(ခ)-ရေငံတား တာပတ်ရာမှ စိုက်ပျိုးနိုင်သော မြေသစ်များကို ပြန်လည်ခွဲဝေပေးနိုင်ရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၉.၈.၂၀၁၂)

ကျွန်တော်က တောင်သူလယ်သမားများအကျိုးအတွက် မေးမြန်းမှာ ဖြစ်ပါတယ်။ ပင်လယ် ကမ်းရိုးတန်းဒေသအချို့မှာ ပင်လယ်တိမ်ကောသွားသဖြင့် ပေါ်ထွက်လာသော မြေသစ်များကို ရေငန်တားတာပတ်ပေးသဖြင့် လယ်မြေများ ဧကသောင်းချီ၍ ပေါ်ပေါက်လာခဲ့ပြီး စိုက်ပျိုးနိုင်သော မြေသစ်များကို ခွဲဝေချထားပေးခြင်းခံရသူများသည် ချထားပေးသော မြေဧကပြည့် တာဝန်ယူစိုက်ပျိုးမှု မရှိသဖြင့် တိုင်းပြည်အတွက် အကျိုးမဲ့ဖြစ်စေသလို ဒေသခံလယ်မဲ့ယာမဲ့များအတွက်လည်း ရသင့် ရထိုက်သော အခွင့်အရေးများ နစ်နာခဲ့ရသဖြင့် အထက်ပါဖြစ်စဉ်များကို ပြန်လည် စိစစ်သုံးသပ်၍ ဒေသခံလယ်မဲ့ယာမဲ့များအား သင့်လျော်သလို မြေယာများကို ပြန်လည်ခွဲဝေပေးသင့်ကြောင်း အဆိုပါ ရေငန်တားတာပတ်ရာမှ ထွက်ပေါ်လာသည့်စိုက်ပျိုးနိုင်သော မြေသစ်များကို ဒေသခံလယ်မဲ့ယာမဲ့ များအား ပြန်လည်ခွဲဝေပေးနိုင်ရန်အတွက် လုပ်ဆောင်ရန် အစီအစဉ်ရှိ၊ မရှိ သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းတွင် ပင်လယ်ကမ်းရိုးတန်းဒေသအချို့၌ ရေငန်တားတာပတ်ရာမှ ထွက်ပေါ် လာသော စိုက်ပျိုးနိုင်သည့်မြေသစ်များကို ဒေသခံ လယ်မဲ့ယာမဲ့များအား ပြန်လည်ခွဲဝေပေးနိုင်ရန် အတွက် လုပ်ဆောင်ပေးရန်အစီအစဉ်ရှိ၊ မရှိသိလိုကြောင်းဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။  ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေ ဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေတို့ကို နိုင်ငံတော်သမ္မတက           ၃၀-၃-၂၀၁၂ ရက်စွဲဖြင့် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ လယ်ယာမြေဥပဒေအခန်း(၂) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုခြင်း၊ ပုဒ်မ ၇ တွင် ဤဥပဒေအာဏာတည်ပြီးနောက် လယ်ယာမြေ လုပ်ကိုင်ခွင့် ပြန်လည်သိမ်းယူသော လယ်ယာမြေနှင့် နိုင်ငံတော်က အခါအားလျော်စွာ ဖော်ထုတ်သော လယ်ယာမြေများနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်ချက်များနှင့် အညီ စိစစ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ်ထုတ်ပေး၍ စိုက်ပျိုးလုပ်ကိုင်အသုံးပြုခွင့် ပေးရန် ထည့်သွင်းပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါတယ်။ အဆိုပါ လယ်ယာမြေဥပဒေ ပြဋ္ဌာန်းချက်များကို လက်တွေ့လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် လယ်ယာမြေနည်းဥပဒေများကို ရေးဆွဲပြုစုဆောင်ရွက် လျက်ရှိရာ မကြာမီ ထုတ်ပြန်နိုင်တော့မှာ ဖြစ်ပါတယ်။ ပြုစုရေးဆွဲလျက်ရှိသည့် လယ်ယာမြေနည်း ဥပဒေများ မူကြမ်းတွင် အထက်ပါလယ်ယာမြေဥပဒေပုဒ်မ ၇ ပြဋ္ဌာန်းချက်မှာ ဖော်ပြပါရှိတဲ့ နိုင်ငံတော် က အခါအားလျော်စွာ အသစ်ဖော်ထုတ်သော လယ်ယာမြေများနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် ညီညွတ်သည့်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအနေဖြင့် လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိရန် လျှောက်ထား နိုင်ကြောင်း ယင်းသို့ လျှောက်ထားရာတွင် လူပုဂ္ဂိုလ်ဖြစ်ပါက လယ်မဲ့ယာမဲ့ အရင်းအနှီးချို့တဲ့သည့် လယ်ယာလုပ်သားများ၊ လယ်ယာမြေချို့တဲ့သူများ၊ တိုးချဲ့လုပ်ကိုင်နိုင်စွမ်းရှိသူများအား ဦးစားပေးစိစစ် ခွင့်ပြုသွားရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး ခေတ်မီစက်မှုလယ်ယာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်၍ လယ်ယာမြေတွင် အမှန်တကယ် စိုက်ပျိုးနိုင်သည့် အခြေ အနေရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သော အဖွဲ့အစည်းများကိုလည်း ပေါ်ထွက် လာသည့် မြေအခြေအနေအရ စိစစ်ခွင့်ပြုဆောင်ရွက်ပေးသွားရန် နည်းဥပဒေများတွင် အသေးစိတ် ထည့်သွင်းထားရှိပြီး ဖြစ်ပါတယ်။ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ အခန်း(၃) တွင်လည်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုရန်ကိစ္စနှင့်စပ်လျဉ်းပြီး အသေးစိတ်ပြဋ္ဌာန်းထားရှိပါတယ်။ ယင်းဥပဒေ အခန်း(၄) မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း များလုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်နှင့်စပ်လျဉ်း၍သတ်မှတ်ချက်များ၊ ပုဒ်မ ၁၀ ပုဒ်မခွဲ(က) ပုဒ်ခွဲငယ် ၄ တွင် ကျေးလက်ဒေသတောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ကိုင်လို သူများအတွက် ၅၀ ဧကထက်မပိုသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို သက်ဆိုင်ရာ ဒေသ အဖွဲ့အစည်းတစ်ခုခုက ခွင့်ပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါတယ်။ အဆိုပါ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၄) ပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ကျေးလက်ဒေသတွင် အခြေချနေထိုင်သော တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် သတ်မှတ်ချက်များနှင့်အညီစိစစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ သဘော တူညီချက်ရယူ၍ တိုင်းဒေသကြီး၊ ပြည်နယ်လုပ်ငန်းအဖွဲ့က ခွင့်ပြုချထားပေးရန် နည်းဥပဒေများတွင် ထည့်သွင်း ရေးဆွဲထားပြီး ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသည့် ရေငန်တား တာပတ်ရာမှ ထွက်ပေါ်လာသော စိုက်ပျိုးနိုင်သောမြေသစ်များအား လုပ်ကိုင်ခွင့်ချထားပေးခြင်းနှင့် စပ်လျဉ်းပြီး လယ်ယာမြေဥပဒေအရ နိုင်ငံတော်က အခါအားလျော်စွာ ဖော်ထုတ်ချထားသော လယ်ယာမြေဖြစ်သော်လည်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေအရ ကျေးလက် ဒေသတွင် နေထိုင်လျက်ရှိကြသည့် တောင်သူလယ်သမားမိသားစုများ တစ်နိုင်တစ်ပိုင်စိုက်ပျိုး လုပ်ကိုင်အသုံးပြုခွင့် ရရှိရေးအတွက်သော်လည်းကောင်း ထည့်သွင်းပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါတယ်။ ယင်းဥပဒေများအရ လက်တွေ့လိုက်နာကျင့်သုံးဆောင်ရွက်မည့် နည်းဥပဒေများတွင်လည်း အသေးစိတ်ထည့်သွင်းရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၆၁ အရ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် များ ဖွဲ့စည်းထားပြီး ယင်းဥပဒေပုဒ်မ ၂၄၈ အရ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်တဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့အစည်းများကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဒေသအတွင်း ပေါ်ပေါက်လာသည့်ကိစ္စရပ်များ အား အောက်ခြေမြေပြင်ပကတိ အခြေအနေမှန်အတိုင်း ဥပဒေနှင့်အညီ တိုက်ရိုက်ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်ပေးနိုင်ကြမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ မေးမြန်းထား သည့် ရေငန်တားတာပတ်ရာမှ ပေါ်ထွက်လာသော စိုက်ပျိုးနိုင်သည်‌့မြေသစ်များကို ဒေသခံလယ်မဲ့ ယာမဲ့များအား ပြန်လည်ခွဲဝေပေးနိုင်ရန် ကိစ္စနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာနယ်မြေဒေသအလိုက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲကြီးကြပ်မှုဖြင့် သက်ဆိုင်သည့်လယ်မြေစီမံခန့်ခွဲမှု အဖွဲ့များအနေဖြင့် အတည်ပြုပြဋ္ဌာန်းထုတ်ပြန်ထားပြီးဖြစ်သည်‌့ လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် ပေါ်ပေါက်လာမည့် နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။