(ခ)-အလယ်ချောင်းကျွန်းရှိ အလယ်ချောင်း ကျေးရွာတွင် ရဲကင်းစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၇.၈.၂၀၁၂)

ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းကျွန်းဟာ အလယ်ချောင်း ကျေးရွာအပါအဝင် ကျေးရွာရှစ်ရွာ တစ်ဆက်တစ်စပ်တည်းတည်ရှိပြီး အလယ်ချောင်းကျေးရွာဟာ အဓိကကျေးရွာကြီးဖြစ်ပါတယ်။ အိမ်ခြေပေါင်း ၃၉၅ နှင့် လူဦးရေပေါင်း ၂၃၅၅ ရှိပါတယ်။ ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ သင်ပုန်းတန်း၊ ကံပြင်၊ ကုလားဘား၊ မကျည်းချောင်း၊ ကျွဲချက်အစရှိတဲ့ ကျေးရွာတွေမှာ စုစုပေါင်းအိမ်ခြေ ၁၆၂၀၊ လူဦးရေပေါင်း ၈၃၂၆ ဦး၊ စုစုပေါင်းကျွန်းမှာ အိမ်ခြေ ၂၀၁၆ အိမ်နဲ့ လူဦးရေပေါင်း ၁၀၆၈၁ ဦးနေထိုင်ကြပါတယ်။ အလယ်ချောင်းကျေးရွာမှာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဆေးပေးခန်း အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းပေါင်း ၁၀၀ ခန့်လည်း‌ ကျေးရွာအသီးသီးမှာ တာဝန်ထမ်းဆောင်လျက်ရှိကြပါတယ်။ အလယ်ချောင်း ကျွန်းဟာ  ပုဏ္ဏားကျွန်းမြို့နဲ့ ၁၈ မိုင်ခန့်ကွာဝေးပြီးတော့ ရေကြောင်းဆက်သွယ်မှုတစ်ခုတည်းကိုသာ အားကိုးအားထားပြုသွားလာရတဲ့အတွက် ခရီးသွားလာရေးခက်ခဲမှု၊ အချိန်ကြန့်ကြာမှုများကြောင့် ပုဏ္ဏားကျွန်း ရဲစခန်းအနေနဲ့ မှုခင်းတွေကြိုတင်ကာကွယ်နိုင်ရန် လက်လှမ်းမမီဖြစ်နေကြောင်းကြားသိ ရပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ တင်ပြချက်အရ အလယ်ချောင်းကျွန်းမှာ ၂၀၀၆ ခုနှစ်ကစပြီးတော့ လူသေမှုတွေ၊ နွားခိုးမှုတွေ၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားပေါ်ပေါက်လျက်ရှိကြောင်းလည်း သိရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်တဲ့အတွက် ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းကျွန်းရှိ အလယ်ချောင်း ကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် လုံခြုံရေး၊ လူမှုရေး၊ ကျန်းမာရေးများ အထောက်အကူဖြစ်စေရန် သက်ဆိုင်ရာအနေနဲ့ အလယ်ချောင်းကျေးရွာမှာ ရဲကင်း စခန်းဖွင့်လှစ်ထားပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလိုသည့်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းကျွန်းမှာ ကံပြင်၊ သင်ပုန်းတန်း၊ အလယ်ချောင်းနှင့် မကျည်းချောင်း စတဲ့ ကျေးရွာအုပ်စု ၄ အုပ်စုရှိပြီး ကျေးရွာ ၉ ရွာ တည်ရှိပါတယ်။ အလယ်ချောင်းကျေးရွာအုပ်စုမှာ အလယ်ချောင်း၊ မြစ်နားပြင်နှင့် ရွာငယ်ရွာတို့လည်း ပါရှိပါတယ်။ အလယ်ချောင်းကျေးရွာမှာ အိမ်ခြေ ၃၇၃ အိမ်၊ အိမ်ထောင်စု ၃၉၂ စု ရှိပြီး လူဦးရေကျား ၁၀၁၂ ဦး၊ မ ၁၀၀၅ ဦး၊ စုစုပေါင်း ၂၀၁၇ ဦး၊ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်း၊ အထက်တန်းပြ  ဆရာကျား ၃ ဦး၊ မ ၆ ဦး၊ ပေါင်း ၉ ဦး၊ အလယ်တန်းပြဆရာကျား ၄ ဦး၊ မ ၁၁ ဦး၊ ပေါင်း ၁၅ ဦး၊ မူလတန်းပြဆရာကျား ၁ ဦး၊ မ ၂ ဦး၊ ပေါင်း ၃ ဦး၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်း တစ်ခု၊ ကျန်းမာရေးမှူး ၁ ဦး၊ သားဖွားဆရာမ ၁ ဦး၊ ပေါင်း ၂ ဦးရှိလို့ စုစုပေါင်းဝန်ထမ်း  ၂၉ ဦးရှိပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ပုဏ္ဏားကျွန်းတွင် (က)အဆင့်ရဲစခန်း၊ သဲဘက်တွင် (ဃ)အဆင့်ရဲစခန်းနှင့် စပါးထား(ပိုးရှီမြင်)တွင် (င)အဆင့်ရဲစခန်း၊ စုစုပေါင်းရဲစခန်း ၃ ခုရှိပါတယ်။ အလယ်ချောင်း ကျေးရွာ သည် လက်ရှိရဲစခန်းများတည်ရှိတဲ့ ပုဏ္ဏားကျွန်းမြို့နှင့် ၁၀ မိုင်ခန့်ကွာဝေးပြီး ပိုးရှီမြင်ကျေးရွာနှင့်     ၁၂ ခန့်ကွာဝေးပါတယ်။ လက်ရှိအခြေအနေမှာ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလွှမ်းခြုံ နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ အလယ်ချောင်းကျေးရွာမှာ မှုခင်းဖြစ်ပွားမှုအခြေအနေက       ၂၀၀၆ ခုနှစ်အတွင်းမှာ လူသတ်မှု နှစ်မှု ဖြစ်ပွားခဲ့ပြီး ၂၀၀၇ ခုနှစ်ကနေ ယနေ့အထိ အမှုကြီးဖြစ်ပွား ခဲ့ခြင်းမရှိတာကို ရဲစခန်းမှုခင်းမှတ်တမ်းများအရ သိရှိရပါတယ်။ အလယ်ချောင်း ကျေးရွာအုပ်စု အပါအဝင် ကျန်ကျေးရွာအုပ်စုများကို ပုဏ္ဏားကျွန်းရဲစခန်းနှင့် ပိုးရှီမြင်ရဲစခန်းတို့က လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးတွေကို လှည့်ကင်းများနှင့် ဆောင်ရွက်လျက် ရှိပါတယ်။ ဒါကြောင့် လတ်တလောအခြေအနေများအရ အလယ်ချောင်းကျွန်းမှာရှိတဲ့ အလယ်ချောင်းကျေးရွာမှာ လောလောဆယ် ရဲကင်းစခန်းအသစ်ဖွင့်လှစ်ပေးဖို့ အစီအစဉ်မရှိသေးသော်လည်း ၂၀၁၂ ခုနှစ်၊ မေလကုန်နှင့် ဇွန်လဆန်းမှာ  ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များပေါ်မူတည်၍ ခရိုင်၊ မြို့နယ်၊ နယ်မြေများအလိုက် လေ့လာသုံးသပ်ပြီး လုံခြုံရေးလိုအပ်ချက်အရ အခြေအနေပေါ် မူတည်ပြီး ရဲစခန်း၊ ရဲကင်းများကို ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။