင်း များစတဲ့ မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်ဖြစ်ပါတယ်။ ဧရာဝတီမြစ် ကြောင်းတစ်လျှောက်မှာ ဗန်းမော်ကနေ ရန်ကုန်အထိ ၄၆ နေရာ၊ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ခန္တီးကနေ မုံရွာအထိ ၃၇ နေရာ၊ နွေမိုးဆောင်းသင်္ဘောများသွားလာနိုင်ရေးအတွက် ရန်ပုံငွေသတ်မှတ် ပြီး နှစ်စဉ်ပုံမှန်မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ မြစ်ကမ်းနားရှိ မြို့ရွာများ ကမ်းပြိုမှုမှကာကွယ်ရေးအတွက် ပြုပြင်ထိန်းသိမ်းရန် ရန်ပုံငွေသတ်မှတ်ထားခြင်းမရှိပါဘူး။ သို့ဖြစ်ပါ၍ မြစ်ကမ်းနားအနီးမြို့ရွာများ ရေတိုက်စားကမ်းပြိုမှု ဖြစ်ပေါ်ပါက သက်ဆိုင်ရာရပ်ကွက် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများကတစ်ဆင့် ပြည်နယ်၊တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ အမြန်ဆုံး တင်ပြသတင်းပို့ရမည်ဖြစ်ပါသည်။ ပြည်နယ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့များက မြစ်ကမ်းပြိုမှုဖြစ်ပွားတဲ့ နေရာသို့ တာဝန်ရှိသူများအား အမြန်ဆုံးသွားရောက်စစ်ဆေးစေပြီး အရေးပေါ်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းသည် ထုထည်ပမာဏ ကြီးမားပါက ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများဖြင့် ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်မည့် လိုအပ်သည့် အစီအမံ၊ ဒီဇိုင်းနှင့်ကုန်ကျစရိတ်များကို အသေးစိတ်တွက်ချက်ပြီးတော့ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြလျက်ရှိပါတယ်။ နိုင်ငံတော်သမ္မတရုံးက လိုအပ်ချက်အပေါ်မူတည်၍ ရန်ပုံငွေခွင့်ပြုသတ်မှတ်ပေးပြီး တိုင်းဒေသကြီးအစိုးရနှင့် ရေအရင်း အမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျွမ်းကျင်သူများပူးပေါင်းပြီး မြစ်ကမ်း ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ဦးစွာပထမရှင်းလင်းတင်ပြအပ်ပါတယ်။

          ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းမှ ပန်းတောင်းမြို့ စည်သာရပ်ကွက် ဧရာဝတီမြစ်ရေတိုက်စားမှုမှ ပန်းတောင်း-တောင်ကုတ်လမ်းမကြီး မိုင်တိုင် ၁၁/၆ အနီး လမ်းမကြီးဘေး ၁၂၀ ပေခန့်အကွာအထိ ရောက်ရှိနေပြီး စည်သာတံတားပါ ပျက်စီးနိုင်သည့်အတွက် အဆိုပါနေရာအား ကမ်းပါးပြိုမှုမှ တားဆီးပေးရန်အစီအစဉ်ရှိ၊မရှိ မေးမြန်း ချက်နှင့်ပတ်သက်၍ ပန်းတောင်းမြို့ စည်သာရပ်ကွက်ရှိ စည်သာတံတားသည် ပန်းတောင်း-ဥသျှစ်ပင်-တောင်ကုတ်လမ်းမကြီးပေါ်တွင် တည်ရှိပြီး ဧရာဝတီမြစ်အတွင်း စီးဝင်သော ဒီးဒုတ်ချောင်းအား ဖြတ်၍ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ကမ်းပြိုမှုဖြစ်ပေါ်သောနေရာသည် ဧရာဝတီမြစ်၏ မြစ်ကွေးအပြင်ဘက်ခြမ်းတွင် ကျရောက်နေခြင်း၊ အုတ်ဖိုအနောက်ပြင်ရှေ့ရှိ သောင်စွယ်များကြောင့် ရေနက်စီးကြောင်းသည် စည်သာရွာအနီး မြေပါးများဖြစ်ခြင်းနှင့် ကမ်းပါးမြေသားအတွင်းရှိ အောင်းရေများစိမ့်ထွက်ခြင်း၊ Seepage တို့ကြောင့် ကမ်းပြိုမှုများဖြစ်ပေါ်ရကြောင်း တွေ့ရှိရပါ တယ်။ အဆိုပါကမ်းပြိုမှုအား ကာကွယ်နိုင်ရန်အတွက် မြစ်ရေကျဆင်းချိန် ပွင့်လင်းရာသီတွင် အသေး စိတ်တိုင်းတာပြီး ဆောင်ရွက်သင်‌့သောအစီအမံများအား တွက်ချက်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီးအစိုးရသို့ တင်ပြသွားမှာဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းမေးမြန်းထားသည့် ပန်းတောင်းမြို့ စည်သာရပ်ကွက်တွင် မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုမှုအား တားဆီးပေးရန်ကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသည့် ရပ်ကွက် မြို့နယ်အုပ်ချုပ်ရေးမှူးများက တိုင်းဒေသကြီးအစိုးရသို့တင်ပြပြီး တိုင်းဒေသကြီးအစိုးရက နိုင်ငံတော် သမ္မတရုံးသို့ ဆက်လက်တင်ပြပြီးတော့ အထူးခွင်‌့ပြုချက်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားရန်ဖြစ်ပါတယ်။ အိမ်တွေရွှေ့ပြောင်းပေးမှုနှင့်ပတ်သက်လို့ကတော့ ပို့ဆောင်ရေးဝန်ကြီးဌာနှင့် သက်ဆိုင်မှုမရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။