(က)-ဆန်စပါးဈေးကွက် တည်ငြိမ်ရေး၊ ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာရေးနှင့် ဓာတ်မြေဩဇာ များတွင် ဓာတ်အားစစ်ဆေး ဆောင်ရွက်ရန်တို့ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၄.၇.၂၀၁၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၇၀ ရာခိုင်နှုန်းကျော်မှာ တောင်သူလယ် သမားမိသားစုများ ဖြစ်ပါတယ်ခင်ဗျား။ ကျေးလက်နေ တောင်သူလယ်သမား မိသားစုဝင်များသည် ဝင်ငွေတိုးမြှင့်လာလျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ မြင့်မားလာလေဖြစ်ပါတယ်။ လူအများစုဖြစ် သော တောင်သူလယ်သမားဘဝ ဖွံှ့ဖြိုးတိုးတက်လာသည်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရာ ရောက်မည် ဖြစ်ပါတယ်။ သို့သော်လည်း တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်သော ကောက်ပဲသီးနှံများမှာ အာမခံချက်မရှိသော ဈေးနှုန်းတည်ငြိမ်မှုမရှိခြင်းတို့ကြောင့် ဒီနေ့လယ်သမားမိသားစုများရဲ့ဘဝမှာ ဟိုအကြွေးယူ၊ ဒီအတိုးဆပ်နှင့် ဘဝမှာ မပြေလည်မှုများ ချာချာလည်နေရပါတယ်။ လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီကနေ့ လယ်သမားများသည် မိမိစိုက်ပျိုးသော မိုးစပါး တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ တင်း ၅၀ သာ ထွက်ရှိကြောင်း၊ တစ်ဧက၏ ထုတ်လုပ်မှုစရိတ်မှာ ၁၄၀၀၀၀ မှ ၁၅၀၀၀၀ အထိ ရှိနေပါကြောင်း၊ စပါးဈေးတင်း ၁၀၀ လျှင် ၃ သိန်းသာ ရရှိပါက တစ်ဧက အပေါ် အမြတ်မရှိခဲ့ပါကြောင်း တစ်ဧက ၇၀ တင်းမှ ထွက်ခဲ့တယ်ဆိုလျှင်တော့ တစ်ဧက၏ အမြတ်ခံစားမှုမှာ ၆၀၀၀၀ ခန့်သာ အကျိုးခံစားရမည် ဖြစ်ပါတယ်။ အလုပ်လုပ်ချိန်မှာ လယ်သမား များရဲ့ လုပ်ရတဲ့ကာလဟာ ၆ လကျော်ကာလဖြစ်သဖြင့် မိသားစုရဲ့စားရေး၊ ဝတ်ရေး၊ ပညာရေးတို့ အတွက် စီးပွားရေးတွက်ခြေမကိုက်သောကြောင့် အကြွေးသံသရာမှာ လည်နေရပါတယ်။ လေးစားအပ် ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ စပါးပေါ်ချိန်တွင် စပါးဈေးများ အနှိမ်ခံရခြင်းတို့ကြောင့် ကြွေးယူသူကိစ္စ၊ အတိုးပေးရတဲ့ကိစ္စများမှာ အဆင်မပြေဖြစ်နေကြရပါတယ်။ စပါးဈေးကောင်းသည့် အချိန်၌ လယ်သမားလက်တွင် စပါးများ မရှိတော့ပါ။ သို့ဖြစ်ပါ၍ လယ်သမားများ စပါးပေါ်ချိန်မှာ အရှုံးမပေါ်သော စပါးဈေးတည်ငြိမ်မှုဖြစ်ဖို့ လိုအပ်လျက်ရှိနေပါတယ်။ တောင်သူလယ်သမားများသည် စိုက်ပျိုးရေးလုပ်ငန်းတွင် ယူရီးယား ဓာတ်မြေသြဇာများ၊ တီဆူပါ၊ ပိုတက်၊ ကွန်ပေါင်းမြေသြဇာများကို ဝယ်ယူသုံးစွဲလျက်ရှိနေ ကြပါတယ်။ ဒေါ်လာဈေးတက်တယ်ဆိုပြီး နိုင်ငံခြားမှတင်သွင်းသော မြေသြဇာ ကာတာတစ်အိတ်လျှင် ၂၁၀၀၀ ကျပ် ရောင်းခဲ့ပါကြောင်း ဒေါ်လာဈေးကျသော်လည်း ဈေးနှုန်းမကျဘဲ ဈေးကြီးပေး ဝယ်ယူသုံးစွဲနေ ရခြင်း ဖြစ်ပါတယ်။ လယ်သမားများ၏ စပါးဈေးနှုန်းကို ထိန်းမည်ဆိုလျှင် တစ်ဖက်မှ သွင်းအားစု များကိုလည်း ထိန်းညှိပေးမှသာ လယ်သမားများအတွက် အရှုံးပေါ်ပေါက်မှုများကို သက်သာစေမည် ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လယ်သမားများ ဝယ်ယူသုံးစွဲ လျက်ရှိတဲ့ ယူရီးယား ဓာတ်မြေသြဇာများ၊ တီဆူပါမြေသြဇာများ၊ ပိုတက်မြေသြဇာများတွင် ယူရီးယား မြေသြဇာ၌ နိုက်ထရိုဂျင်ပါဝင်မှုမှာ ၄၀ ရာခိုင်နှုန်းရှိခြင်း၊ တီဆူပါမြေသြဇာများတွင် ဖော့စဖရိပ်စ်ဓာတ် ပါဝင်မှုမှာ ၄၀ ရာခိုင်နှုန်းရှိခြင်း၊ ပိုတက်ပါဝင်မှုနှုန်းများမှာ နိုင်ငံတော်အစိုးရ၏ ထုတ်လုပ်လျက်ရှိ သော ဓာတ်မြေသြဇာများ အသုံးပြုရာ၌ ရက်ပေါင်း ၂၀ မှ ၃၀ အထိ အရောင်းမကျဘဲ ကောင်းလျက် ရှိနေပါကြောင်း ဈေးကြီးပေးဝယ်သော နိုင်ငံခြားမှတင်သွင်းသည့် ဓာတ်မြေသြဇာများသည် ၇ ရက် သို့မဟုတ် ၁၀ ရက်အထိသာ အရောင်ပြောင်းသွားခြင်းကြောင့် ဓာတ်မြေသြဇာအိတ်များတွင် ဓာတ် ပစ္စည်းပါဝင်မှုအချိုး မှန်ကန်စေရန်အတွက် စစ်ဆေးကြီးကြပ်မှုများ ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိပါတယ်။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများရဲ့အကျိုးကို ရည်ရွယ်လျက် အောက်ပါမေးခွန်း များကို မေးမြန်းရခြင်းဖြစ်ပါသည်။ မေးခွန်း(၁) လယ်သမားများစိုက်ပျိုးသော ဆန်စပါးဈေးကွက်များ ပြည်တွင်းဈေးနှုန်း တည်ငြိမ်ရေးနှင့် ဈေးကောင်းရရှိရေးအတွက် ဈေးကွက်ရှာရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါသည်။ အစီအစဉ်ရှိပါက ဘယ်လိုရှာထားကြောင်း သိရှိလိုပါသည်။ မေးခွန်း(၂) လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းအတွက် လယ်သမားများ ဝယ်ယူသုံးစွဲလျက်ရှိသော ဓာတ်မြေသြဇာ ဈေးနှုန်း သက်သာစေရန်အတွက် မည်သို့ ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါသည်။ အစီအစဉ် ရှိပါက ဘယ်လိုဆောင်ရွက်ထားကြောင်း သိရှိလိုပါသည်။ မေးခွန်း(၃) လယ်သမားများ ဝယ်ယူသုံးစွဲလျက်ရှိ သော ဓာတ်မြေသြဇာများတွင် နိုက်ထရိုဂျင်၊ ဖော့စဖရိပ်စ်၊ ပိုတက်ပါဝင်မှု ဓာတ်အားများ စစ်ဆေး ဆောင်ရွက်မှု အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သို့ဆောင်ရွက်ထားကြောင်း သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်သမားစိုက်ပျိုးသော ဆန်စပါးဈေးကွက် ပြည်တွင်းဈေးနှုန်းတည်ငြိမ်ရေးနှင့် ဈေးကောင်းရရှိရေးအတွက် ဈေးကွက်ရှာရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှာ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ မိုးစပါးဧက ၁၆.၁၃၄ သန်း၊  နွေစပါးဧက ၂.၆၃ သန်း စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စပါးစိုက်ပျိုးရာမှာ ရေမြေသဘာဝ အခြေခံအရ ရေတော်မိုးတော်၊ ရေကြီးကွင်း၊ ရေနက်ကွင်း၊ သဲဆန်ကုန်းကြော၊ ပင်လယ်ရေငန်ဝင်၊ တောင်ယာ စသည် ခွဲခြား၍ မိုးစပါးကို စိုက်ပျိုးလျက်ရှိရာ ရေမြေသဘာဝအရ အထွက်ကောင်းမျိုး၊ အဆင့်မြင့် မျိုး၊ စပ်မျိုး၊ ဒေသမျိုးဟူ၍ ခွဲခြားစိုက်ပျိုးလျက်ရှိပါတယ်။ ထိုသို့ စိုက်ပျိုးရာတွင် အရည်အသွေး ကောင်း၊ အထွက်နှုန်းကောင်းသည့် ပေါ်ဆန်း၊ ဧရာမင်း၊ ဆင်းသွယ်လတ်၊ မှော်ဘီ(၂)၊ ဆင်းဧကရီ(၃) နှင့်  ပုလဲသွယ်စပ်မျိုး စပါးမျိုးများကို ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိအခြေအနေတွင် မိမိနိုင်ငံ၏ ဆန်အရည်အသွေးပိုင်း အားနည်းချက်ကြောင့် အခြားနိုင်ငံများမှ ရရှိသည့်ဈေးနှုန်းထက် ဒေါ်လာ ၃၀ မှ ၈၀ အထိ လျော့နည်းလျက်ရှိပါတယ်။ မြန်မာ့ဆန်ဖြူ ၂၅ ရာခိုင်နှုန်း တစ်တန်ကို ဒေါ်လာ ၃၃၀-၃၄၀ ခန့်သာ ရရှိနေချိန်တွင် ဗီယက်နမ် ၂၅ ရာခိုင်နှုန်းသည်  ဒေါ်လာ ၃၇၅၊ ပါကစ္စတန် ၂၅ ရာခိုင်နှုန်း ဆန်သည်ဒေါ်လာ ၄၁၀ နှင့် အိန္ဒိယ ၂၅ ရာခိုင်နှုန်းသည် ဒေါ်လာ ၃၇၀ ဈေးနှုန်းအထိ ရရှိလျက်ရှိပါသည်။ သို့ဖြစ်၍ ပြည်ပဆန်ဈေးများ၏ ဈေးနှုန်းနှင့် ယှဉ်ပြိုင်ရောင်းချနိုင်သည့် အရည်အသွေးကောင်းမျိုးများ စိုက်ပျိုးထုတ်လုပ်မှုကို ဦးတည်ဆောင်ရွက် လျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံသည် ယခင်က ဘာစမာတီ ဆန်မဟုတ်တဲ့ အခြားဆန်တွေကို ပြည်ပသို့ တင်ပို့ ရောင်းချခွင့်ပိတ်ပင်ထားရာမှ ပြည်တွင်းစားနပ်ရိက္ခာသီးနှံများ သိုလှောင်မှုမြင့်မားလာသဖြင့် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လတွင် အခြားဆန်တန်ချိန် ၁ သန်းကို ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပြုခဲ့သည့် အပြင် နောက်ထပ်တန်ချိန် ၁ သန်းကိုလည်း တင်ပို့ရောင်းချခွင့်ပြုခဲ့သဖြင့် ကမ္ဘာ့ဆန်ဈေးနှုန်းများ ကျဆင်းခဲ့ပါတယ်။ ဤသို့ ကျဆင်းမှုနှင့်အတူ မြန်မာနိုင်ငံ၏ ဆန်စပါးဈေးနှုန်းမှာလည်း ကျဆင်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းအသီးသီးမှ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်ထွက်ရှိသော ဆန်စပါးများအား အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့လျက်ရှိပါတယ်။ ယင်းသို့ နယ်စပ်ကုန်သွယ်ရေး စခန်းအသီးသီးမှ အိမ်နီးချင်းနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ တင်ပို့ခြင်းထက် ဈေးနှုန်းပိုမိုရရှိခြင်း၊ တစ်ဖက်နိုင်ငံ Buyer လက်သို့ အချိန်မီတင်ပို့နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိပြီး မိမိနိုင်ငံစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ မိမိနိုင်ငံအတွင်း ပို့ကုန်တင်ပို့ရောင်းချသည့် ကုမ္ပဏီများအတွက် ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းမှုကြောင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၂ခုနှစ်၊ မေလအထိ ဆန်တန်ချိန် ၂၁၃၇၆၂ တန်၊ စပါး ၃၀၅၇.၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ရာမှာ နိုင်ငံ တကာတွင် ဖြစ်ပေါ်နေသောဈေး၊ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၀ ခန့်ရှိနေရာ နယ်စပ်မှ တင်ပို့ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၄၃၀ မှ ၄၈၀ ခန့်ထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းမှ တင်ပို့ခွင့်ပြုရာတွင် ပို့ကုန်လိုင်စင်စနစ် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် နယ်စပ်စခန်းမှ အချိန်နှင့် တစ်ပြေးညီ လိုင်စင်ထုတ်ပေးခြင်းကြောင့်လည်းကောင်း၊ နယ်စပ်ဒေသများတွင် ဆန်တင်ပို့ ရောင်းချသည့် အစုအဖွဲ့အသင်းများ ဖွဲ့စည်းပြီး တစ်ဖက်နိုင်ငံ End Buyer ဖြင့် ချိတ်ဆက်၍ ဈေးကွက်ရှာဖွေပေးမှုကြောင့်လည်းကောင်း၊ ဈေးနှုန်းပိုမိုရရှိခြင်းကြောင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ် သူနှင့် တင်ပို့ရောင်းချသူများ အကျိုးဖြစ်ထွန်းမှုရှိစေရန် စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိပါ တယ်။ တောင်သူများ ရသင့်ရထိုက်သည့် ဈေးနှုန်းရရှိစေရန် ရည်ရွယ်ပြီး ဈေးနှုန်းတစ်ခုသတ်မှတ်၍ အရန်ဆန်အတွက် စပါးဝယ်ယူရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်မှ ငွေကျပ် ၁၀ ဘီလီယံ၊ ဗဟိုသမဝါယမအသင်းမှ ငွေကျပ် ၁၀ ဘီလီယံ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ ငွေကျပ် ၁၀ ဘီလီယံ၊ စုစုပေါင်း ငွေကျပ် ၃၀ ဘီလီယံ ရင်းနှီးမတည်ပြီး နိုင်ငံတော်အရန်ဆန်ထားရှိ ရေး ကြီးကြပ်မှုကော်မတီဖွဲ့စည်း၍ စပါးများ ဝယ်ယူပေးခဲ့ပါတယ်။ စပါးများဝယ်ယူရာမှာ မိုးစပါးကို တင်း ၁၀၀ လျှင် ငွေကျပ် ၃၃၀၀၀၀ နှုန်း၊ နွေစပါးကို တင်း ၁၀၀ လျှင် ငွေကျပ် ၃၂၀၀၀၀ နှုန်းဖြင့် ဝယ်ယူပေးခဲ့ရာ မိုးစပါးမှ စပါးတင်း ၁၃.၂၆၇ သိန်း၊ နွေစပါးမှ ၁၅.၄၅၅ သိန်း၊ စုစုပေါင်း စပါးတင်း ၂၈.၇၂၂ သိန်း ဝယ်ယူပေးခဲ့ခြင်းဖြင့် ပြည်တွင်းဆန်စပါးဈေးနှုန်းများ ကျဆင်းမှုမရှိစေရေးနှင့် တည်ငြိမ်မှုရရှိရေးအတွက် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပေးခဲ့ပါတယ်။ ထို့အပြင် အရည် အသွေးမြင့်ဆန်များ ကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက် ဆန်စက်များမှာ အဓိကဖြစ်ပါတယ်။ လက်ရှိ ဆန်စက်များမှာ ခေတ်နောက်ကျနေပြီ ဖြစ်သဖြင့် ခေတ်မီဆန်စက်အပိုင်းများ ဖြစ်သည့် ရာဘာရိုလာ စပါး အခွံချွတ်စက်၊ ဆန်အရောင်တင်စက်၊ ဆန်အရောင်မညီရွေးထုတ်စက်၊ ကျောက်ခဲခွဲထုတ်စက်၊ အလိုအလျောက်ဆန်ရောနှောယူနစ်များ တပ်ဆင်အသုံးပြုသည့် ခေတ်မီဆန်စက်များ ပြည်ပမှ ဝယ်ယူ တပ်ဆင်ရေးအတွက် အလွယ်တကူ တင်သွင်းနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဆို ပါ ခေတ်မီစက်များဖြင့် အရည်အသွေးမြင့်ဆန်များ ကြိတ်ခွဲတင်ပို့နိုင်ခြင်းဖြင့် ဈေးနှုန်းပိုရလာမှာဖြစ် သလို ဈေးကွက်ယှဉ်ပြိုင်နိုင်မှုဟာလည်း မြင့်တက်လာမည် ဖြစ်ပါတယ်။ ဤသို့ အရည်အသွေး ကောင်း၊ ဈေးနှုန်းလည်းပိုရသည့်ဆန်များ ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး ဆန်စပါးနှင့်ပတ်သက်သည့် အသင်းအဖွဲ့များ၊ ကုန်သည် လုပ်ငန်းရှင်များမှ ဦးဆောင်ပြီး ဆန်စပါးနှင့် ပတ်သက်သည့် အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင် များမှ မကြာမီကာလအတွင်း ဆန်ဝယ်နိုင်ငံများဖြစ်သည့် ဒေသတွင်းအာဆီယံနိုင်ငံများ၊ အာဖရိက  နိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ သွားရောက်ပြီး ဈေးကွက်ရှာဖွေရေး၊ ဈေးကွက်အသစ်များကို ထိုးဖောက်နိုင်ရေးအတွက် စီစဉ်ထားပြီး ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအတွက် လယ်သမားများဝယ်ယူသုံးစွဲလျက်ရှိတဲ့ ဓာတ်မြေသြဇာများ ဈေးနှုန်းသက်သာစွာ ရရှိ နိုင်ရေးအတွက် ဆန်အထူးပြုကုမ္ပဏီများမှတစ်ဆင့် ဓာတ်မြေသြဇာများ ထုတ်ချေးခြင်းတို့ကို စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ လယ်သမားများ ဝယ်ယူသုံးစွဲလျက်ရှိတဲ့ ဓာတ်မြေသြဇာများမှာ နိုက်ထရိုဂျင်၊ ဖော့စဖရိပ်စ်၊ ပိုတက်(ရှ်) ပါဝင်မှုဓာတ်အား စစ်ဆေးဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ဓာတ်မြေသြဇာများ တင်သွင်းခွင့်လျှောက်ထားလာပါက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေသြဇာ ဥပဒေပုဒ်မ ၄၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ ပြည်တွင်းသို့ မြေသြဇာတင်သွင်းရန် လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်ပြီး ဓာတ်မြေသြဇာများကို သွင်း ကုန်လိုင်စင်စိစစ် ခွင့်ပြုပေးလျက်ရှိနေပါကြောင်း တင်ပြအပ်ပါတယ်။

ဒုတိယမေးခွန်းဖြစ်သည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် လယ်သမားများ ဝယ်ယူသုံးစွဲ လျက်ရှိသော ဓာတ်မြေသြဇာ ဈေးနှုန်းသက်သာရေးအား ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ပတ်သက်၍ ဖြေကြားရလျှင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှု အောက်ရှိ ဓာတ်မြေသြဇာ စက်ရုံများမှထုတ်လုပ်သော ယူရီးယားဓာတ်မြေသြဇာများကို တောင်သူများ လက်ဝယ်သို့ ရောက်ရှိရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း လက်အောက်ရှိ ဆန်စပါးအထူးပြုကုမ္ပဏီများသို့ ၎င်းတို့လျှောက် ထားမှုအပေါ်မူတည်ပြီး လက်ငင်းငွေချေစနစ်ဖြင့်လည်းကောင်း၊ ၆ လဆိုင်း အကြွေးစနစ်ဖြင့် လည်းကောင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ ထို့အပြင် တပ်မတော်အဖွဲ့အစည်းများ၊ အစိုးရဌာနများနှင့် တစ်ဦးချင်းလျှောက်ထားသူများကိုလည်း ၎င်းတို့လျှောက်ထားမှုအပေါ်မူတည်၍ လက်ငင်းငွေချေစနစ်ဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ ရောင်းချပေးခဲ့ပါတယ်။ စွမ်းအင်ဝန်ကြီးဌာနသည် ဓာတ်မြေသြဇာ စက်ရုံများ၏ ကုန်ထုတ်လုပ်နိုင်မှုနှင့် လက်ကျန်ပမာဏများအပေါ်မူတည်ကာ ဖြန့်ဖြူး ရောင်းချ ပေးလျက်ရှိပါတယ်။ နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများရဲ့ လက်ရှိယူရီးယားဓာတ်မြေသြဇာ ဈေးနှုန်းများအား လေ့လာဆန်းစစ်ကြည့်ရာမှာ ယူရီးယားဓာတ်မြေသြဇာတစ်တန်၏  သ‌င်္ဘောပေါ် အရောက် ဈေးနှုန်းမှာ တရုတ်နိုင်ငံ၌ အမေရိကန်ဒေါ်လာ ၄၄၅-၄၅၀၊ ထိုင်းနိုင်ငံမှာ အမေရိကန် ဒေါ်လာ ၄၆၀-၄၈၀၊ လာအိုနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၄၁၀-၄၅၅၊ ဗီယက်နမ်နိုင်ငံမှာ အမေရိကန် ဒေါ်လာ ၄၂၀-၄၅၂ တို့ဖြစ်ပြီး၊ ဥရောပဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၄၇၀ နှင့် အရှေ့အလယ် ပိုင်းဈေးကွက်မှာ အမေရိကန် ဒေါ်လာ ၄၈၀ ခန့် တို့ဖြစ်ကြောင်းသိရှိရပါတယ်။ လက်ရှိ ပြည်တွင်း ဈေးကွက်မှာ တင်သွင်းရောင်းချလျက်ရှိတဲ့ တရုတ်နိုင်ငံထုတ် ရွှေတောင်တံဆိပ်ယူရီးယား ဓာတ်မြေ သြဇာဈေးနှုန်းမှာ ယူရီးယားဓာတ်မြေသြဇာ တစ်တန်လျှင် ရန်ကုန်မြို့၌ ၄၄၀၀၀၀ ကျပ်နှင့် မန္တလေး မြို့၌ ၄၃၀၀၀၀ ကျပ်ခန့်ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ စွမ်းအင်ဝန်ကြီးဌာနဟာ ယူရီးယား ဓာတ်မြေသြဇာများကို ၁၄-၆-၂၀၁၁ ရက်နေ့မှစတင်၍ သင့်တင်မျှတသော ဈေးနှုန်းဖြစ်တဲ့ တစ်တန်လျှင် ၂၈၈၀၀၀ ကျပ်နှုန်း၊ တစ်အိတ်လျှင် ၁၄၄၀၀ ကျပ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ ယင်းဈေးနှုန်းမှာ လက်ရှိ နိုင်ငံခြား ငွေလဲလှယ်နှုန်းအရ အမေရိကန်ဒေါ်လာ ၃၄၂.၈၆ ခန့်သာရှိတဲ့ အတွက် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများရဲ့ ဓာတ်မြေသြဇာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက သက်သာ သောဈေးနှုန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာအသုံးပြုမှုသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၁၀ ဆမှ ၁၅ ဆခန့် လျော့နည်းလျက်ရှိတာကို တွေ့ရှိပါတယ်။ သို့ဖြစ်၍ အရည် အသွေးကောင်း ဓာတ်မြေသြဇာများ ပြည်တွင်းမှာ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရှာဖွေဆောင်ရွက်လျက်ရှိကြောင်းတင်ပြအပ်ပါတယ်။

          တတိယမေးခွန်းဖြစ်သည့် လယ်သမားများ ဝယ်ယူသုံးစွဲလျက်ရှိသော ဓာတ်မြေသြဇာများတွင် နိုက်ထရိုဂျင်၊ ဖော့စဖရိပ်စ်၊ ပိုတက်ပါဝင်မှု ဓာတ်အားစစ်ဆေး ဆောင်ရွက်မှု အစီအစဉ်ရှိ၊ မရှိ သိရှိလို ပါသည်။ အစီအစဉ်ရှိပါက မည်သို့ဆောင်ရွက်ထားကြောင်း သိရှိလိုပါသည်ဟု မေးမြန်းထားခြင်းနှင့် ပတ်သက်၍ တောင်သူလယ်သမားများ ဝယ်ယူသုံးစွဲလျက်ရှိသော ဓာတ်မြေသြဇာများတွင် နိုက်ထရိုဂျင်၊ ဖော့စဖရိပ်စ်၊ ပိုတက်စသည့် အပင်အာဟာရဓာတ်များ စံချိန်စံညွှန်းမီပါရှိပြီး အရည် အသွေးကောင်း ဓာတ်မြေသြဇာများ သုံးစွဲနိုင်ရေးအတွက် ဓာတ်မြေသြဇာဥပဒေကို ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်လည်းကောင်း၊ မြေသြဇာဆိုင်ရာလုပ်ထုံးလုပ်နည်းများကို          ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင်လည်းကောင်း နိုင်ငံတော်မှ ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ဓာတ်မြေသြဇာဥပဒေကို နိုင်ငံတော်၏ အခြေခံစီးပွားရေးဖြစ်သော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကိုအထောက်အကူဖြစ်စေရန်၊ မြေသြဇာလုပ်ငန်းများ စနစ်တကျ ကွပ်ကဲထိန်းသိမ်းနိုင်ရန်၊ အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းပြည့်မီသော မြေသြဇာများကို စိုက်ပျိုးသူများ သုံးစွဲနိုင်ရန်စတဲ့ ရည်ရွယ်ချက်များ ကျယ်ကျယ်ပြန့်ပြန့်ထားရှိ၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ မြေသြဇာလုပ်ငန်းများနှင့် စပ်လျဉ်း၍ မူဝါဒများချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊ မြေသြဇာစံချိန်စံညွှန်းသတ်မှတ်ခြင်း၊ ဖြန့်ဖြူးရောင်းချ ခြင်း၊ လုပ်ငန်းလိုင်စင်ရယူရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးခေါင်းဆောင်သော မြေသြဇာကော်မတီ ဖွဲ့စည်းထားပါတယ်။ မြေသြဇာကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းများအတွက် မှတ်ပုံတင်လက်မှတ်ရရှိရေး၊ လိုင်စင်များရရှိရေးတို့ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဈေးကွက်အတွင်းရောက်ရှိနေတဲ့ ဓာတ်မြေသြဇာများရဲ့ အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီခြင်း ရှိ၊ မရှိကိုလည်း စိုက်ပျိုးရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နယ်မြေအလိုက် စစ်ဆေးရေးမှူးနှင့် စစ်ဆေးရေးအဖွဲ့ဝင်များခန့်ထားပြီး မြေသြဇာလုပ်ငန်းများနှင့် ပတ်သက်၍ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ။ မြေသြဇာဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလိုင်စင်ရယူထားခြင်း ရှိ၊ မရှိနှင့် မြေသြဇာကို စံချိန်စံညွှန်းနှင့် ညီ၊ မညီ စစ်ဆေးရန် မြေသြဇာနမူနာကိုရယူခြင်း၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိချက်များကို စိုက်ပျိုးရေး ဦးစီးဌာနသို့ အစီရင်ခံခြင်းစသည့် သတ်မှတ်ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ မြေသြဇာများတွင်ပါဝင်တဲ့ အာဟာရဓာတ်များဖြစ်တဲ့  N, P, K နှင့် ပစ္စည်းအာဟာရဓာတ်ပါဝင်မှုများလည်း စိုက်ပျိုးရေးဦးစီးဌာန ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစစ်ဆေးပေး လျက်ရှိပါတယ်။ ထို့အပြင် မြေသြဇာကို စိုက်ပျိုးရေးလုပ်ငန်းတွင်သာ သုံးစွဲခြင်းပြု၊ မပြု စစ်ဆေး ဆောင်ရွက်ပြီး မြေသြဇာဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိပါက သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနသို့ တင်ပြပြီး စည်းရုံးပညာ ပေးရေးနည်းလမ်းများ၊ စီမံခန့်ခွဲရေးနည်းလမ်းများ၊ သတ်မှတ်ထားသည့် ဥပဒေများအရ အရေးယူနိုင် ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။