ပြည်မမှပြည်နယ်များတွင် သွားရောက်တာဝန်ထမ်းဆောင်နေကြရသော ဆရာ ဆရာမများပြောင်းရွှေ့ ရေးတွင် ယခင်က ၂ နှစ်ပြည့်လျှင်ပြောင်းရွှေ့ခွင့်ပေးသည်ဟုသိရှိရပါတယ်။ သို့ရာတွင် ပြည်နယ်တွင် ၅ နှစ် ၊ ၆ နှစ်ကျော်ကြာနေပြီဖြစ်သော်လည်း ယနေ့အထိပြောင်းရွှေ့ခွင့်မရသေးသော ဆရာဆရာမများအနေဖြင့် ၂ နှစ်ပြည့်သည့်အချိန်မှစ၍ နှစ်စဉ်အပြောင်းအရွှေ့ခေါ်တိုင်းလျှောက်ထားခဲ့ကြ သော်လည်း ယနေ့ အထိပြောင်းရွှေ့ခွင့်မရသေးကြောင်းသိရှိရပါတယ်။ သို့ပါ၍ ပြည်နယ်အသီးသီးတွင် နှစ်ကာလကြာမြင့်စွာတာဝန်ထမ်းဆောင်နေကြရသော ဆရာဆရာမများ ပြောင်းရွှေ့ခွင့်ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနမှ မည်သို့မူဝါဒများချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကို သိရှိလိုပါဖြင့် မေးမြန်းရခြင်းဖြစ်ပါသည်။
ပြည်နယ်အသီးသီးကိုသွားရောက် တာဝန်ထမ်းဆောင် နေကြတဲ့ ဆရာ/မများရဲ့ပြောင်းရွှေ့ရေး ကိစ္စနှင့်ပတ်သက်ပြီး လက်ရှိကျောင်းများတွင် လုပ်သက်ကြာမြင့်မှု၊ ပြောင်းရွှေ့လျှောက်လွှာပါ ဆန္ဒပြုရာမြို့နယ်၊ ကျောင်းဦးစားပေးအစီအစဉ်၊ ဘာသာရပ်ကိုက်ညီမှု၊ ဆရာနှင့် ကျောင်းသားအချိုး၊ လစ်လပ်နေရာများတွင် သင်တန်းဆင်း ခန့်ထားနိုင်မှု၊ တပ်ပြောင်း၊ ဝန်ထမ်းပြောင်း၊ မိသားစုအခက်အခဲ၊ လူမှုရေးအခက်အခဲတို့ အပေါ်မူတည်ပြီး ပြောင်းရွှေ့လျှောက်လွှာများကို တန်းစီဇယားပြုစု၍ ပြောင်းရွှေ့ပေးလျက်ရှိပါတယ်။ ဆရာ ဆရာမများရဲ့လျှောက်လွှာများမှာ ဆန္ဒပြုထားတဲ့ကျောင်း၊ မြို့နယ်များကို ဦးစားပေးစဉ်းစား သော်လည်း ၎င်းဆန္ဒပြုတဲ့နေရာမှာ ဆရာနှင့် ကျောင်းသားအချိုးအရ ဆရာပိုနေပါက ပြောင်းရွှေ့ ၍မရဘဲ ဆရာလိုအပ်ပါကပြောင်းရွှေ့ပေးလျက်ရှိပါတယ်။ ဆရာဆရာမများသည် ပြောင်းရွှေ့ရေး အတွက် ဆန္ဒပြုရာမှာ ကျောင်းအမည်၊ မြို့နယ်အမည်သာဖော်ပြမည့်အစားမြို့နယ်အတွင်းရှိ မည်သည့်ကျောင်းကိုမဆို။ ပြည်နယ်/တိုင်းဒေသကြီးအတွင်းရှိ မည်သည့်မြို့နယ်၊ မည်သည့်ကျောင်းကို မဆိုဟု နယ်မြေကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြုပါက ပြောင်းရွှေ့ရန် အခွင့်အလမ်းပိုများ၍ ပြောင်းရွှေ့ခွင့်ရနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
