စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ဟာ ဧရာဝတီမြစ်နံဘေးတည်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ မြင်းမူမြို့နယ်ရဲ့တောင်ဘက် နယ်နိမိတ်အဖြစ် ဧရာဝတီမြစ်ဟာ အရှေ့မှအနောက်သို့ ၁၀ မိုင်ခန့် စီးဆင်းလျက်ရှိပါတယ်။ မြင်းမူမြို့နယ်ရဲ့ အရှေ့ဘက်နယ်နိမိတ်အဖြစ် မူးမြစ်ဟာ မြောက်မှ တောင်သို့ ၁၆ မိုင်ခန့်စီးဆင်းနေပြီး မြင်းမူမြို့ရဲ့ အရှေ့ဘက် ၃ မိုင်ခန့်အကွာမှာ ဧရာဝတီမြစ်အတွင်းကို စီးဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိက မြစ်မကြီးဖြစ်တဲ့ ဧရာဝတီမြစ်ဟာ မြောက်မှတောင်သို့ စီးဆင်းနေတာမှန်သော်လည်းပဲ ပုပ္ပါးတောင်မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် မြစ်ကြောင်းများ ပြောင်းလဲခဲ့ရပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့အောက်ဘက်ရောက်မှ စတင်ပြီး အရှေ့မှ အနောက်သို့ စီးဆင်းပြီး မြင်းမူမြို့နယ်ရဲ့ တောင်ဘက်အရပ်မှာ ချင်းတွင်းမြစ်နှင့်ပေါင်းစုံကာ မြောက်မှ တောင်သို့ ဆက်လက်စီးဆင်းသွားပါတယ်။ ဒါကြောင့် မြင်းမူမြို့နယ်ရဲ့ တောင်ဘက်နယ်နိမိတ်အဖြစ် ဧရာဝတီမြစ်ဟာ အရှေ့မှ အနောက်သို့ စီးဆင်းနေခြင်းပဲဖြစ်ပါတယ်။
မြင်းမူမြို့ဟာဧရာဝတီမြစ်ရေကြီးခြင်း အန္တရာယ်ကို အမြဲတမ်းကြုံတွေ့နေရတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေကြီးတဲ့အချိန်မှာပဲ ဒုဌဝတီမြစ်ရေကြီးခြင်း၊ မူးမြစ်ရေကြီးခြင်းများ ဖြစ်ပေါ်လာပြီးဧရာဝတီမြစ်အတွင်း ပေါင်းစုံ စီးဆင်း ခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲလိုမြစ်များပေါင်းစုံပြီး မြစ်ရေကြီးနေတဲ့အချိန်မှာပဲ မြင်းမူမြို့နယ်ရဲ့ အောက်ဘက် အရပ်မှာရှိတဲ့ ဧရာဝတီမြစ်တွင်းစီးဝင်တဲ့ ချင်းတွင်းမြစ်ရေကြီးခြင်းနဲ့ပါ ကြုံတွေ့ရ ပါတယ်။ အဲဒါကြောင့်မို့လို့ ဒုဌဝတီမြစ်၊ မူးမြစ်နှင့် ဧရာဝတီမြစ်များရဲ့ မြစ်ရေများဟာ အောက်ဘက် အရပ်ကို အလွယ်တကူမစီးဆင်းနိုင်တော့တဲ့အတွက် မြင်းမူမြို့မှာရေကြီးခြင်းကြောင့် ရေပြင်ကျယ်ပြန့် လာခြင်း၊ ရေရဲ့ထုထည်များကြီးမားလာခြင်း၊ ရေ၏ဖိအားများ များပြားလာခြင်းရဲ့ အန္တရာယ်ကို ကြုံတွေ့ခဲ့ရပါတယ်။ ၁၉၇၀ ခုနှစ်က ဧရာဝတီမြစ်ရေကြီးမှုဟာ မြင်းမူမြို့အတွင်းထိဝင်ပြီးတော့ မုံရွာ၊ မန္တလေး ကားလမ်းမကြီးများလည်း အဆက်အသွယ်ပြတ်တောက်ခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိရ ပါတယ်။
မြင်းမူမြို့ရှိ ရေကာတာများကို ၁၉၇၀ ခုနှစ်က စတင်ပြီး မြေပြင်အနိမ့်အမြင့်အလိုက် တည်ဆောက်ခဲ့ကြခြင်းအတွက် အရှည် ၁ မိုင် ခန့်ရှိကြောင်းလည်း သိရှိရပါတယ်။ ရေကာတာရဲ့ အချို့အပိုင်းများဟာ ကျိုးပျက်နေကြောင်းလည်း သိရှိရပါတယ်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့က ဧရာဝတီမြစ်ရေကြီးနေတဲ့အချိန်မှာပဲ အရှည် ၁၀၀ ပေ အကျယ် ၇ပေ ရေကာတာရဲ့တစ်နေရာ ကျိုးပျက်သွားတဲ့အတွက် အရေးပေါ်ပြုပြင် ခဲ့ကြရပါတယ်။ ယခု ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ မြစ်ရေစတင်ကြီးနေတဲ့ အချိန်မှာပဲ ရေကာတာရဲ့တစ်နေရာဟာ နိမ့်ကျသွားကြောင်းလည်း သိရှိရပါတယ်။ မြို့နေလူဦးရေဟာလည်း နေထိုင်မှုများ များပြားလာပြီဖြစ်တဲ့အတွက် မြစ်ကမ်းနံဘေး အဆောက်အဦများဟာ အထပ်မြင့် အဆောက်အဦများအရေအတွက် များပြားနေပြီဖြစ်ပါတယ်။ လူနေအဆောက်အဦများနဲ့ ရေကာတာ ဟာ ၁၀ ပေသာကျယ်တဲ့ ကတ္တရာလမ်းသာ ကွာဝေးတဲ့အတွက် ဧရာဝတီမြစ်ရေကြီးခြင်း ဖြစ်ပေါ် နေချိန်မှာ များစွာအန္တရာယ်ရှိကြောင်း လေ့လာသိရှိရပါတယ်။
ဧရာဝတီမြစ် ဆိပ်ကမ်းမြို့ဖြစ်တဲ့ မြင်းမူမြို့မှာ မန္တလေးမြို့သို့ ရေမိုင်အားဖြင့် ၃၉ မိုင်၊ မြင်းခြံမြို့နဲ့ ၄၁ မိုင်၊ ရန်ကုန်မြို့သို့ ၅၅၈ မိုင် ကွာဝေးကြောင်းသိရပါတယ်။ မြင်းမူသင်္ဘောဆိပ်မှာ မန္တလေး-ပြည် သင်္ဘောများ၊ မန္တလေး-ရန်ကုန် သင်္ဘောများ၊ ကုန်တင်ရေယာဉ်တွဲများ၊ အစုန်အဆန် ဆိုက်ကပ်သွားလာနေတဲ့ သင်္ဘောဆိပ်တစ်ခု ဖြစ်ပါတယ်။ အထက်မြန်မာနိုင်ငံနှင့် အောက်မြန်မာနိုင်ငံ ရေကြောင်းဆက်သွယ်သွားလာပို့ဆောင် ရေးအတွက် တစ်နှစ်ပတ်လုံးဆက်သွယ်သွားလာပို့ဆောင်ပေးနိုင်တဲ့ အဓိကဆိပ်ကမ်းကောင်းမြို့ တစ်မြို့ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေကြီးတဲ့အချိန်မှာ လူနေအိမ်များနဲ့ ရေကာတာရဲ့ အကွာအဝေးဟာ နီးကပ်နေတာကြောင့် အန္တရာယ်များစွာရှိကြောင်း လေ့လာသိရှိရပါတယ်။ သို့ဖြစ်ပါ၍ မြင်းမူမြို့ဟာ ရေလွှမ်းမိုးမှုအန္တရာယ်မှကာကွယ်နိုင်ရန် တည်ဆောက်ထားတဲ့ မြို့ရေကာတာများဟာ နှစ်ပေါင်း များစွာကြာနေပြီဖြစ်တဲ့အတွက် ဒေသခံပြည်သူလူထုအတွက် မြစ်ရေကြီးခြင်းအန္တရာယ်အား ကာကွယ် တားဆီးပေးနိုင်မယ့် စနစ်တကျကောင်းမွန်ခိုင်ခံ့သော မြို့ရေကာတာများဖြစ်ပေါ်လာနိုင်ရန် ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ဘဏ္ဍာငွေသုံးစွဲခြင်း မရှိသော်လည်းပဲ ဆက်သွယ်ပေးခြင်း၊ တင်ပြပေးခြင်း၊ ပံ့ပိုးပေးခြင်းစတဲ့ ကူညီဆောင်ရွက်ပေးနိုင်သော အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တာပေါင်မှာ ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းထားသော တာပေါင်မဟုတ်ပါ။ မိမိမြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ထိန်းသိမ်းထားပြီး ကမ်းနားလမ်း အဖြစ် အသုံးပြုလျက်ရှိသော တာပေါင်ဖြစ်ပါတယ်။ အဆိုပါ မြင်းမူမြို့နယ် ရေဘေးကာကွယ်ရေးတာ မှာ ၁ မိုင်ခန့်ရှည်လျားပြီး တာပေါင်၏ ပျမ်းမျှအကျယ်မှာ ၁၃ ပေခန့်ရှိ၍ ပျမ်းမျှအမြင့်မှာ ၈ ပေခန့်ရှိ ပါတယ်။ ၎င်းတာပေါင်အား မြင်းမူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြုပြင်ထိန်းသိမ်း လျက်ရှိပြီး တာရိုးပေါ်တွင် ၂၀၀၅ ခုနှစ်မှ စတင်၍ ကတ္တရာလမ်းခင်းကာ ကမ်းနားလမ်းအဖြစ် အသုံးပြုလျက် ရှိပါတယ်။ ၎င်းကမ်းနားလမ်းသည် ၂၀၀၄ ခုနှစ်တွင် မြင်းမူမြို့၏ စိုးရိမ်ရေအမှတ် ၁၁၅၀ စင်တီမီတာရဲ့ အထက် ၉၄ စင်တီမီတာ ၃ ပေခန့်တက်ခဲ့၍ တချို့နေရာများတွင် ရေကျော်မှုများ ဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုများ မရှိစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ သဲအိတ်များချ၍ ကာကွယ်ခဲ့ရပါတယ်။ ယခုနှစ် မိုးရာသီ ဇွန်လအတွင်းမှာ မြစ်ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်လာသော အသေးစားပြင်ဆင်မှုများကိုလည်း မြင်းမူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှပင် ပြုပြင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မြင်းမူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းပြုပြင်ဆောင်ရွက် လျက်ရှိပြီး ကမ်းနားလမ်း ကတ္တရာလမ်းအဖြစ် အသုံးပြုနေသော မြင်းမူမြို့နယ်အတွင်း ရေဘေး ကာကွယ်ရေးတာပေါင်ကို ပိုမိုခိုင်ခံ့စိတ်ချစေရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ပြီး ဆည်မြောင်း ဦးစီးဌာနအနေဖြင့် နည်းပညာအပါအဝင် တတ်စွမ်းသမျှ ပါဝင်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
