သမ္မတရဲ့ Good Governance, Clean Government ဆိုတဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်လို့ မေးမြန်းခြင်းဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဝန်ကောင်း မှပြည်အောင်ဆိုသလို နိုင်ငံ့ဝန်ထမ်းတွေ အရည်အချင်း၊ အရည်အသွေး၊ နိုင်ငံအပေါ်ထားရှိတဲ့ စိတ်ထားတွေ ကောင်းမွန်ဖို့ အထူးလိုအပ်ပါတယ်။ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးကို အစိုးရဌာနများက အနီးကပ်အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အတွက် အစိုးရဝန်ထမ်းကောင်းဖြစ်ဖို့ အထူးလိုအပ် ပါတယ်။ နိုင်ငံတိုးတက်မှုရဲ့အခြေခံဟာ ဝန်ထမ်းကောင်းပဲလို့ ကျွန်တော် ဒီလိုသုံးသပ်မိပါတယ်။ ယခင်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ပါတီရယ်၊ ကောင်စီ၊ စာရင်းစစ်ရယ်ဆိုပြီးတော့ အဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့ဟာ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ငွေကြေးသုံးစွဲမှုကို Check and Balance အပြန်အလှန်ထိန်းကျောင်းထားတဲ့အတွက် မြို့နယ်အဆင့်မှာ အောင်မြင်သင့်သလောက် အောင်မြင်ပြီး အလွဲသုံးစားမှုတွေကို သက်တမ်းတစ်လျှောက်လုံး အတော်ကလေးထိန်းချုပ်ပေးနိုင် တာကိုတွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံတော်ငွေကို အောက်ခြေမှာ ယိုဖိတ်မှုမရှိအောင်ထိန်းချုပ် နိုင်တာကိုတွေ့ရှိရပါတယ်။ အဲ့ဒီတုန်းက မြို့နယ်စာရင်းစစ်တွေက လုပ်ငန်းရော၊ ငွေကြေးသုံးစွဲမှုကို တစ်ပြိုင်တည်းစစ်ဆေးပြီးတော့ အထက်ကိုတင်ပြတဲ့အတွက် လုပ်ငန်းအောင်မြင်မှုကိုလည်း တည့်မတ် ပေးပြီး လေလွင့်ဆုံးရှုံးမှုနှင့် အလွဲသုံးစားမှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ထိန်းချုပ်ပေးနိုင် တာကိုတွေ့ရပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အခုအခါမှာ ဌာနဆိုင်ရာတွေ လုပ်ငန်းဆောင်ရွက်မှုနှင့် ငွေကြေးသုံးစွဲမှုတွေမှာ အားနည်းမှုတွေအနည်းငယ် တွေ့ရှိ နေရပါတယ်။ ကျွန်တော့်ထံ ပြည်သူလူထုရဲ့တင်ပြချက်၊ တိုင်ကြားချက်တွေဟာ ဌာနဆိုင်ရာများရဲ့ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအားနည်းမှုကြောင့် ဖြစ်ပေါ်လာသောတိုင်ကြားမှုများဖြစ်နေကြောင်း သုံးသပ် တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ဤမေးခွန်းနှင့်ပတ်သက်၍ (၁) ဌာနဆိုင်ရာ၊ အပေါ်နှင့်အောက်လုပ်ငန်း ဆောင်ရွက်မှုနှင့် ငွေကြေးသုံးစွဲမှုကို မည်သို့ထိန်းကျောင်းဆောင်ရွက်ထားပါသလဲ။ (၂) ဌာနဆိုင်ရာ အတွင်း စာရင်းစစ်နှင့် ပြင်ပစာရင်းစစ်တို့ရဲ့တွေ့ရှိသော အချက်အလက်တွေအပေါ်မှာ မည်သို့ အရေးယူဆောင်ရွက်ပါသလဲ။ (၃) နိုင်ငံတော်ငွေကြေး ဆုံးရှုံးနစ်နာမှုကို မည်သို့ကြိုတင်ကာကွယ် အရေးယူဆောင်ရွက်ထားမှုရှိ၊ မရှိသိရှိလိုပါကြောင်း သမ္မတရဲ့ Good Governance, Clean Government ကို အထောက်အပံ့ဖြစ်စေရန်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။
မြို့နယ်စာရင်းစစ်ရုံးများဟာ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ မြို့နယ်အဆင့်ဌာနအဖွဲ့ အစည်းများရဲ့ လုပ်ငန်းနှင့်စာရင်းများ ကို External Auditor များအဖြစ်စစ်ဆေးနေပါတယ်။ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာတွေကိုလည်း စစ်ဆေးခံအဖွဲ့အစည်းက အရေးယူဆောင်ရွက်ရမည့် အချက်၊ ကျွန်တော်တို့ရဲ့ စစ်ဆေးတွေ့ရှိချက်၊ အကြံပြုတိုက်တွန်းချက်စသည်ဖြင့် ခွဲခြားဖော်ပြပြီးတော့ ထုတ်ပြန်ပါတယ်။ အစီရင်ခံစာထုတ်ပြန်တဲ့ အခါမှာ အစီရင်ခံစာအရ အရေးယူဆောင်ရွက်မှုကို သင့်တင့်လျောက်ပတ်တဲ့ကာလအတွင်း အရေးယူ ပြန်ကြားပေးဖို့ ပြန်ကြားပေးရမယ့်ကာလကိုလည်း အစီရင်ခံစာမှာ သတ်မှတ်ဖော်ပြပေးခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိချက်အပေါ်မူတည်ပြီးတော့ သက်ဆိုင်ရာအဖွဲ့အစည်းအနေနဲ့ ဆောင်ရွက်ရမယ့် ကိစ္စဟာ အကြမ်းဖျင်းအားဖြင့် ခွဲခြားကြည့်မယ်ဆိုရင် ကျွန်တော်တို့ ၃ မျိုးရှိပါတယ်။ ချက်ချင်း အရေးယူရန်ကိစ္စများ။ အဲ့ဒါကတော့ လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှုစသည့်ကိစ္စများဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ဥပဒေအရအရေးယူရန်ကိစ္စများ ဖြစ်ပါတယ်။ အဲ့ဒါကလည်း တည်ဆဲဥပဒေများနှင့်ငြိစွန်းတဲ့ မသမာမှု၊ အလွဲသုံးစားမှုများကိုဥပဒေ ကြောင်းအရ ဆက်လက်အရေးယူရမယ့်ကိစ္စများဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးအရေးယူရန်ကိစ္စများဖြစ်ပါတယ်။ ဝန်ထမ်းများရဲ့ စည်းမျဉ်း၊ စည်းကမ်းမလိုက်နာမှု၊ လုပ်ငန်းပေါ့လျော့မှုစသည့်အချက်များဖြစ်ပါတယ်။
မြို့နယ်စာရင်းစစ်ရုံးများရဲ့ အစီရင်ခံစာများအပေါ်မှာ စစ်ဆေးခံအဖွဲ့အစည်းများက သင့်တင့်တဲ့ အချိန်ကာလအတွင်းမှာ အရေးယူမဆောင်ရွက်လျှင်သော်လည်းကောင်း၊ သို့မဟုတ် သင့်တင့်တဲ့အချိန်အတွင်းမှာ ဆောင်ရွက်မှု မပြီးပြတ်သေးလျှင်သော်လည်းကောင်း သို့မဟုတ် အရေးယူဆောင်ရွက်မှုဟာ ပြည့်စုံလုံလောက်မှုမရှိခြင်း၊ မလျော်ကန်ခြင်းဖြစ်သည်လို့တွေ့ရှိရလျှင် သော်လည်းကောင်း ခရိုင်စာရင်းစစ်ရုံးမှတစ်ဆင့် ပြည်နယ်/တိုင်းစာရင်းစစ်ချုပ်ရုံးများသို့ တင်ပြ ပြီးတော့ ပြည်နယ်/တိုင်းစာရင်းစစ်ချုပ်ရုံးဟာ သက်ဆိုင်ရာပြည်နယ်/တိုင်းအစိုးရအဖွဲ့သို့ တင်ပြပြီး စီမံခန့်ခွဲမှုနည်းလမ်းအရဖြစ်စေ၊ ဥပဒေအရဖြစ်စေ အရေးယူရန် တွန်းအားပေးဆောင်ရွက်လျက်ရှိပါ တယ်။ တစ်ချိန်တည်းမှာပဲ အရေးကြီးတဲ့ကိစ္စများ Material Finding များဆိုလို့ရှိရင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအထိတင်ပြပြီးတော့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကလည်း အဲ့ဒီလို အချက်အလက် များကိုစုစည်းပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို တင်ပြကာ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူ့ကောင်စီ အဆင့်ဆင့်က မြို့နယ်လုပ်ငန်းစစ်အဖွဲ့များဆောင်ရွက်သလို့ပဲ ကျွန်တော်တို့ ဒီခေတ် ဒီအစိုးရလက်ထက်မှာလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ တွန်းအားပေးပြီးတော့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာနများရဲ့ အရေးယူဆောင်ရွက်မှုဟာလည်း အားရစရာကောင်းပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
