ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း မိုးဗြဲကျေးရွာအနီး ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့၏ မြောက်ဘက် ၁၈ မိုင်ခန့်အကွာ ဘီလူးချောင်းပေါ်တွင် တည်ရှိသော မိုးဗြဲရေလှောင်တမံသည် ဘီလူးချောင်း၏ ရေစီးအား ရေနှစ်ပတ်လည်သိုလှောင်ထိန်းသိမ်းထားနိုင်မှု ကြောင့် ဘီလူးချောင်း အမှတ်(၁)ဓာတ်အားပေးစက်ရုံမှ ၁၄x၂ = ၂၈ မဂ္ဂါဝပ်နဲ့ ဘီလူးချောင်း အမှတ်(၂)ဓာတ်အားပေးစက်ရုံမှ ၂၈ x ၆ = ၁၆၈ မဂ္ဂါဝပ်၊ စုစုပေါင်း ၁၉၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် အတွက် လိုအပ်သည့်ရေကို သိုလှောင်ထုတ်လွှတ်ပေးခြင်း၊ လယ်မြေဧက ၂၀၀၀၀ စိုက်ပျိုးရေ ပေးဝေ နိုင်ခြင်း၊ ရှမ်းပြည်နယ် အင်းလေးကန်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့အကြား ရေကြောင်းခရီးသွား လာနိုင်ခြင်းစသည့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခု အခါ ဘီလူးချောင်းအမှတ်(၃)ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းပြီးစီးပါက ၂၆ x ၂ = ၅၂ မဂ္ဂါဝပ် ထပ်မံ ထုတ်ယူနိုင်မည် ဖြစ်ပါတယ်။ သို့သော်လည်း မိုးဗြဲ ရေလှောင်တမံသည် ၁၉၆၇ ခုနှစ်မှ စတင်၍ တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၄၅ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပါ၍ ရေလှောင်တမံနှင့် တူးမြောင်းများအတွင်း နုန်းများပို့ခြင်း၊ ရေထိန်းတံခါးများ ပြုပြင်ရန်လိုအပ်ခြင်း စသည့် တမံအဆင့်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်များ ရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့် ရှမ်းပြည်နယ် အင်းလေးကန်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့အကြား ရေကြောင်းခရီး ပြန်လည်သွားလာနိုင်စေရန် ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါ ကြောင်း။ အစီအစဉ် ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအနီး ဘီးလူးချောင်းပေါ်တွင် တည်ရှိသော မိုးဗြဲရေလှောင်တမံကို မြန်မာ့လျှပ်စစ်ဓာတ် အားလုပ်ငန်း ဘီလူးချောင်း အမှတ်(၂) ဓာတ်အားပေးစက်ရုံလောပိတမှ ၁၉၆၇ ခုနှစ်မှ စတင်တည် ဆောက်ခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် ပြီးစီးခဲ့ပါတယ်။ လယ်မြေဧက ၁၇၉၁၇ ဧက ရေပေးဝေရန် ရည်ရွယ်၍ ရေပေးမြောင်းများ၊ ရေထိန်းအဆောက်အအုံများ အပါအဝင် ရေသောက်စနစ်အားလုံးကို ကယား ပြည်နယ် ဆည်မြောင်းဦးစီးဌာနမှ ၁၉၇၉ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၁၉၈၂ ခုနှစ်တွင် တည် ဆောက်ပြီးစီးခဲ့ပါတယ်။ မိုးဗြဲရေလှောင်တမံနှင့် ရေထိန်းတံခါးများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များကို အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါတယ်။ ပုံမှန်စစ်ဆေးထိန်းသိမ်း ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် တာတမံမှာ ကြံ့ခိုင်တောင့်တင်းကောင်းမွန်ပြီး ရေထိန်း တံခါးများ ကောင်းမွန်စွာ လုပ်ဆောင်လျက်ရှိပါတယ်။ ရေလှောင်တမံအတွင်း နုန်းများပို့ချမှု၏ အဓိက အကြောင်းရင်းမှာ သစ်တောများပြုန်းတီးလာခြင်း၊ ရွှေ့ပြောင်းတောင်ယာများနှင့် ကျွန်းမျောစိုက်ခင်း တိုးချဲ့ခြင်းတို့ကြောင့်ဖြစ်သည့်အတွက် ရေတိုရေရှည် စီမံချက်ချမှတ်၍ သက်ဆိုင်ရာဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်။ မိုးဗြဲရေလှောင်တမံကို ရေပေးမြောင်းအပါအဝင် ဆည်ရေသောက်စနစ်တစ်ခုလုံးအား ဆည်မြောင်းဦးစီးဌာန၏ အုပ်ချုပ်မှုအောက်တွင်ထားရှိပြီး ရေပေးဝေခြင်း၊ ရေပေးမြောင်းနှင့် ရေထိန်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ဆည်မြောင်းဦးစီးဌာန ကယားပြည်နယ်ရုံးမှ တာဝန် ယူဆောင်ရွက်ပါတယ်။ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ဆည်ရေသောက်စနစ် နှင့်ပတ်သက်ပြီး ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အောက်ဖော်ပြပါအတိုင်း ရေပေးမြောင်း များအား ပြုပြင်ဆောင်ရွက်ခဲ့ပါတယ်။ (၁) ရေပေးမြောင်းမကြီး လက်ဝဲ လက်ယာစုစုပေါင်း ၂၅.၄၁ မိုင်ရှိသည့်အနက် ၁၂.၇၇ မိုင်အား သဲနုန်းတူးဖော်ခြင်း၊ ပုံစံကျပြုပြင်ခြင်းလုပ်ငန်းများ၊ (၂) လက်တံ မြောင်းများ စုစုပေါင်း ၁၃.၄၅ မိုင်ရှိ သည့်အနက် ၂.၅၂ မိုင်အား သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ၊ (၃) မိုင်နာမြောင်းများ စုစုပေါင်း ၇၅ ခုရှိသည့်အနက် မိုင်နာမြောင်း ၁၂ ခုအား သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အောက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါတယ်။ (၁) ရေပေးမြောင်းမကြီး လက်ဝဲ လက်ယာပုံစံကျတူးဖော်ခြင်း ၁၂.၆၄ မိုင်၊ (၂) လက်တံမြောင်းများ ပုံစံကျတူးဖော်ခြင်း ၃ မိုင်၊ (၃) မိုင်နာမြောင်းများ သဲနုန်းတူးဖော်ခြင်း ၂၀ ခုတို့ ဖြစ်ပါတယ်။ ကျန်ရှိသော ဆည်ရေသောက် စနစ်ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၁၃-၂၀၁၄ ခု ဘဏ ်ဍာရေးနှစ်တွင် ရန်ပုံငွေဆက်လက်တင်ပြ တောင်းခံ၍ ခွင့်ပြုချက်ရရှိသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ရေကြောင်းသွားလာမှုများကို အဓိကအသုံးပြုသည့် မြစ်ကြီးများတွင်သာ မြစ်ချောင်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်လျက်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် ရှမ်းပြည်နယ်၊ အင်းလေးကန်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့အကြားရှိ ရေကြောင်းခရီးပြန်လည်သွားလာနိုင်ရန်ကိစ္စကို လတ်တလောအချိန်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
