(ဂ)-အင်းလေးဒေသ သွားလာမှု လွယ်ကူစေရန် ချောင်းများတူးဖော်ပေးခြင်း၊ လမ်းများ ဖော်ထုတ် တည်ဆောက်ပေးခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၉.၈.၂၀၁၂)

ညောင်ရွှေမြို့နယ် အင်းလေး ဒေသသည် ရှမ်းကုန်းမြေမြင့်ဒေသတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပါတယ်။ ပယ်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၂၉၀၀ ကျော်အမြင့်တွင် တည်ရှိပါတယ်။ ရှမ်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့  တောင်ကြီးမြို့သည် ၄၇၁၂ ပေမြင့် တောင်ကြီးခရိုင်အတွင်းမှာပါဝင်ပြီး ကမ္ဘာမှာ ထင်ရှားတဲ့ ဝိ‌သေသတစ်ခုလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကာလများမှာ အင်းလေး ရေပြင်အကျယ်ဟာ အလျား ၁၄ မိုင် အနံ ၇ မိုင်ရှိကာ သဘာဝ စိမ်းလန်းသောသစ်တောများဖြင့် အလွန်ပင် သာယာကြည်နူး ဖွယ်ကောင်းသော ဒေသတစ်ခု ဖြစ်ခဲ့ပါတယ်။ ယခုအခါတွင်မူ လူဦးရေ ထူထပ်ပြီး သဲ၊ နုန်းမြေများ ပို့ချခြင်း၊ သဘာဝရာသီဥတု ပြောင်းလဲလာမှုများကြောင့် အင်းလေးရေပြင် ဟာကျဉ်းမြောင်းလာခဲ့ပါတယ်။ နွေရာသီကာလများမှာပင် လောင်းလှေကလေးဖြင့် တစ်ရွာလုံး လှော်ခတ်သွားလာခဲ့ရသော ရွာကလေးများမှာ ယခုအခါ ခြေကျင်နှင့်တစ်မျိုး၊ စက်ဘီးနဲ့ တသွယ်၊ ဆိုင်ကယ်နဲ့တဖုံ သွားလာနေကြရပါတယ်။ သို့သော်လည်း အင်းလေးဒေသရှိ အချို့ကျေးရွာဒေသ များရဲ့ အခြေအနေမှာ စက်လှေ၊ မော်တော်ဘုတ်စသည်များဖြင့် ဈေး၊ ကျောင်းများသို့ သွားလာရန် မလွယ်ကူပါ။ စက်ဘီး၊ ဆိုင်ကယ် စသည်ဖြင့်လည်း သွားလာ၍  မရဖြစ်နေပါတယ်။ သို့ပါ၍ အင်းလေး ဒေသရှိ မန်းတောက်ဈေး၊ ခေါင်တိုင်ဈေး၊ ခေါင်တိုင်ရေပူ၊ ပန်းထောင်ဈေး၊ အင်းတိုင်ဈေး၊ နန့်ပန် ဈေးကဲ့သို့ ဈေးဝင်လမ်းများ၊ ချောင်းများ၊ ကျေးစား၊ မင်းချောင်း၊ သပြေပင်၊ သလဲဦး၊ ဟဲယာရွာမ၊ အင်းပေါခုံ၊ တာလေးအစရှိသော အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းရှိရာ ဒေသသို့ အနီးအနားကျေးရွာများမှ စက်ဘီးဖြင့်တစ်မျိုး၊ လှေများဖြင့်တသွယ် ကျောင်းသူ ကျောင်းသားများ ပညာသင်ကြားရေးအတွက် သွားလာမှုလွယ်ကူစေရန် ဆည်မြောင်းဌာနများမှ ချောင်းများတူးဖော် ပေးခြင်း၊ စက်ဘီး၊ ဆိုင်ကယ်လမ်းများ ဖော်ထုတ်တည်ဆောက်ပေးခြင်း အစီအစဉ်ဆောင်ရွက်ပေး နိုင်ရန်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ဖော်ထုတ်ပေးမည်နည်း။ အစီအစဉ်မရှိဘူးဆိုပါက မည်သည့်အတွက်ကြောင့် မဖြစ်နိုင်သည်ကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာနမှ အင်းလေးကန် စိမ်းလန်းစိုပြည်ရေးနှင့် ရေရှည်တည်တံ့ရေးစီမံကိန်း၏ စူးစမ်းလေ့လာတိုင်းတာခြင်း၊ နုန်းထိန်းတမံနှင့် နုန်းဖမ်းဆည်များ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ ကန်အတွင်းသဲနုန်း တူးဖော်ခြင်း၊ ရေလမ်း ကြောင်းများ တူးဖော်ခြင်း၊ ရေလမ်းတစ်လျှောက် ရေလမ်းအမှတ်အသားနှင့် နယ်နိမိတ်မှတ်တိုင်များ ပြုလုပ်ခြင်းနှင့် ကျွန်းမျောများ၊ ရေမှော်များ၊ ဗေဒါများ၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း စသည့် လုပ်ငန်းများကို စက်ယန္တရားအင်အား ၁၅ စီးဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းထားတဲ့ ရေလမ်းသွားလာမှု လွယ်ကူစေရန်အတွက် ချောင်းများ တူးဖော်ပေးနိုင်ပါရန်နှင့်ပတ်သက်၍ လက်ရှိအခြေအနေတွင် ဟဲယာရွာမ အထက်တန်းကျောင်း၊ အင်းပေါခုံကျေးရွာ အထက်တန်းကျောင်း၊ နန့်ပန်ပြည်သူ့ဆေးရုံအဝင် ရေလမ်းကြောင်းများနှင့် ငါးဖယ်ချောင်း၊ နန့်ကတ်ချောင်းတို့တွင် ရေလမ်းကြောင်း လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေး အတွက် ဆည်မြောင်းဦးစီးဌာနမှ သောင်တူးစက် ၂ စီး၊ မြေတူးစက် ၁ စီး တို့ဖြင့် တူးဖော်လျက်ရှိ ပါတယ်ခင်ဗျား။ ဆည်မြောင်းဦးစီးဌာနအနေဖြင့် အင်းလေးကန်အတွင်း သွားလာမှုလွယ်ကူ အဆင်ပြေ စေရန်အတွက် ရေလမ်းကြောင်းတူးဖော်ခြင်းကို အဓိကဆောင်ရွက်လျက်ရှိပြီး အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများ ထိန်းသိမ်းခြင်း စီမံကိန်းတွင် သစ်တော ဦးစီးဌာနမှ ဦးဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ မြေစာရင်းဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဒေသအတွင်းရှိ ဌာနဆိုင်ရာများမှ ကော်မတီဝင်များအဖြစ် ကဏ္ဍ အလိုက်ပါဝင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အင်လေးကန်အတွင်း ရေလမ်းကြောင်းများတူးဖော်ခြင်း၊ ရေနုတ်မြောင်းများ၊ ချောင်းများကို စဉ်ဆက် မပြတ် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသဖြင့် ဟဲယာရွာမ အထက်တန်း ကျောင်း၊ အင်းပေါခုံအထက်တန်းကျောင်းနှင့် နန်းပန်ပြည်သူ့ဆေးရုံ အဝင်လမ်းကြောင်းတို့တွင် ရေလမ်းသွားလာမှု လွယ်ကူချောမွေ့လျက်ရှိပြီဖြစ်သဖြင့် စက်ဘီး၊ ဆိုင်ကယ်လမ်းများ သီးသန့် ဖော်ထုတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။