(ဂ)-ဆေးပညာရပ်များကို စာတွေ့လက်တွေ့အဆင့်မီစွာ သင်ကြားလေ့ကျင့်ပေးရန် အရည်အသွေး ပြည့်ဝသော သင်ကြားရေးဆရာများ အလုံအလောက် ရရှိရေး နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၇.၈.၂၀၁၂)

ဆေးပညာလောကမှာ သက္ကရာဇ် ၂၀၀၀ အရင်တုန်းက ဆေးတက္ကသိုလ် ၃ ခု မှာ ဆေးကျောင်းသား ကျောင်းသူ ၅၀၀ တစ်နိုင်ငံလုံးအတွက် လက်ခံပြီး သင်ကြားပို့ချပေးခဲ့ ပါတယ်။ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှာတော့ ဆေးတက္ကသိုလ် ၄ ခုမှာ ကျောင်းသား ကျောင်းသူ ၂၄၀၀ နှစ်စဉ်လက်ခံပြီး သင်ကြားပို့ချပေးခဲ့ပါတယ်။ နှစ်တိုင်းနှစ်တိုင်း ကျောင်းသားများ ၂၄၀၀ ဆေးတက္ကသိုလ်အသီးသီးသို့ ဝင်ရောက်လာသော်လည်း ထိုဝင်ရောက်လာသော ကျောင်းသားများဟာ ဆရာများနှင့် လိုက်လျောညီထွေတဲ့ ကျောင်းသားအချိုး၊ ဆရာအချိုးကိုတော့ မရရှိနိုင်ပါဘူး။ တစ်နှစ် တစ်နှစ် ကျောင်းသားတွေသာ များများလာပြီးတော့ ခန့်ထားနိုင်ချေမှာတော့ ဆရာဦးရေက လျော့နည်း နေတဲ့အတွက် အခေါ်အရ Student Teacher Ratio ဟာဘယ်တုန်းကမှ မကောင်းခဲ့ပါဘူး။ ဒီတော့ လုပ်ကိုင်ဆောင်ရွက်ခဲ့တာလည်း သက္ကရာဇ် ၂၀၀၀ မှစခဲ့လို့ အခုကြည့်မယ်ဆိုလို့ရှိရင် ၁၂ နှစ်သော ကာလကို ရောက်ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ သင်ကြားရေးကဏ္ဍအသီးသီးရှိတဲ့အနက်မှာ အထူးသဖြင့် လက်တွေ့ကျွမ်းကျင်မှုရအောင် သင်ကြားပို့ချတဲ့နယ်ပယ်မှာ ဤကဲ့သို့ ဆရာ၊ ကျောင်းသားအချိုး မမျှခြင်း၊ ဝန်နဲ့အားနဲ့မမျှခြင်းတို့ကြောင့် လက်တွေ့သင်ကြားရေးကို အားနည်းစရာဖြစ်လာတဲ့အပြင် ကျွန်တော်တို့ မွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်များ လုပ်ငန်းခွင်အရည်အချင်းကိုလည်း များစွာထိခိုက် နစ်နာမှုရှိကြောင်း ပြောကြားလိုပါတယ်။ ယခုနှစ် ၂၀၁၂ ခုနှစ်မှာ သင်တန်းသားဦးရေ ၅၀ ရာခိုင်နှုန်း လျှော့ယူမှာဖြစ်တဲ့အတွက် ကျောင်းသား ၁၂၀၀ ပဲ လက်ခံမှာဖြစ်ပါတယ်။ သင်ကြားရေး အရည်အသွေးကို မြှင့်တင်လိုချင်တဲ့အတွက် ၆ နှစ်သင်တန်းကို ၇ နှစ်သင်တန်းအဖြစ် တစ်နှစ် တိုးချဲ့ သင်ကြားပေးမယ်လို့လည်း သိရှိရပါတယ်။ မှန်ကန်တဲ့လုပ်ရပ်များဖြစ်တယ်လို့ ယူဆတဲ့အတွက် ဆေးပညာရှင်များ၊ ဆရာများအား ကြိုဆိုပါတယ်။ ထောက်ခံပါတယ်။ လက်ရှိအခြေအနေမှာ ကြည့်မယ်ဆိုလို့ရှိရင် ဆေးတက္ကသိုလ်များမှာ သင်ကြားရေးဆရာ လုံလောက်မှုမရှိခြင်း၊ သင်ကြားရေး၊ ကုသရေးတာဝန်များဖိစီးနေသောကြောင့် သင်ကြားရေးဘက်မှာ လုံလောက်သောအချိန်ကောင်းစွာ မပေးနိုင်ခြင်း၊ အချို့ဌာနများမှာ ဆရာအရည်အသွေးမြင့်မားစေရန်အတွက် လေ့ကျင့်ပြုစုပျိုးထောင် ပေးရန်လိုအပ်ချက်ရှိနေခြင်း၊ ဒီနေရာမှာလည်း ရှင်းပြရရင် Clinical ဆရာများလို့ခေါ်တဲ့ လူနာများကို ကုသပေးရင်း လူနာကုတဲ့ပညာရပ်များကို သင်ပေးရတဲ့ဆရာများဟာ ဆေးရုံတွေမှာ အလုပ်လုပ်ရ ပါတယ်။ ကုသရေးတာဝန်ကိုလည်း ထမ်းဆောင်ရသလို သင်ကြားရေးတာဝန်ကိုလည်း ထမ်းဆောင်ရ ပါတယ်။ တက္ကသိုလ်များမှာရှိတဲ့ အခြေခံပညာရပ်တွေ သင်ကြားပေးတဲ့ ဆရာများကတော့ အဓိက အားဖြင့် တက္ကသိုလ်မှာပဲ သင်ကြားရပါတယ်။ အဲတော့ ခုနက ကျွန်တော်ဆိုလိုတဲ့ သင်ကြားရေး၊ ကုသရေးတာဝန်များ ဖိစီးနေတဲ့အတွက် ကျောင်းသားများကို လုံလုံလောက်လောက် အချိန်မပေးနိုင် ခြင်းဆိုတာ ဒီလိုဆိုလိုပါတယ်လို့ ရှင်းပြခြင်းဖြစ်ပါတယ်။ ဆရာများ ခုနက အရည်အသွေးမြင့်မားစေရန် လေ့ကျင့်ခြင်းဆိုတာကတော့ ကျွန်တော်တို့ Quantity တင်မကဘူး Quality ပါလိုအပ်ပါတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ဆေးပညာနယ်ပယ်မှာတော့ ဆရာကောင်းမှ တပည့်ကောင်းပါတယ်။ ဆရာပြမှ နည်းကျတယ်။ ကျွန်တော်တို့ ကိုယ်တွယ်ရတဲ့ ပြောကြပါစို့၊ ပြောလို့ရအောင် Material ပေါ့ ကိုယ်တွယ်ရတဲ့ Material ဟာလည်း တကယ်တော့ နာမကျန်းဖြစ်တဲ့လူများ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်များဖြစ်ကြပါတယ်။ ကျွန်တော်တို့ဘက်က အားနည်းချက်များဖြစ်ပေါ်ခဲ့လို့ရှိရင် သူတို့ရဲ့ အသက်အန္တရာယ် ထိခိုက်သွားနိုင်တယ်ဆိုတာ တစ်ကမ္ဘာလုံးသိပါတယ်။ အဲတော့ ဒီဆေးပညာ လောကကို ဆရာများနဲ့ပတ်သက်လို့ သုံးသပ်ပြီးကြည့်မယ်ဆိုလို့ရှိရင် အခုလက်ရှိအခြေအနေမှာ အထူးသဖြင့် ဝါရင့်ဆရာများ အရေအတွက် အင်မတန် အားနည်းလျက်ရှိပါတယ်။ အကြောင်းကြောင်း တွေကတော့ အသက် ၆၀ ပြည့်သွားလို့ ပုံမှန်အနားယူသွားခြင်း၊ ထိုသို့အနားယူပြီးသည့်နောက် ပြည်တွင်းမှာ ဆက်လက်နေထိုင်ကြတဲ့ လူတွေရှိသလို မိမိစီးပွားရေး၊ ပုဂ္ဂိုလ်ရေးအခက်အခဲ           တွေကြောင့် ပြည်ပနိုင်ငံများမှာ သွားရောက်အမှုထမ်းကြတဲ့ ဆရာဝန်များလည်း ရှိပါတယ်။ တချို့များ ကျတော့လည်း အသက် ၆၀ မပြည့်ဘဲနဲ့ အလုပ်ကနေ ထွက်သွားကြပါတယ်။ စီးပွားရေးအခက် အခဲကြောင့် ရေကြည်ရာမြက်နုရာ တိုင်းတစ်ပါးကိုသွားရောက်ပြီး တာဝန်ထမ်းဆောင်တဲ့ သဘော တွေလည်းရှိပါတယ်။ သို့ပေမယ့် ဒီထက်ပိုပြီးတော့ စိတ်မကောင်းစရာကောင်းတာက လုပ်ငန်းခွင် မသာယာလို့ လုပ်ငန်းခွင်အတွင်းမှာမပျော်လို့ မလုပ်ပျော်တဲ့အတွက်ကြောင့်မို့လို့ စိတ်ဆင်းရဲပြီးတော့ အလုပ်ကထွက်သွားကြတဲ့အတွက် ပြည်ပဆုံးရှုံးမှုတင်မကဘူး၊ ပြည်တွင်းဆုံးရှုံးမှုလည်းဖြစ်နေတဲ့ သဘောတွေ ရှိပါတယ်။ တစ်ခါတလေကျတော့ပြောပါတယ် ဝန်ထမ်းတွေက သူတို့အပေါ်မှာ စာနာမှု၊ ထောက်ထားမှု နည်းပါးပါတယ်တဲ့။ တချို့ကလည်း မူတွေ၊ စည်းမျဉ်းတွေ၊ စည်းကမ်းတွေကို တစ်ပြေးညီမသုံးပါဘူးတဲ့စသည်ဖြင့် စိတ်မချမ်းသာစရာ အကြောင်းလေးတွေကြောင့် ကျွန်တော်တို့ ဘက်မှာ ပညာရှင်တွေ နှစ်ပေါင်း၊ လပေါင်းများစွာ လေ့ကျင့်ပျိုးထောင်ပေးနေတဲ့ ပညာရှင်များက ဤကဲ့သို့နည်းတွေနဲ့ လွင့်ပါးဆုံးရှုံးသွားရပါတယ်။ နောက် ကျွန်တော်တို့မှာတစ်ခါ တက္ကသိုလ်တွေကို တိုးချဲ့အဆင့်မြင့်လုပ်ဆောင်ပေးသလို နယ်များ၊ တိုင်းနှင့်ပြည်နယ်များမှာလည်း ကုသရေးဆေးရုံကြီး များတည်ဆောက်ပေးရတဲ့အတွက် ဆေးရုံတစ်ရုံပေါ်လာပြီ ဆိုသည်နှင့်တစ်ပြိုင်တည်း ဆရာမ၊ ဆရာဝန်၊ ပညာရှင်တွေစသည်တို့ကတော့ ခန့်ထားရမှာဖြစ်တဲ့အတွက်ကြောင့် သင်ကြားရေးပညာ တချို့ဟာလည်း အထူးကုဆရာဝန်ကြီးများအဖြစ်နဲ့ သင်ကြားရေးပညာရှင်တို့ဟာ ထိုနေရာတွေကို သွားရောက်ပြီး တာဝန်ထမ်းဆောင်ပေးရတဲ့အတွက်လည်း တက္ကသိုလ်များမှာ ဆရာအသီးသီး အရေ အတွက်လျော့နည်းသွားရခြင်းလည်းပါပါတယ်။ ဒီလို ဆရာဦးရေ၊ ကျောင်းသားဦးရေယှဉ်လိုက်ရင် အချိုးမမျှတာနဲ့ ဤကဲ့သို့ဖြစ်ပျက်နေတာ ဘယ်ဆေးတက္ကသိုလ်ပဲ သွားကြည့်သွားကြည့် သိနိုင်ပါ တယ်။ စာရင်းဇယားများလည်း အပြည့်အဝရှိပါတယ်။ နောက်အခုလည်း တစ်ခါတိုးမြှင့်သင်ကြား ပေးဖို့ရန်အတွက် အချိန်ကာလ တစ်နှစ်ရရှိလာပါပြီ။ ၆ နှစ်ကနေ ၇ နှစ် သင်တန်းကာလတိုးမြှင့်မှာ ဖြစ်တဲ့အတွက် ဒီတိုးမြှင့်လိုက်တဲ့သင်တန်းကာလ တစ်နှစ်ကိုလည်း ထိထိရောက်ရောက် ထိုက်ထိုက် တန်တန် အသုံးချနိုင်ဖို့လည်း အင်မတန်မှ လိုအပ်ပါတယ်။ အချိန်ကာလအပိုင်းအခြားတစ်ခုကို တိုးမြှင့် ပေးလိုက်တာနဲ့ အလိုအလျောက် စာတတ်မသွားပါဘူးခင်ဗျား။

ဆရာများခန့်ထားတဲ့အခါမှာ သရုပ်ပြဆရာဝန်များ၊ လက်ထောက် ကထိကများကို လိုအပ်ချက်နဲ့အညီ နှစ်စဉ်တိုးမြှင့်ခန့်ထားနိုင်ပါတယ်။ အထူးလိုအပ်လျက်ရှိတဲ့ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခများကိုတော့ အချိန်ပေးပြီးတော့မှ ပြည်တွင်း၊ ပြည်ပသင်တန်း တွေနဲ့ ပြုစုပျိုးထောင်လေ့ကျင့်ပေးရခြင်းဖြစ်ပါတယ်။ ချက်ချင်းကျွန်တော်တို့ ကောက်ယူလို့မရပါဘူး။ ပန်းများပွင့်သလို ဖူးရာကငုံ၊ ငုံရာကပွင့် စသည်ဖြင့် ပြုစုပျိုးထောင်ပေးရခြင်းသဘောရှိပါတယ်။ နောက်တစ်ချက်က ဒီအဆင့်မြင့် ဆရာဝန်ကြီးများ၊ ကထိက၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခစသည်တို့ဟာ သူတို့တာဝန်ဝတ္ထရားဟာ သာမန် စာသင်ခြင်းသက်သက်မဟုတ်ပါဘူး။ ကျောင်းသားကို သာမန် စာသင်ခြင်းသက်သက်မဟုတ်ပါဘူး။ သူတို့ တစ်တွေဟာဌာနကို ကြပ်မတ်ကွပ်ကဲခြင်း၊ စီမံခန့်ခွဲခြင်း ဆိုတဲ့တာဝန်လည်း ရှိပါတယ်။ ဘွဲ့လွန်သင်တန်းများကိုလည်း ကြပ်မတ်ပေးရပါတယ်။ ထိုနည်းတူပဲ တက္ကသိုလ်များမှာရှိတဲ့ သင်ရိုးညွှန်းတမ်းများကို သူ့အချိန်နဲ့သူ စီစစ်သုံးသပ်ပြီးတဲ့နောက်မှာ ခေတ်နဲ့ အချိန်နဲ့တစ်ပြေးညီဖြစ်အောင် ဒေသခံတက္ကသိုလ်များနဲ့ ကမ္ဘာ့တက္ကသိုလ်မျာနဲ့ အရည်အသွေးချင်း ယှဉ်လို့ရအောင် သင်ရိုးညွန်းတမ်းများကို ပြန်ပြီးသုံးသပ်ခြင်း၊ အသစ်တဖန်ပြန်၍ရေးဆွဲခြင်း သို့မဟုတ် ပြုပြင်ခြင်းများကိုလည်း အခါအားလျော်စွာ လုပ်ဆောင်နေရတဲ့ သဘောရှိပါတယ်။ ဆရာ များရဲ့အရည်အသွေးပြည့်မီဖို့ Training For Trainer ဆိုတာရှိပါတယ်။ ဆရာသည်တစ်ခါ ဆရာဖြစ် ရုံနဲ့ ထာဝရဆရာဖြစ်မသွားပါဘူး။ ဒီအတွက် Training For Trainer အဖြစ်နှင့် ဒီဆရာကြီးတွေက ကြပ်မတ်ကွပ်ကဲပြီးတော့ သူတို့အောက်မှာရှိတဲ့ ဆရာတွေကို ပြုစုပျိုးထောင်ပေးရတဲ့တာဝန်လည်း သူတို့မှာရှိပါတယ်။ နောက်တစ်ချက်ကတော့ ဒီကျောင်းသားတွေကို သင်ကြားပို့ချတဲ့နေရာမှာ အသိ ပညာ၊ အတတ်ပညာပေးနေရုံနဲ့မပြီးပါဘူး။ စဉ်းစားဆင်ခြင်၊ ဝေဖန်သုံးသပ်၊ ဆုံးဖြတ်နိုင်တဲ့ Thinking Process တစ်ခုထွန်းကားလာအောင် ရင့်သန်ဖွံ့ဖြိုးလာအောင်လည်း ဒီဆရာကြီးတွေကပဲ လုပ်ဆောင် ပေးနိုင်ကြပါတယ်။ လွယ်တဲ့ကိစ္စတစ်ခု မဟုတ်ပါဘူးဗျာ။ နောက်တစ်ချက်ကတော့ ဒီ Thinking Process Development အပြင် နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ခေတ်မှာလည်းရှိခဲ့ပါတယ်။ ကျောင်းသားများအတွက် စံနမူနာအဖြစ် အတုယူနိုင်သော Role Model များအဖြစ်လည်း ဆရာကြီး များဟာ ခဲခဲယဉ်းယဉ်းရပ်တည်ပေးနေကြရပါတယ်။ Inspirational Role Model လို့ခေါ်ပါတယ်။ အဲတော့ ကျွန်တော်တို့တစ်တွေဟာ ကျောင်းဆရာတွေဟာ လူတော်ဖြစ်ရုံတင်မကဘူး၊ ကျောင်းသား တွေကို လူကောင်းဖြစ်အောင်လည်း ပြုစုပျိုးထောင်ပေးရပါတယ်။ စာသင်ခန်းတစ်ခုမှာဝင်လာပြီး အကြောင်းအရာအချက်အလက်တစ်ခုကို ဖတ်ကြား၊ ဟောကြား၊ ပြောကြားသွားရုံနဲ့ ကျောင်းဆရာ မဖြစ်ပါဘူး။ ကျောင်းဆရာဖြစ်ဖို့ရန်အတွက် ကျောင်းဆရာကောင်းတစ်ယောက် ဖြစ်ဖို့ရန်အတွက် လေ့ကျင့်ပေးရပါတယ်။ ပြုစုပျိုးထောင်ပေးရပါတယ်။ A Teacher is Both Born and Train နှစ်ခုစလုံးလိုပါတယ်။ ဒါကြောင့် ဆေးတက္ကသိုလ်များမှာ ဆေးပညာရပ်များကို စာတွေ့၊ လက်တွေ့၊ အဆင့်မီစွာ သင်ကြားလေ့ကျင့်ပေးရန် အရည်အသွေးပြည့်ဝသော သင်ကြားရေးဆရာများ အလုံ အလောက်ရရှိနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ရေတိုရေရှည်စီမံကိန်းတွေနဲ့ မည်ကဲ့သို့ ဆောင်ရွက်လျက်ရှိကြောင်း ဆေးပညာလောကနဲ့ အများပြည်သူ၏ ကိုယ်စားသိရှိလိုသည့်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်
အဖြေ

ဆရာကြီးဦးမောင်မောင်ဝင့် မေးခွန်းနှင့်ပတ်သက်ပြီးတော့ အပိုင်းသုံးပိုင်းခွဲခြား ပြီးတော့ ဖြေကြားသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဆေးတက္ကသိုလ်များမှာ ၂၀၀ဝ ခုနှစ် မတိုင်မီက တစ်နှစ်လျှင် ကျောင်းသားကျောင်းသူဦးရေ ၅၅၀ ဦး လက်ခံသင်ကြားလေ့ကျင့်ပေးနေရာမှ ၂၀၀ဝ ခုနှစ်နောက်ပိုင်း ဆေးတက္ကသိုလ်(မကွေး) ဖွင့်လှစ်ချိန်မှစပြီးတော့ ဆေးတက္ကသိုလ် ၄ ခုမှာ ကျောင်းသား ကျောင်းသူဦးရေ ၂၄၀၀ ဦးထိ တိုးမြှင့်လက်ခံသင်ကြားပေးခဲ့ပါတယ်။ တက္ကသိုလ်များမှ အရည်အသွေးပြည့်မီသော ဆရာဝန်များ စဉ်ဆက်မပြတ်မွေးထုတ်ရေး၊ နိုင်ငံတော်၏ လိုအပ်ချက်၊ နိုင်ငံတော်မှ ခန့်ထားနိုင်မှုအခြေအနေ၊ ပြည်သူလူထုအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များအား ပုဂ္ဂလိကကဏ္ဍမှ ပံ့ပိုးပေးနိုင်သည့်အခြေအနေ၊ တက္ကသိုလ်များရှိ သင်ကြားရေးဆရာများ ခန့်ထားနိုင်မှုအခြေအနေ၊ ဆေးလက်တွေ့သင်ကြားရာတွင် လိုအပ်သည့်လူနာဦးရေ အခြေအနေ များကိုသုံးသပ်ပြီး ပါမောက္ခချုပ်များ၊ ပညာရှင်များနှင့် တက္ကသိုလ်အသီးသီးမှ ဆရာဆရာမများမှ နှီးနှောဖလှယ်ပွဲများကျင်းပ၍ အကြိမ်ကြိမ် အကျေအလည်ညှိနှိုင်းဆွေးနွေးခဲ့ပြီး နဝမအကြိမ်မြောက် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲ၏ ဆုံးဖြတ်ချက်အရ ၂၀၁၂- ၂၀၁၃ ခုနှစ် ပညာသင်နှစ်       မှစပြီး ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ပြုကျောင်းသားဦးရေကို ယာယီအစီအစဉ်အားဖြင့် ၁၂၀၀ ဦးသို့ ကျား၊ မ အချိုးညီစွာ လျှော့ချလက်ခံရန်နှင့် သင်တန်းကာလကိုလည်း စုစုပေါင်း ၆ နှစ် မှ ၇ နှစ်သို့ တိုးမြှင့်သင်ကြားပေးရန်ဆုံးဖြတ်ပြီး ယခုနှစ် သင်ကြားရေးနှစ် ၂၀၁၂ ခုနှစ် မှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ နောက်ဆေးတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ချိန်မှာ နိုင်ငံတော်ရဲ့လိုအပ်ချက်နဲ့ နိုင်ငံတကာစံနှုန်းများနှင့်အညီ လက်ခံမည့်ဦးရေကို လိုအပ်သလို ပြင်ဆင် တိုးမြှင့်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

နံပါတ်(၂) အနေနဲ့ အရည်အသွေးပြည့်ဝတဲ့ သင်ကြားရေး ဆရာဆရာမများဖြစ်လာစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အောက်ပါကိစ္စများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ တက္ကသိုလ်များရဲ့ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ စာကြည့်တိုက်များ အဆင့်မြှင့်တင်ခြင်း၊ Updated စာအုပ်များ၊ ဂျာနယ်များမှာကြားဖြည့်ဆည်းပေးခြင်း၊ ခေတ်မီသင်ထောက်ကူပစ္စည်းများ အလုံအလောက်ဖြည့်တင်းပေးခြင်းနှင့် အခြားလိုအပ်ချက်များဖြည့်ဆည်းပေးလျက်ရှိပါတယ်။

သင်ကြားရေးဆရာ ဆရာမများ အရည်အသွေးမြင့်မားရေးအတွက် ပြည်တွင်း၌ ဘွဲ့လွန်သင်တန်းများဖြစ်တဲ့  Diploma သင်တန်း ၆ခု၊ မဟာသိပ္ပံသင်တန်း ၂၉ခု၊ ပါရဂူဘွဲ့လွန် သင်တန်း ၈ ခု၊ ဆေးလက်တွေ့ပါရဂူဘွဲ့လွန်သင်တန်း ၃၆ ခု၊ စုစုပေါင်းပညာရပ်ဆိုင်ရာ ဘွဲ့လွန် သင်တန်း ၇၉ မျိုးကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဘွဲ့လွန်ရရှိပြီးနောက် စာတွေ့သာမက လက်တွေ့ ပါကျွမ်းကျင်စေရန် Training Period ထားရှိရေးကိစ္စများ၊ ပြည်ပနိုင်ငံများသို့ ချိတ်ဆက်ပြီးသင်တန်း များ၊ ဘွဲ့ဒီဂရီများစေလွှတ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆေးတက္ကသိုလ် များနှင့် နှီးနွယ်တက္ကသိုလ်များအတွက်လည်း ပြည်ပနိုင်ငံများမှာရှိတဲ့ တက္ကသိုလ်များနှင့်ချိတ်ဆက်ပြီး Faculty Exchange, Faculty Development အတွက်လည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် လျက်ရှိပါတယ်။ ဒါ့အပြင် တက္ကသိုလ်များမှာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းအား သင်ကြား ရေးဆရာဆရာမများ၏ အရည်အသွေးပိုမိုတိုးတက်လာနိုင်မည်ဖြစ်ပါသဖြင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ သင်ကြားရေး ဆရာဆရာမများမှ သုတေသနလုပ်ငန်းများမှာ ပိုမိုစိတ်ဝင်စားစွာ ဆောင်ရွက် နိုင်ရေးအတွက် သုတေသနထောက်ပံ့ကြေးများပေးရန်၊ သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပပြီး ဆုများချီးမြှင့်ရန်နှင့် လက်တွေ့အသုံးချ သုတေသနစာတမ်းများထွက်ပေါ်လာရေး တွန်းအားပေးရန် အတွက် စီမံချက်ရေးဆွဲအကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးပညာသင်ကြားရေး ဆရာများ လိုအပ်ချက်ရှိတဲ့  တက္ကသိုလ်များမှာ ၎င်းသင်ကြားရေးဆရာများ တိုးချဲ့ခန့်ထားနိုင်ရေး၊ ရာထူးများတိုးမြှင့်ခန့်ထားနိုင်ရေးအတွက် တက္ကသိုလ်များ၏ ဖွဲ့စည်းပုံကိုလည်း တိုးချဲ့ပြင်ဆင်ရေးဆွဲ ပြီးဖြစ်ပါတယ်။ လက်ရှိသင်ကြားရေးဆရာများအား ရာထူးတိုးမြှင့်ခန့်ထားနိုင်ရေး၊ ဆရာအသစ်များ ခန့်ထားနိုင်ရေးအတွက်လည်း အဆင့်ဆင့်ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ ရာထူးတိုးမြှင့်ခန့်ထား ရာမှာ တွဲဖက်ပါမောက္ခ၊ ပါမောက္ခရာထူးများခန့်ထားရန်အတွက် ပါရဂူဘွဲ့နဲ့ ဆေးလက်တွေ့ပါရဂူဘွဲ့ ရရှိပြီးသူများအား ဦးစားပေးစဉ်းစားခြင်း၊ ဌာနဆိုင်ရာအကြီးအကဲမှတ်ချက်၊ ဌာနမှူးရဲ့မှတ်ချက်နဲ့ အမှတ်ပေးအကဲဖြတ်မှု Scoring System တို့ကို လိုအပ်ချက်နှင့်အညီ ထည့်သွင်းစဉ်းစားဆောင်ရွက် ခြင်းဖြင့် အရည်အသွေးပြည့်ဝသော သင်ကြားရေးဆိုင်ရာ ဆရာဆရာမများ ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိပါတယ်။ ဆရာဆရာမများ၏ သင်ကြားရေးအရည်အသွေး မြှင့်တင်နိုင်ရန် ဆေးပညာသင်ကြားရေးဒီပလိုမာသင်တန်းများကိုလည်း ဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိ ပါတယ်။

တတိယပိုင်း ရေတိုရေရှည်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုကို ဖြေကြားပေးသွားမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ပတ်သက်ပြီး ဝါရင့်သဘာရင့် ပညာရှင်ကြီး များ၊ သက်ပြည့်ပင်စင်ယူပြီးနောက် လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ ပညာရှင်ခါးဆက်မပြတ် စေရေးအတွက် ကျွမ်းကျင်သူအဖြစ် ဆက်လက်ခန့်ထားခြင်း၊ လုပ်ငန်းခွင်အတွင်း အခက်အခဲရှိသူများ အားလည်း တာဝန်ရှိသူအဆင့်ဆင့်မှ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး အကြောင်းအမျိုး        မျိုးကြောင့် လစ်လပ်သွားတဲ့ သင်ကြားရေးရာထူးနေရာများမှာလည်း အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့် အစားထိုးခန့်ထားနိုင်ရေးအတွက် ဆောင်ရွက်ခြင်းနှင့် ရာထူးတိုးမြှင့်ခန့်ထားရေးနှင့် ပတ်သက်၍ လည်း အရည်အသွေးနှင့် အရည်အချင်းသာမက ၎င်းတို့ရဲ့ လုပ်ဆောင်ချက်များအပေါ်မှာလည်း မူတည်စဉ်းစားပြီး ကျန်းမာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီမှ ဦးဆောင်ပြီး ဆောင်ရွက်ပေး လျက်ရှိပါကြောင်းရှင်းလင်းဖြေကြားပါသည်။