ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဌာနကြီး ၅ ခု အနက်မှ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV နှင့် နိုင်ငံခြားသတင်းဌာန များရဲ့ပူးပေါင်းဆောင်ရွက်မှုစာချုပ်များအကြောင်းနှင့်တကွ MRTV မှာ Channal အသစ်တစ်ခု ထုတ်လွှင့်ပေးရန်ကိစ္စတို့ကို မေးမြန်းမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ MRTV ဟာ နိုင်ငံတကာ သတင်းဌာနများနှင့်ပူးပေါင်းဆက်သွယ်ပြီး အပြန်အလှန်သတင်းဖလှယ်ရေးနှင့် ပူးပေါင်းရေးအတွက် အောက်ပါသတင်းဌာနများနှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ CCTV၊ ဂျပန်နိုင်ငံမှ NHK ၊ ပြင်သစ်နိုင်ငံမှ CSI၊ ကိုရီးယားနိုင်ငံမှ ဒရော့်ကာ Fuondation မလေးရှားနိုင်ငံမှ အသံလွှင့်ဌာန၊ နောက်တစ်ခါ ယူနန်ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန၊ နောက်တစ်ခါ မဲခေါင်ဒေသတွင်း ၆ နိုင်ငံနှင့် Documentary Series အသံလွှင့်တဲ့ကိစ္စ၊ နောက်ဂျာမနီနိုင်ငံက DW ထုတ်လွှင့်နေတဲ့ ရုပ်သံအစီအစဉ်များကို ဂြိုလ်တုမှတစ်ဆင့် ဖမ်းယူပြီးတော့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ပြန်လည်ထုတ်လွှင့်ခွင့် သဘောတူညီချက်မူကြမ်း၊ နောက်တစ်ခါ CCTV-9 အစီအစဉ်များကို မြန်မာနိုင်ငံမှာ အခမဲ့ပြသခွင့်သဘောတူစာချုပ်များချုပ်ဆိုပြီးတော့ ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။ ဖော်ပြပါဆောင်ရွက်လျက်ရှိသော စာချုပ်များဟာ ယခုအခါ နိုင်ငံအလိုက် မည်မျှအကောင်အထည်ဖော်ဆောင်ရွက်အောင်မြင်လျက်ရှိသော အခြေအနေများကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ မြန်မာနိုင်ငံမှာ MRTV, MRTV-4၊ မြဝတီစတဲ့ရုပ်သံလိုင်းများအပြင် Myanmar International, 5-Movies, Sky Net စတဲ့ ရုပ်သံလိုင်းများဟာ ပြည်သူတို့ကို ပညာပေးခြင်း၊ ဖျော်ဖြေပေးခြင်း၊ အားကစားကဏ္ဍများ ထုတ်လွင့် ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာများ၊ ကျောင်းသင်ခန်းစာများ၊ ဘာသာရေးများ၊ ဗဟုသုတများ စသည်ဖြင့် ကဏ္ဍစုံအောင် ထုတ်လွှင့်ပြသနေသဖြင့် ကျွန်တော်တို့ ပြည်သူများအနေဖြင့် အတော်အတန်ပြည့်စုံစွာ ကြည့်ရှုနိုင်ကြပြီလို့ ဆိုနိုင်ပါတယ်။ သို့သော် မြန်မာနိုင်ငံရဲ့ ရိုးရာဓလေ့များ၊ ထုံးတမ်းအစဉ်အလာများ၊ အနုပညာများကို ပြသပေးခြင်းကဏ္ဍမှာတော့ အားနည်းနေသေးကြောင်း တွေ့ရှိရပါတယ်။ သို့ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာနေထိုင်ကြသော ဗမာအပါအဝင် တိုင်းရင်းသားပေါင်းစုံတို့၏ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့စရိုက်တို့ကို ဖော်ညွန်းပြသပေးရန်အတွက် MRTV မှ Channel လိုင်းတစ်ခု တိုးချဲ့ထုတ်လွှင့်ပေးရန် လိုအပ်နေပါပြီ။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် များဖြစ်တဲ့ သရေခေတ္တရာမှ ယဉ်ကျေးမှုများ၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင်းခေတ်နှောင်းပိုင်းမှ ယဉ်ကျေးမှုများ၊ ရခိုင်ဒေသ၊ ထားဝယ်ဒေသယဉ်ကျေးမှုများ၊ အမွေအနှစ်များ၊ နောက်တစ်ခါ မြန်မာတို့ရဲ့ပန်းဆယ်မျိုးလို့ခေါ်တဲ့ ပန်းချီ၊ ပန်းပု၊ ပန်းတိမ်၊ ပန်းဘဲ၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့စတဲ့ မြန်မာ့ရိုးရာများအပြင် ရွှေချီထိုး၊ ငွေချီထိုးလုပ်ငန်းများ၊ ယွန်းထည်လုပ်ငန်းများ စသည်ဖြင့် အများအပြားတင်ပြစရာတွေများလှပါတယ်။ ဒါ့အပြင် ရှေးဟောင်း ကဇာတ်များဖြစ်တဲ့ နန်းတွင်းအီနောင်ကဇာတ်ကြီးများ၊ အိမ်းနီးချင်းနိုင်ငံများနှင့် ယဉ်ကျေးမှု ဆက်စပ် နေတဲ့ ရာမ၊ လက္ခဏာ၊ သီတာဒေဝီ၊ ဒဿဂီရိ စတဲ့ ဇာတ်ဆောင်များပါဝင်တဲ့ ရာမာရဏ ဇာတ်တော်ကြီးများ၊ ခံ့ညားထည်ဝါပြီး ဂုဏ်ယူစရာကောင်းလှသည့် မြန်မာ့ဆိုင်းဝိုင်းကြီးရဲ့ ဖျော်ဖြေခန်း များ၊ ရှေးခေတ်မြေဝိုင်းအကများမှ ယနေ့အထိကပြနေသော ဇာတ်သဘင်များရဲ့ဖျော်ဖြေမှုများ၊ မြန်မာ့ အငြိမ့်သဘင်ဖျော်ဖြေခန်းများ၊ ရုပ်သေးအကဖျော်ဖြေမှုများ၊ မြန်မာတို့ရဲ့ ယဉ်ကျေးမှုများဖြစ်တဲ့ နားသမင်္ဂလာ၊ ရှင်ပြုမင်္ဂလာ၊ လက်ထပ်မင်္ဂလာစတဲ့ ဖျော်ဖြေမှုများအပြင် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအို့ဝ်၊ဓနု၊ ပလောင်၊ ဝ၊ နာဂစတဲ့ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ ထုံးတမ်းယဉ်ကျေးမှုများရဲ့အကများကို ထုတ်လွှင့်သွားဖို့ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ခရီးသွားလုပ်ငန်း အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလွန်များပြားလှတဲ့ မြန်မာ့ရှုခင်း၊ ရှုကွက်၊ အလှအပများ၊ မြန်မာတို့ရဲ့ကမ္ဘာကျော်တွင်းထွက်ရတနာများ၊ အဖိုးတန်သစ်တောကြီးများနှင့် မြန်မာ့ကျွန်းသစ်စတဲ့ ပြကွင်း၊ ပြကွက်များ ပြသပေးရန်အတွက် TV-Channel တစ်ခုအမှန်လိုအပ်နေပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုထုတ်လွှင့်ပြသနေသော Myanmar International Channel လိုင်း အနေနဲ့လည်း နိုင်ငံတကာသို့ ဌာနပေါင်းစုံမှ ထုတ်လွှင့်ပြသနေသော်လည်းပဲ ကျွန်တော်တို့ မြန်မာ့ ယဉ်ကျေးမှုအနုပညာများကို စုံလင်စွာပြသနိုင်ခြင်း မရှိသေးပါ။
ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့နိုင်ငံခြားခရီးသည် ဝင်ရောက်မှုမှာ တိုးတက်များပြားလာနေကြောင်းလည်း သိရှိရပါတယ်။ ၂၀၁၃ ခုနှစ်၊ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံ ၁၀ နိုင်ငံအစည်းအဝေးကြီးများ ကျင်းပမည်ဖြစ်ရာ ပြည်ပမှခရီးသည်များ ယခုထက်ပိုမိုများပြားလာမည်မှာ သေချာလှပါတယ်။ အဲဒီခရီးသည်များအတွက် ဟိုတယ် ဧည့်ကြိုခန်းအတွင်းသို့ ဝင်ချိန်မှာလည်းကောင်း၊ ဟိုတယ်အိပ်ခန်းအတွင်းသို့ ဝင်ချိန်မှာ လည်းကောင်း၊ မြန်မာတို့ရဲ့ ရိုးရာဓလေ့စရိုက် အနုပညာများကို ပြသနေတဲ့ TV-Channel အသစ်က ဂုဏ်ယူစွာနဲ့ကြိုဆိုနေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ခြုံ၍တင်ပြရရင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံး၏ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်း၊ နန်းတော်များ၊ နန်းတော်ရာများ၊ မြို့ရိုးများအပါအဝင် ဗမာလူမျိုးတို့ရဲ့ ဓလေ့ထုံးစံအနုပညာများ အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းအနုပညာများကို တင်ဆက်ပြသမည့် TV-Channel လိုင်းတစ်ခု အမှန်တကယ်လိုအပ်နေပါကြောင်း တင်ပြအပ်ပါတယ်။ သို့ပါ၍ သက်ဆိုင်ရာဌာနအနေဖြင့် TV-Channel လိုင်းအသစ်တစ်ခုကို အမျိုးသားရေးဖော်ဆောင်မှုအရ လည်းကောင်း၊ ခေတ်စနစ်၏လိုအပ်ချက်အရလည်းကောင်း ထုတ်လွှင့်ပေးပါရန်အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
အဓိကအားဖြင့် အချက် ၃ ချက် မေးမြန်းသွားတာကို တွေ့ရပါတယ်။ အဲဒီအချက် ၃ ချက်ကတော့ (၁) မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် နိုင်ငံတကာသတင်းဌာနများနှင့် ချုပ်ဆိုထားသော စာချုပ်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်အောင်မြင်လျက်ရှိသော အခြေအနေ (၂) ဝန်ကြီးဌာနအနေ ဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဓလေ့စရိုက်များအတွက် သီးခြား TV-Channel တစ်ခု ထုတ်လွှင့် ပေးရန် အစီအစဉ်ရှိ၊မရှိ (၃) ကိုယ့်အားကိုယ်ကိုးတည်ထောင်ဖွင့်လှစ်ထားသော စာကြည့်တိုက်များ၏ အဆောက်အဦပြင်ဆင်တိုးချဲ့ခြင်း၊ ပရိဘောဂနှင့် စာအုပ်များဖြည့်ဆည်းခြင်းတို့အတွက် မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းမှ ကူညီပေးရန်အစီအစဉ်ရှိ၊မရှိ စသည့်အချက် ၃ ချက်ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းရဲ့ မေးမြန်းချက်မှ ပထမအချက်ဖြစ်တဲ့ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား MRTV နှင့် နိုင်ငံခြားသတင်းဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက် ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် နိုင်ငံခြားသတင်းဌာန ၁၀ ခုနှင့် စာချုပ်များရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ ရေးထိုးရာမှာ အောက်ပါအဓိကအချက် ၃ ချက် ပါဝင်ပါတယ်။ (၁) ရုပ်သံလွှင့်ဌာန တစ်ခုနှင့်တစ်ခုအကြား သတင်းဖလှယ်ရေး ဆောင်ရွက်နိုင်ရန် (၂) ရုပ်သံနှင့် အဖွဲ့အစည်းတစ်ခုမှ သတင်းထုတ်လုပ်သူ အယ်ဒီတာများ၊ အစီအစဉ်ကြီးကြပ်သူများအား အခြားရုပ်သံလွှင့်အဖွဲ့အစည်းသို့ အပြန်အလှန်သွားရောက်လေ့လာစေခြင်း၊ သင်တန်းများဖွင့်လှစ်တက်ရောက်စေခြင်းဖြင့် နှစ်ဖက် အဖွဲ့အစည်းများအကြား ဆက်ဆံရေးတိုးမြှင့်ရန် (၃) ရုပ်သံလွှင့်အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအကြား အစီအစဉ်များ ပူးပေါင်းထုတ်လုပ်ရန်နှင့် ရုပ်သံလွှင့်အစီအစဉ်များအား အပြန်အလှန် ဖလှယ်ရယူ၍ ထုတ်လွှင့်သွားရန်တို့ဖြစ်ပါတယ်။ သတင်းဖလှယ်ရေးအစီအစဉ်အရ China Central Television (CCTV), Nippon Hoso Kyokai (NHK), Deutsche Welle (DW) စသည့် မိတ်ဖက်ရုပ်သံလွှင့် ဌာနများမှ ရုပ်သံသတင်းအစီအစဉ်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နိုင်ငံတကာသတင်းများတွင် ထည့်သွင်းထုတ်လွှင့်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှပေးပို့သော သတင်းများကိုလည်း CCTV ကဲ့သို့ မိတ်ဖက်သတင်းဌာနများ၏ သတင်းအစီအစဉ်များတွင် ထည့်သွင်းထုတ်လွှင့်ပေးခဲ့ပါတယ်။ ဝန်ထမ်းများအပြန်အလှန် စေလွှတ်လေ့လာရေးအစီအစဉ်အရ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အရာထမ်း၊ အမှုထမ်းများသည် စာချုပ်ချုပ်ဆိုထားသော နိုင်ငံများတွင် သက်ဆိုင်ရာကျွမ်းကျင်မှု သင်တန်းများသို့ သွားရောက်လေ့လာခွင့်နှင့် သင်ကြားခွင့်များကိုလည်းရရှိခဲ့ပါတယ်။ ထိုသို့ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်လေ့လာရေးခရီးများ သွားရောက်ရာတွင်လည်း စာချုပ်ပါ စည်းကမ်းအရ အသွားအပြန်လေယာဉ်စရိတ်နှင့် ခရီးစရိတ်များကို သွားရောက်လည်ပတ်ရန် စေလွှတ်သည့် နိုင်ငံဘက်မှ ကျခံရန်ဖြစ်ပြီး တည်းခိုနေထိုင်မှုနှင့် ဧည့်ခံစရိတ်များကို အိမ်ရှင်နိုင်ငံမှ ကျခံရန် သဘောတူညီချက်ဖြင့် သွားရောက်ရခြင်းဖြစ်သဖြင့် နိုင်ငံတော်ဘတ်ဂျက်ကိုချွေတာသည့် အနေဖြင့် လိုအပ်သည့် ခရီးစဉ်အရေအတွက်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်ဦးရေအား အနည်းဆုံး အရေအတွက်ဖြင့်သာ စိစစ်၍ စေလွှတ်ခွင့်ပြုခဲ့ပါတယ်။ ရုပ်သံအစီအစဉ် ပူးပေါင်းထုတ်လုပ်ရေးနှင့် ရုပ်သံအစီအစဉ်ဖလှယ်ရေး အစီအစဉ်များကိုလည်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဥပမာ အားဖြင့် ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနိုင်ငံတို့နှင့်အတူ မဲခေါင်မြစ်မှတ်တမ်းတင် အစီအစဉ်ကို CCTV နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးရိုက်ကူးကာ ၂၀၀၈ ခုနှစ်တွင် ၂ ကြိမ် ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ အလားတူ ဗီယက်နမ်အသံလွှင့်ဌာန (VOV) နှင့် ယူနမ်ရုပ်မြင်သံကြားမှ ရိုက်ကူးရေးအဖွဲ့များလည်း မြန်မာနိုင်ငံသို့လာရောက်ကာ ရုပ်မြင်သံကြားအစီအစဉ်များ ရိုက်ကူး ထုတ်လုပ်ခဲ့ပါတယ်။ ခြုံငုံသုံးသပ်ရလျှင် နိုင်ငံတကာသတင်းဌာနများနှင့် နားလည်မှုစာချွန်လွှာ၊ သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းဖြင့် အစီအစဉ်ပိုင်းဆိုင်ရာများတွင်လည်းကောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများတွင်လည်းကောင်း၊ နိုင်ငံတကာနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်းကောင်း အကျိုးရှိကြောင်း တွေ့ရှိရပါတယ်။ အနာဂတ်ကာလ တွင်လည်း ဆက်လက်၍ MOU- Agreement များကို နိုင်ငံတကာသတင်းဌာနများနှင့် ပူးပေါင်း၍ ဆက်လက်လက်မှတ်ရေးထိုး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဆက်လက်ပြီး ကိုယ်စားလှယ်တော်ကြီးမေးခွန်းမှာ ဒုတိယအချက်ဖြစ်တဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဓလေ့စရိုက်များအတွက် သီးခြားပြသထုတ်လွှင့်သော TV-Channel အသစ်တစ်ခု ထုတ်လွှင့်ပေးရန်အစီအစဉ်ရှိ၊မရှိ အချက်နှင့်ပတ်သက်ပြီး ဆက်လက်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် လက်ရှိ Free to Air ထုတ်လွှင့်လျက်ရှိသည့် TV-Channel များမှာ လှိုင်းနှုန်း ခွဲဝေမှု (Spectrum Sharing) ဆိုင်ရာ ကန့်သတ်ချက်ရှိသည့် Analogue စနစ်ဖြင့် ထုတ်လွှင့်နေခြင်းဖြစ် ပါတယ်။ Analogue စနစ်ဟာ ရုပ်သံလွှင့်စက်တစ်လုံးမှ ရုပ်သံအစီအစဉ် Channel တစ်ခုတည်း ကိုသာ ထုတ်လွှင့်၍ရပါတယ်။ Analogue ရုပ်သံလွှင့်ကွန်ယက်တစ်ခု တည်ဆောက်ရန်အတွက် အချိန်၊ ငွေကြေးများစွာ စိုက်ထုတ်ရန် လိုအပ်ပါတယ်။ ဒါကြောင့် ယင်း Analogue စနစ်ဖြင့် ရုပ်သံ လိုင်းတစ်လိုင်း အသစ်ထပ်မံတိုးချဲ့ထုတ်လွှင့်ရန် လက်ရှိအွခေအနေတွင် မဖြစ်နိုင်သေးပါ။ သို့ရာတွင် နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံတွင်လည်း International Telecomunication Union (ITU) ၏ နှိုးဆော်ထားချက်နှင့်အညီ အနာဂတ်ကာလတွင် Analogue Switch off ပြုလုပ်၍ Digital စနစ်သို့ အဆင့်လိုက် ကူးပြောင်းသည့် အစီအမံများ ရေးဆွဲကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် Analogue စနစ်ကို ရပ်ဆိုင်း၍ ပိုမိုအရည်အသွေးကောင်းမွန်ပြီး ရုပ်သံ အစီအစဉ် Channel များစွာ ထုတ်လုပ်နိုင်သည့် Digital စနစ်သို့ ကူးပြောင်းရန် စီမံဆောင်ရွက်လျက် ရှိကြပါသည်။ Digital စနစ်သို့ ပြောင်းလဲပြီးပါက ရုပ်သံအစီအစဉ် Channel ၁၀ လိုင်းမှ ၁၅ လိုင်း အထိ တစ်ပြိုင်တည်း ထုတ်လွှင့်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို အဆင့်အလိုက် Digital စနစ်သို့ ကူးပြောင်းပြီး ရုပ်သံအစီအစဉ် Channel များ စတင်ထုတ်လွှင့်နိုင်သည့်အခါမှာ ကိုယ်စားလှယ်တော် ကြီးအကြံပြုဆွေးနွေးသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ဓလေ့စရိုက်များအတွက် သီးခြားထုတ်လွှင့် ပြသသည့် TV-Channel အပါအဝင် အခြားသော နယ်ပယ်ကဏ္ဍအသီးသီးနှင့် သက်ဆိုင်သည့် သီးသန့်ရုပ်သံလိုင်းများကိုပါ လိုအပ်သလို တိုးချဲ့သွားနိုင်အောင် သုံးသပ်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။
ဆက်လက်ပြီး ကိုယ်စားလှယ်တော်ကြီးမေးမြန်းထားတဲ့ တတိယအချက်ဖြစ်တဲ့ စာကြည့်တိုက် များအတွက် မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းမှ အကူအညီပေးရန် အစီအစဉ်ရှိ၊မရှိနှင့် ပတ်သက်ပြီး ဆက်လက်ဖြေကြားသွားမှာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ တည်ထောင်ရေးလုပ်ငန်းစီမံချက်ကို ၂၀၀၄ ခုနှစ်က စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ တည်ထောင်ပေးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ လူဦးရေအများစုဖြစ်တဲ့ ကျေးလက်နေပြည်သူများအနေနဲ့ အသိပညာဗဟုသုတပြည့်ဝစေဖို့နဲ့ ၎င်းတို့ရဲ့ စီးပွားရေးဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်တဲ့သတင်းအချက်အလက်များ ရရှိနိုင်ဖို့အတွက်ဖြစ်ပါတယ်။ အဲဒီလို စာကြည့်တိုက်များ တည်ထောင်ရေးနှင့် ပတ်သက်ပြီး ကျေးလက်ဒေသများကို ဦးစားပေးဆောင်ရွက် ရတာဟာ မြို့ပေါ်ရပ်ကွက်များနှင့် နှိုင်းယှဉ်ပါက ကျေးလက်နေပြည်သူများအနေနဲ့ သတင်းအချက် အလက်များ ရရှိနိုင်မှု၊ စာအုပ်စာပေများဖတ်ရှုနိုင်တဲ့ အခွင့်အရေးနည်းပါးမှုတို့ကြောင့် ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ထူထောင်နိုင်ရေး အတွက် နိုင်ငံတော်မှ မတည်ငွေများ ထည့်ဝင်ဆောင်ရွက်သကဲ့သို့ ဒေသခံပြည်သူများ၊ စေတနာရှင် များကလည်း ပါဝင်ကူညီပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၀၄ ခုနှစ်က စတင်ပြီး နိုင်ငံတော်မှ ကျပ်သိန်း ၁၁၀၀၀ နဲ့ စေတနာရှင်ပြည်သူများက မြေ၊ အဆောက်အဦ၊ ပရိဘောဂ၊ စာအုပ်စာစောင်၊ ရုပ်မြင်သံကြားစက်နှင့်ရေဒီယို၊ တန်ဖိုးငွေစုစုပေါင်းကျပ်ငွေ ၁၃ ဘီလီယံကျော် လှူဒါန်းပြီးဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကျေးလက်နေပြည်သူများအတွက် အထက်ပါအတိုင်း ဆောင်ရွက်ပေး သကဲ့သို့ မြို့ပြမှာရှိတဲ့ ပြည်သူများ အသိပညာဗဟုသုတ ဆည်းပူးနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်၊ မြို့နယ်ရုံးများမှာလည်း ဌာနပိုင်စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိ ပေးပြီး သုတ၊ ရသ စာအုပ်များကို ပြည်သူများ ဖတ်ရှုလေ့လာနိုင်ဖို့အတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်မှာ စာအုပ်စာစောင် သိန်း ၁၀၀၀ ကျော်ဖိုးဝယ်ယူဖြည့်ဆည်းပေးခဲ့ပါတယ်။ ယခု ဘဏ္ဍာရေးနှစ် မှာလည်း ယခင်နှစ်ကထက် ပိုမိုဝယ်ယူဖြည့်တင်းပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါ တယ်။ ဒါ့အပြင် မြို့ပေါ်ရပ်ကွက်များက စာကြည့်တိုက်များ တည်ထောင်လိုကြောင်း တင်ပြလာပါက လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာတော့ ကျေးလက်ဒေသမှာဖြစ်စေ၊ မြို့ပေါ်ရပ်ကွက်များမှာဖြစ်စေ စာကြည့် တိုက်များတည်ထောင်ရာမှာ နိုင်ငံတော်အစိုးရက ကုန်ကျစရိတ်အားလုံးကို ထည့်ဝင်ဆောင်ရွက်ပေး တာမျိုးမရှိဘဲ နိုင်ငံတော်အား၊ ဒေသခံပြည်သူများရဲ့အား၊ စေတနာရှင် ပြည်သူများရဲ့အားများ ပေါင်းစပ်ပြီး ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ရပ်ကွက်များမှ စာကြည့်တိုက်အတွက် မြေနေရာနှင့် ဒေသခံပြည်သူများက ငွေအား၊ လုပ်အား ပါဝင်ဆောင်ရွက်နိုင်မယ့် အခြေအနေရှိရင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဥပမာ အားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ရပ်ကွက်ပြည်သူများရဲ့ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်မှု၊ စေတနာရှင်ပြည်သူများနဲ့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုများကြောင့် ၂၀၁၀ ပြည့်နှစ်အတွင်းမှာ ရပ်ကွက် ၁၉ ရပ်ကွက်လုံး တွင် အခိုင်အမာစာကြည့်တိုက်များ တည်ဆောက်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များကို ဦးစားပေးအလေးထား ဆောင်ရွက်နေသော်လည်း မြို့ပေါ်ရပ်ကွက်နေပြည်သူများအနေနဲ့ စာကြည့်တိုက်များထူထောင်ရန်အတွက် လိုအပ်တဲ့မြေနေရာနှင့် ငွေ၊ လုပ်အားပါဝင်ဆောင်ရွက်နိုင် မယ့်အခြေအနေရှိမှသာ ရပ်ကွက်စာကြည့်တိုက်များ ပေါ်ပေါက်ရေးကို ကူညီပံ့ပိုးဆောင်ရွက်ပေးသွား မှာဖြစ်ကြောင်း ဖြေကြားလိုပါတယ်။
စာကြည့်တိုက်ဖောင်ဒေးရှင်းအနေနဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၀ ပြည့်နှစ် မေလ ၁၀ ရက်နေ့မှာ စတင်ဖွဲ့စည်း ခဲ့တာဖြစ်ပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ သက်တမ်း ၂ နှစ်တာကာလအတွင်းမှာ စာကြည့်တိုက် အဆောက်အဦ ၈၈ လုံး၊ စာအုပ်ပေါင်း ၁၁၀၀၀ ကျော်အပါအဝင် ငွေကျပ် ၁၀၄၅ သိန်းကို စာကြည့်တိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ စေတနာရှင် များရဲ့ လှူဒါန်းငွေ သိန်း ၇၀၀၀ ကျော်ကို မတည်ရန်ပုံငွေအဖြစ် ထားရှိပြီး ရရှိလာတဲ့အတိုးများကိုသာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသုံးပြုလျက်ရှိပါတယ်။ ဖောင်ဒေးရှင်းစည်းမျဉ်းများအရ စာကြည့်တိုက်အဆောက်အဦ၊ ပရိဘောဂနှင့် စာအုပ်စာစောင်များ လိုအပ်နေတဲ့ စာကြည့်တိုက်များအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရဲ့ ထောက်ခံချက်များနှင့်အတူ စာကြည့်တိုက်ဖောင်ဒေးရှင်း တင်ပြလျှောက်ထားနိုင်ပါတယ်။ ဖောင်ဒေးရှင်းမှ အကူအညီရယူလိုတဲ့ စာကြည့်တိုက်များအနေနဲ့လည်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှာ အသေးစိတ်အချက်အလက်များ မေးမြန်းစုံးစမ်းနိုင်သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများကလည်း လျှောက်လွှာများကို စာကြည့်တိုက် ဖောင်ဒေးရှင်းသို့ တင်ပြနိုင်တဲ့အဆင့်အထိ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ကလည်း အဲဒီလျှောက်လွှာများကို စိစစ်ပြီး ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားပါသည်။
