မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များအားလုံးဟာ အသက်၊ သွေး၊ ချွေးပေးပြီး တိုက်ပွဲဝင်ခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံ၏ နိုင်ငံနှင့်နိုင်ငံသားများ အကျိုးငှာ နောင်လာနောက်သားများအတွက် သမိုင်းမှတ်တမ်းတစ်ခု စိုက်ထူရန်အလို့ငှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့ကြသော ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များသည် သမိုင်းစာပေမှတ်တမ်းများတွင် တည်ရှိခဲ့သော်လည်း သမိုင်း မှတ်တမ်းဝင် ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့်တကွ ကျောက်စာတိုင်သမိုင်းမှတ်တမ်း မော်ကွန်း ကျောက်စာတိုင်တစ်ခု တည်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ဦးစီးဦးဆောင်ပြုကာ ကြိုးပမ်းခဲ့ကြသည့် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များ၏ သမိုင်းမှတ်တမ်းများအား စာပေဖြင့် နိုင်ငံတော်မှ မှတ်တမ်းတင်ထားရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို လွတ်လပ်ရေးရရှိအောင် ဦးစီးဦးဆောင်ပြု၍ မိမိတို့၏ဆန္ဒအလျောက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များအား ဂုဏ်ပြုသောအားဖြင့် သမိုင်းမော်ကွန်း ကျောက်စာတိုင်တည်ထားရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
