(ဂ)-၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပွဲတွင် မြန်မာ့ရိုးရာအားကစားနည်းများ ထည့်သွင်း ကျင်းပရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁.၈.၂၀၁၂)

(ဂ)-၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပွဲတွင် မြန်မာ့ရိုးရာအားကစားနည်းများ ထည့်သွင်း ကျင်းပရန် အစီအစဉ် ရှိ/မရှိ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲကို ယခုဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း ကျင်းပရန် အစီအစဉ် ရှိ/မရှိနှင့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ယခုနှစ် ပွင့်လင်းရာသီမှစ၍ ဆောင်ရွက် စေရန် အစီအစဉ် ရှိ/မရှိ  နှင့်စပ်လျဉ်းသည့် မေးခွန်း

အားကစားဝန်ကြီးဌာနရဲ့ ရည်မှန်းချက်များမှာ ရေတိုစီမံကိန်းအနေဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးမှာ မြန်မာ့ အားကစားသမားများ အောင်နိုင်ရေးပင်ဖြစ်ပါသည်ဟု သိရှိရပါသည်။ (၂၆) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံရဲ့ ဆုတံဆိပ်ရရှိမှုအနေအထားမှာ နိုင်ငံအလိုက်အဆင့်  ၇ သာ ရရှိခဲ့ပါတယ်။ ယခုအခါ မိမိတို့နိုင်ငံမှာ ကျင်းပမယ့် အားကစားပြိုင်ပွဲများမှာ နိုင်ငံအလိုက် အဆင့် ၇ ထက်တိုးတက်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ မဖြစ်မနေကြိုးစားရမှာ ဖြစ်ပါတယ်။ အဆိုပါ (၂၇) ကြိမ် မြောက်အားကစားပြိုင်ပွဲအတွက်  အားကစားနည်း ၃၂ မျိုးပါဝင်ယှဉ်ပြိုင်မည် ဟုလည်းသိရှိရပါတယ်။ ထူးချွန်သော၊ ထက်မြက်သော၊ စံချိန်မီသော အားကစားသမားများရရှိရေး အတွက်လည်း Champion Challenge Club ပြိုင်ပွဲများ ကျင်းပပြီးတော့ လူရွေးချယ်မှုများလည်း ပြုလုပ်နေကြောင်းသိရှိရပါတယ်။ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အပါအဝင် တာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများအားလုံး အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေကြောင်းလည်းသိရပါတယ်။ ဒါ့ကြောင့်မို့ ယခင် (၂၆) ကြိမ်မြောက် အားကစား ပြိုင်ပွဲထက် ဆုတံဆိပ်များပိုမိုရရှိကာ နိုင်ငံအလိုက် အဆင့် ၇ ထက် တိုးတက်ရရှိမည်မှာ သေချာ တယ်လို့ဆိုနိုင်ပါတယ်။ ဒါ့အပြင် မြန်မာအားကစားသမားများ ဆုတံဆိပ်များရရှိစေရန်အတွက် အခြားနိုင်ငံများကဲ့သို့ မိမိတို့ရိုးရာအားကစားနည်းများကို ထည့်သွင်းကျင်းပပေးရန် ဆောင်ရွက်နိုင် ပါက ဆုတံဆိပ်များရရှိမှုမှာ ယခုထက်ပိုမိုလာ မည်ဟုယုံကြည်ပါသည်။ သို့ပါ၍ မြန်မာနိုင်ငံအိမ်ရှင် အဖြစ်လက်ခံကျင်းပမယ့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာ့ရိုးရာ အားကစားနည်းများ ထည့်သွင်းကျင်းပရန် အစီအစဉ်ရှိ၊မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အားကစားနည်းဖြစ်ကြောင်း သိရှိလိုပါ၍ လေးစားစွာ မေးမြန်းအပ်ပါတယ်။

          အားကစားဝန်ကြီးဌာနရဲ့ နောက်စီမံကိန်းဖြစ်တဲ့ ရေရှည်စီမံကိန်းအနေနဲ့ မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ရှာဖွေဖော်ထုတ်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးပင်ဖြစ်ပါတယ်။ အားကစားဝန်ကြီးဌာနအနေဖြင့် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ရန်အတွက် မြို့နယ်အားကစား အရာရှိများ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်များ၊ မြို့နယ်အားကစားကော်မတီများနှင့် ပူးပေါင်းပြီးတော့ ရပ်ကွက်ပေါင်းစုံအားကစားပြိုင်ပွဲများ၊ ကျေးရွာ ပေါင်းစုံအားကစားပြိုင်ပွဲများကို ယခုနှစ် ပွင့်လင်းရာသီမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပ ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ ဒါ့အပြင် ခရိုင်အဆင့် အားကစားပြိုင်ပွဲများဖြစ်တဲ့ မြို့နယ် ပေါင်းစုံ အားကစားပြိုင်ပွဲများကိုလည်း ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲစသည်ဖြင့် တစ်မျိုးချင်း ပြိုင်ပွဲမျိုးသာ မဟုတ်ဘဲ တိုးချဲ့ပြီးတော့ ဒီနေ့မြန်မာနိုင်ငံမှာ အားနည်းနေတဲ့ ပြေးခုန်ပစ်ပြိုင်ပွဲများ အပါအဝင် အားကစားပြိုင်ပွဲများကို ယခုနှစ်ပွင့်လင်းရာသီမှာစပြီးတော့ ကျင်းပပြုလုပ်ပေးရန်  အစီအစဉ် ရှိ၊ မရှိလည်း သိလိုပါတယ်။ နောက်တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများ ကိုလည်း ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကျင်းပပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ
အဖြေ

မြန်မာ့အားကစားလက်ရွေးစင်များ သည် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သော (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၂၇ ခု နှင့် ကြေးတံဆိပ် ၃၉ ခု စုစုပေါင်း ဆုတံဆိပ်ပေါင်း ၈၁ ခုဖြင့် နိုင်ငံအလိုက်အဆင့် ၇ ရရှိခဲ့ပါတယ်။ ယင်း (၂၆) ကြိမ်မြောက်ပြိုင်ပွဲ၏ အစပိုင်းတွင် ပြိုင်ပွဲစတင်သည့် ၁၁-၁၁-၂၀၁၁ ရက်နေ့မှ  ၁၅-၁၁-၂၀၁၁ နေ့အထိ ရွှေတံဆိပ်မရနိုင်သေးပဲ ၁၆-၁၁-၂၀၁၁ နေ့တွင်မှ မြန်မာ့မြားပစ်အားကစားမယ် အောင်ညှိမ်းက အမျိုးသမီးတစ်ဦးချင်း Compound မြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်စတင်ရယူပေးနိုင်ခဲ့ပါတယ်။ ယင်းနောက်ပိုင်းတွင် နိုင်ငံတကာလှေပြိုင်ပွဲမှလည်းကောင်း၊ ရိုးရာလှေပြိုင်ပွဲများမှလည်းကောင်း၊ ဝူရှူးအားကစားနည်းမှလည်းကောင်း၊ ဂျူဒိုအားကစားမှလည်း ကောင်း၊ ပိုက်ကျော်ခြင်း အမျိုးသမီး ၂ ယောက်တွဲမှလည်းကောင်း ရွှေတံဆိပ်နှင့် ငွေတံဆိပ်များရရှိ ကာလာအိုနိုင်ငံ၏ အထက်အဆင့် ၇ သို့‌ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ အားကစားအမျိုးအစား ၃၀ ပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင် ၆ မျိုး၌သာ ရွှေတံဆိပ် ၁၆ ခုရရှိခဲ့ပြီး ၁၁ ဆုကို အမျိုးသမီးအားကစားမယ် များက ရယူပေးခဲ့ကြောင်းလည်း မှတ်တမ်းတင်ပါတယ်။ တည်ငြိမ်မှုစွမ်းရည်နှင့် ယှဉ်ပြိုင်ရသော မြားပစ်၊ ခွန်အားဖြင့် ယှဉ်ပြိုင်ရသော လှေလှော်ပြိုင်ပွဲ၊ ကျွမ်းကျင်မှုနှင့် ယှဉ်ပြိုင်ရသော ပိုက်ကျော် ခြင်း၊ ခွန်အားနှင့် ယှဉ်ပြိုင်ရသော ဂျူဒိုနှင့် ဝူရှူးတို့တွင် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ပြေးခုန်ပစ်နှင့် ရေကူး အားကစားနည်း၊ ဘောလုံး၊ ဘောလီဘော၊ စားပွဲတင်တင်းနစ် စသည်တို့တွင် ရွှေတံဆိပ်မရယူ နိုင်ခဲ့ပါကြောင်း တင်ပြအပ်ပါတယ်။           မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် (၂၇) ကြိမ် မြောက်ပြိုင်ပွဲတွင် ယခုထက် ပိုမိုအောင်မြင်မှုရယူရန် ပြင်ဆင်မှုများနှင့် ကြိုးပမ်းလျက်ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ အားကစားနည်းများနှင့် ထပ်ဖြည့်ရိုးရာအားကစားနည်း စုစုပေါင်း ၃၂ မျိုးခန့် လက်ခံကျင်းပသွားဖွယ်ရှိကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဗျူဟာကျကျ တွက်ချက်စီမံလျက်ရှိပါတယ်။ အ‌ွခေခံအားဖြင့် ပါဝင်မည့်အားကစားမျိုးများမှာ အသင်းလိုက်ယှဉ်ပြိုင် ရသော ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ပိုက်ကျော်ခြင်း၊ ဂေါက်သီးပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ တင်းနစ်ကဲ့သို့သော လက်ဖြင့်ကစားရသော ပြိုင်ပွဲများ၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ သေနတ်ပစ်၊ လှေလှော်၊ ကနူး၊ ကယက်၊ နိုင်ငံတကာလှေ၊ ရိုးရာလှေ၊ ရွက်လှေ၊ စက်ဘီး၊ မြင်းစီးကဲ့သို့သော စံချိန်နှင့် ပြိုင်ရသောပြိုင်ပွဲများ၊ ကာယအလှ၊ နပန်း၊ လက်ဝှေ့၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ ကရာတေးဒို၊ ဝူရှူး၊ ပန်ကြပ်ဆီလတ်၊ မွေ့၊ ဗိုဗီနမ်၊ ကျွမ်းဘားစသော အမြင်ဖြင့် ကြည့်ရှုဆုံးဖြတ်ရသော ပြိုင်ပွဲများစသည်တို့ လျာထားပါတယ်။ အချို့သော အာဆီယံနိုင်ငံများက ၎င်းတို့ကျွမ်းကျင်ရာ ကျွမ်းကျင်ရာ အားကစားမျိုးများကိုလည်း ထည့်သွင်းကျင်းပပေးရန် တောင်းဆို လျက်ရှိရာ မြန်မာနိုင်ငံ၌ဆိုင်ရာအားကစားနည်း၏ အားကစားအဖွဲ့ချုပ်မရှိသေးခြင်း၊ ပြိုင်ပွဲကျင်းပရန် ကွင်း၊ ရုံလုံလောက်မှုမရှိသေးခြင်း၊ အားကစားသမားနှင့် နည်းပြမရှိသေးခြင်းတို့ကြောင့်လည်း သူတို့ တင်ပြချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

ပြိုင်ပွဲများတွင် အိမ်ရှင်၏အားသာချက်သည် မျက်မြင်ဆုံးဖြတ်ရသော အတိုက် ဂျူဒို၊ တိုက်ကွမ် ဒို၊ ဝူရှူးစသည်ဖြင့် အတိုက်အားကစားနည်းမျိုးများသည် ပရိသတ်တစ်ခဲနက်အားပေးမှု အသာစီ ရသော အားကစားမျိုးများပင် ဖြစ်ပါသည်။ ကျန်အားကစားတော်တော်များများမှာ အားကစားသမား တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းစွမ်းရည်ထက်မြက်၊ ကောင်းမွန်မှသာ ရွှေတံဆိပ်ရရှိမည်ဖြစ်ပါသည်။ ရိုးရာ အားကစားနည်းကို ထည်‌့မည်ဆိုပါက အိမ်ရှင်နှင့်ပြိုင်ပွဲဝင်နိုင်ငံအချို့တွင် သက်ဆိုင်ရာအားကစား အဖွဲ့ချုပ်ရှိရခြင်း၊ အားကစားနည်းဥပဒေနှင့် စည်းမျဉ်းရေးဆွဲပြီးရခြင်း၊ ဒိုင်၊ ဂျူရီ၊ နည်းပြလုံလောက်မှု ရှိရခြင်း၊ ပြိုင်ပွဲဝင် ၅ နိုင်ငံက ထည့်သွင်းကျင်းပရန် သဘောတူပြီး ၄ နိုင်ငံပါဝင်ယှဉ်ပြိုင်နိုင်ရန် လိုအပ်ခြင်းတို့နှင့် ပြည့်စုံရပါတယ်။ မြန်မာ့ရိုးရာအားကစားနည်းွဖစ်သော သိုင်းနှင့် ခြင်းလုံး အားကစားနည်းများ ထည့်သွင်းကျင်းပနိုင်ရေးအတွက် ပြီးခဲ့သော ၁၄-၇-၂၀၁၂ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည့် SEAGF ခေါ် အရှေ့တောင်အာရှ အားကစားအဖွဲ့ဝင်နိုင်ငံများ ကောင်စီအစည်းအဝေး၌ စည်းရုံးဆွေးနွေးခဲ့ပါသည်။ လာမယ့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် ထပ်မံစည်းဝေးဆုံးဖြတ်သည့်အခါ သိရှိနိုင်မည်ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ရေရှည်စီမံချက်ဖြစ်သော မျိုးဆက်သစ်အားကစားသမားများ ရရှိနိုင်မှုကို ကျောင်းများမှရရှိနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်စီစဉ်ပေးလျက် ရှိပါတယ်။ ယခုပညာသင် နှစ်တွင် ပညာရေးဝန်ကြီးဌာနသည် ကျောင်းပေါင်းစုံဖိတ်ခေါ်ပြိုင်ပွဲများအဖြစ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ရေကူး၊ ပြေးခုန်ပစ်၊ ကာယဗလ၊ ကြက်တောင်ပြိုင်ပွဲများ ကျင်းပသွားမည်ဟု သိရပါတယ်။ တက္ကသိုလ်နှင့် ကောလိပ်များ၌ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများလည်း ကျင်းပမည်ဟု သိရပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို  အားကစားပြက္ခဒိန်နှင့်အညီ ကျင်းပပေးခဲ့သော်လည်း အရှိန်အဟုန်မြှင့် အားကစားကဏ္ဍအဖြစ်မရရှိသေးပဲ ရည်မှန်းချက်မပီပြင် သေးသော အပျော်တမ်းအားကစားပြိုင်ပွဲ အဆင့်ွဖင့်သာရှိနေသေးသည်ဟု သုံးသပ်ရရှိရာ ွပည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကလည်း မိမိတို့ကိုယ်စားပြုရာ နယ်ပယ်အသီးသီးတွင် လူငယ်ထု အတွင်း အားကစားယှဉ်ပြိုင်လိုစိတ်ပြင်းပြပြီး ရည်မှန်းချက်နှင့် လေ့ကျင့်ကြိုးစားယှဉ်ပြိုင်ရန်၊ မိဘများကလည်း ပညာရေးနှင့် အားကစားကို ဟန်ချက်ညီအားပေးရန် စည်းရုံးတိုက်တွန်းပေးပါမည့် အကြောင်းလည်း မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဦးအောင်ဆန်း၏ ကြယ်ပွင့်ပြမေးခွန်း  များကို ဖြေကြားမှု၏ နောက်ဆုံးအဖြစ်တင်ပြလိုသည်မှာ  အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အရှေ့ တောင်အာရှတွင် အောင်မြင်မှုနေရာ ပြန်လည်ရရှိရေး၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲအထိ တက်လှမ်းနိုင်ရေး အတွက် အားကစားဝန်ကြီးဌာနက လက်ငင်းစီမံချက်၊ ကာလတို စီမံချက်၊ ရေရှည်မျှော်မှန်းချက်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ လူငယ်လူရွယ် အားကစားဝါသနာရှင်များသည်အများနှင့် ပူးပေါင်း ယှဉ်ပြိုင်ရသော အမြင်၌ ရင်းနှီးကျွမ်းဝင်နေသော ဘောလုံးအားကစားအပြင် ကိုယ်တိုင်၏ စွမ်းရည် အစစ်အမှန်ပြသနိုင်သော တစ်ဦးချင်းယှဉ်ပြိုင်အားကစားနည်းမျိုးများတွင် ကိုယ်ရောစိတ်ပါ တက်ကြွ သောမာန်ဖြင့် လေ့ကျင့်ကြိုးစားကစားကြကာ မြန်မာ့ဂုဏ်မြှင့်တင်နိုင်ရေးစိတ်ဓာတ်များ ကိန်းအောင်း ရှင်သန်လာစေရန် ဝိုင်းဝန်းစည်းရုံးတိုက်တွန်းပေးကြပါဟု ရှင်းလင်းဖြေကြားပါသည်။