(က)-ခရီးသွားလာသူများ အနေဖြင့် အဆင့်မီ၊ ခေတ်မီသော မော်တော်ယာဉ်များဖြင့် သွားလာ နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၅.၇.၂၀၁၂)

အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် မူဝါဒတွေ ချမှတ်ပြီးတော့ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် ကျွန်တော့် မေးခွန်းကတော့ (က) ပုဂ္ဂလိက မော်တော်ယာဉ်အသစ်များ ဝယ်ယူနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ၏ လက်တွေ့ ဆောင်ရွက်မှုများကို အများပြည်သူအသိအမှတ်ပြုနေပြီ ဖြစ်ပါသည်။ သို့သော် ယနေ့အထိ ရန်ကုန်မြို့တော်၌ အများပြည်သူခရီးသွားလာရေး အထူးသဖြင့် ရုံးတက်ရုံးဆင်းအချိန်၌ ပြေးဆွဲလျက် ရှိသော မော်တော်ယာဉ်လိုင်းများသည် ယာဉ်အို၊ ယာဉ်ဟောင်းများကိုသာ ဆက်လက်သုံးစွဲနေဆဲဖြစ် သောကြောင့် ခရီးသည်များ အခက်အခဲအကျပ်အတည်းများ ကြုံတွေ့နေရပါသည်။ (ခ) အဆိုပါ ယာဉ်အို၊ ယာဉ်ဟောင်းများဖြင့် ယာဉ်လိုင်းများ၌ ပြေးဆွဲနေသောကြောင့် ခရီးသွားလာသူပြည်သူများ အနေဖြင့် အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်နေရသည်ဖြစ်ရာ ရန်ကုန်မြို့တော်၌ အိမ်နီးချင်းနိုင်ငံများ ကဲ့သို့ အဆင့်မီ၊ ခေတ်မီသော မော်တော်ယာဉ်များဖြင့် မည်သည့်အချိန်တွင် သွားလာနိုင်ရေးအတွက် ဆောင်ရွက်ပေးပါမည်နည်း။ (ဂ) အဆိုပါမော်တော်ယာဉ်များဖြင့် မော်တော်ယာဉ်လိုင်းများ ပြေးဆွဲနိုင် ရန် ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု နိုင်ငံခြားအကူအညီနှင့် အထောက် အပံ့များရယူပြီး ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။    


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်
အဖြေ

ရန်ကုန်မြို့တွင်း Bus ကားလိုင်းများမှာရှိတဲ့ ယာဉ်များမှာ ယာဉ်ဟောင်းများဖြင့် ပြေးဆွဲနေတဲ့အတွက်ကြောင့် ခရီးသွားပြည်သူလူထုအနေနဲ့ အန္တရာယ်အမျိုးမျိုးကိုရင်ဆိုင်နေရသဖြင့် ရန်ကုန်မြို့တော်၌ အိမ်နီးချင်းနိုင်ငံများကဲ့သို့ အဆင့်မီ၊ ခေတ်မီသော မော်တော်ယာဉ်များွဖင့် ပြေးဆွဲနိုင်ရေးအတွက် နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်မြို့တွင်းခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကို နိုင်ငံတကာ အဆင့်မီယာဉ်များနှင့် စနစ်တကျပြေးဆွဲပေးနိုင်ရေး၊ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာဖြင့် သွားလာနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ဆောင်ရွက်လျက်ရှိပါတယ်။ ဂျပန်နိုင်ငံက Oriental Transportation Enterprise Company Limited မှ ကုန်းလမ်းပို့ဆောင်ရေးနှင့် အကျိုးတူလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိပါတယ်။ မြို့တွင်းခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးတဲ့နောက်မှာတော့ အခြားပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလားတူ ရင်းနှီးမြှုပ်နှံနိုင်မယ့် ပြည်တွင်းပြည်ပကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့လည်း ဂျပန်နိုင်ငံက Oriental Transportation Enterprise Company Limited နဲ့ မြို့တွင်းခရီးသွားလုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အတွက် မူအားဖြင့် သဘောတူခွင့်ပြု ထားပြီး အသေးစိတ်ဆက်လက်ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်။ နှစ်ဖက်ညှိနှိုင်းပြီးစီးပါက အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ကာ ရန်ကုန်မြို့တော်မှာ နိုင်ငံတကာအဆင့်မီ ခေတ်မီတဲ့ ယာဉ်များဖြင့် သွားလာနိုင်ရေးကို ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

          ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။              ။ တစ်ဆက်တစ်စပ်တည်း မေးခွန်းတစ်ခုတော့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကို မေးပါရစေ။ ခုနကပြောတဲ့ မူဝါဒချမှတ်ပြီးတော့ အသေးစိတ်ညှိနှိုင်း အမြန်အကောင်အထည်ဖော်မယ်ဆိုတဲ့အတွက် ကြိုဆိုပါတယ်။ သို့သော်လည်း ရန်ကုန်မှာရှိတဲ့လူဦးရေ ၆ သန်းဟာ အဲယားကွန်းပါတဲ့ ကားကောင်းကောင်းတွေ ဘယ်အချိန် လောက်မှာ စီးရမလဲဆိုတာ အနီးကပ်ဆုံးခန့်မှန်းခြေအဖြေလေးတော့ ရန်ကုန်မှာရှိတဲ့ လူထုကြီး မျှော်လင့်လို့ရအောင် အဖြေလေးပေးပါလို့ ရှင်းရှင်းလင်းလင်းမေးပါရစေ။ ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

          ဦးချန်မောင်(ဒုတိယဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန)။                 ။ ကျွန်တော်တို့ ကြိုတင် ညှိနှိုင်းချက်များအရတော့ ဒီနှစ်မကုန်ခင်ပြီးအောင်ဆောင်ရွက်ဖို့ကြိုတင်ညှိနှိုင်းထားပါတယ်။ အဲ့ဒီဟာ ဖြစ်အောင်လည်း ကျွန်တော်တို့ အမြန်ဆုံးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။