(က)-မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းအား ယခုဆောင်ရွက်နေသည်ထက် တိုးမြှင့် ဆောင်ရွက်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၃.၇.၂၀၁၂)

နမ့်စန်မြို့နယ်ဟာ ယခင်ကနှင့်မတူဘဲနှင့် ယခုအခါမှာ အင်မတန်တိုးတက်လျက် ရှိပါတယ်။ မြို့မှာဆိုလို့ရှိရင် တိုင်းစစ်ဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်၊ တပ်ရင်းတပ်ဖွဲ့လည်း များစွာ ရှိပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့အစည်းများလည်း များစွာရှိပါတယ်။ သစ်ထုတ်လုပ်တဲ့ သစ်ကုမ္ပဏီကြီး တွေ၊ သတ္ထုထုတ်လုပ်တဲ့ သတ္ထုကုမ္ပဏီကြီးတွေလည်း များစွာတည်ရှိပါတယ်။ မြို့နယ်ရဲ့ ဒေသထွက် ကုန်တွေဟာဆိုရင်လည်း ရာသီသီးနှံအကုန် ထွက်ရှိနေတဲ့အတွက် စီးပွားရေးအချက်အချာကျတဲ့ မြို့ တစ်မြို့လည်း ဖြစ်ပါတယ်။ နမ့်စန်မြို့နယ်ကနေ အခြားမြို့နယ်များကို ပြေးဆွဲနေတဲ့ ယာဉ်ငယ်လိုင်း ဟာဆိုရင် ၇ လိုင်းရှိပါတယ်။ မှန်လုံလိုင်းက ၃ လိုင်းရှိပါတယ်။ 4 wheels လိုင်း က ၂ လိုင်းရှိပါတယ်။ ကုန်တင်ကားကြီးလိုင်းက ၂ လိုင်းရှိပါတယ်။ မြို့တွင်းမှာ ဆိုလို့ရှိရင် စန်လော့ ဆိုင်ကယ် Taxi လိုင်း ၄ လိုင်းနှင့် ပြေးဆွဲလျက်ရှိတဲ့အတွက်ကြောင့် ယာဉ်များနှင့် လူထုဟာဆိုလို့ရှိရင် စည်ကားပြီးတော့မှ ရှုပ်ထွေးလျက်ရှိနေပါတယ်။ သို့ဖြစ်ပါ၍ နမ့်စန်မြို့နယ် မြို့တွင်းပိုင်းမှာရှိတဲ့ လမ်းမကြီးတွေကို နှစ်ဖက်ပလက်ဖောင်းအပြည်‌့ မြို့အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်ပေးဖို့ လိုအပ်လျက်ရှိနေပါတယ်။

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း နှင့် နေမင်းအောင်ကုမ္ပဏီတို့က ဆောက်လုပ်လျက်ရှိတဲ့ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးအပိုင်းမှာ မိုင်တိုင်အမှတ် ၁၈၇ မှ ၁၉၀ အထိ မြို့တွင်းပြည်ထောင်စု လမ်းမကြီး ၃ မိုင်နှင့် ပြည်သူ့ဆောက်လုပ်ရေးက ဆောင်ရွက်နေတဲ့ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် လမ်းမကြီးအပိုင်းမှ မိုင်တိုင်အမှတ် ဝ/၀ မှ မိုင်တိုင်အမှတ် ၂/၀ အထိ မြို့တွင်းလမ်းမကြီး ၂ မိုင်၊ စုစုပေါင်း မြို့တွင်းလမ်းမကြီး ၅ မိုင်အပေါ်မှာ လမ်းမကြီးအလယ်ကနေပြီးတော့ ၁၈ ပေလမ်း ထပ်ပိုး လွှာခင်းထားတဲ့အတွက် လမ်းမကြီးအလယ်ဟာ မြင့်နေပြီးတော့ လမ်းတစ်ဖက်တစ်ချက်မှာ လမ်း အထစ်များဖြစ်ပြီးတော့ နိမ့်ဆင်းနေတဲ့အတွက် မလိုလားအပ်ဘဲ မတော်တဆထိခိုက်မှုတွေ၊ ဆိုင်ကယ် တိမ်းမှောက်မှုတွေ မကြာခဏဖြစ်နေပါတယ်။ သို့ဖြစ်ပါ၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အများ ပြည်သူတို့ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် နမ့်စန်မြို့တွင်းမှာရှိတဲ့ မြို့တွင်းလမ်းမကြီး ပြည်ထောင်စုလမ်းမကြီး ၅ မိုင်ကို နှစ်ဖက်ပလက်ဖောင်းအပြည့် မြို့အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင် တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ သော်လည်းကောင်း၊ ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ညှိနှိုင်း၍သော်လည်းကောင်း ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ နှင့်ပတ်သက်ပြီး အစီအစဉ်ရှိခဲ့မယ်ဆိုရင်လည်း မည်သည့်အချိန်မှာ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်အလယ်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းမှာရှိတဲ့ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းရဲ့ မိုင် ၁၈၇/၀ ကနေ ၁၈၉/၀ အထိ ၂ မိုင်ကို နေမင်းရောင် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်ကနေပြီးတော့ BOT စနစ်နှင့် ဆောင်ရွက်လျက်ရှိပါတယ်။ မိုင် ၁၈၉/၀ မှ ၁၉၀/၀ ထိ ၁ မိုင်ကိုတော့ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိလမ်းအခြေအနေကတော့ ဒီလမ်းဟာ ကတ္တရာလမ်းအမျိုးအစားဖြစ်ပါတယ်။ ဒီတော့ BOT လမ်းအဖြစ်ဆောင်ရွက်နေတဲ့ ၂ မိုင်ကိုတော့ နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ၁၈ ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ပလက်ဖောင်းအထိ ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီး ဖြစ်ပါတယ်ခင်ဗျား။ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူဆောင်ရွက်တဲ့ မိုင် ၁၈၉/ဝနဲ့ ၁၉၀/၀ အထိ ၁ မိုင် ကတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနှင့် ကတ္တရာလမ်း ပျက်စီးမှုအပိုင်းတွေကို ကျောက်ဖြည့်ခင်းကြိတ်ပြီးတော့ ကတ္တရာလောင်းဖာထေးခြင်း ဆောင်ရွက်ခဲ့ပါ တယ်။ ယခုနှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာတော့ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးအတွက် ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်းပေါင်း ၆၁၁၄ သန်း ရရှိထားပါ တယ်။ ဒါကြောင့်မို့လို့ ရရှိထားတဲ့ ငွေကနေပြီးတော့ တာဝန်ယူတဲ့ ၁၈၉ ကနေ ၁၉၀ ထိ ၁ မိုင်အား  ၁၂ ပေအကျယ်ကနေ ၁၈ ပေအကျယ်အထိ ကတ္တရာလမ်း တိုးတက်ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက် ပေးမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

ဒုတိယလမ်းဖြစ်တဲ့ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် လမ်းရဲ့ မိုင် ဝ/၀ ကနေ ၂/၀ ထိ ၂ မိုင်မှာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူဆောင်ရွက်တဲ့အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းကတော့ နမ့်စန်မြို့ကနေပြီးတော့ မိုးနဲမြို့ဘက် ကိုထွက်တဲ့လမ်းအပိုင်း ဖြစ်ပြီးတော့ မြို့တွင်းမှာပဲ ကျရောက်နေတာဖြစ်ပြီး လမ်းအကျယ်ဟာ ၁၂ ပေ အကျယ်ကတ္တရာလမ်း အမျိုးအစားဖြစ်ပါတယ်။ အဆိုပါ လမ်းအပိုင်း  ၂ မိုင်ကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ် ၂၃၈.၅ သိန်းနှင့် ကတ္တရာလမ်း ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ နမ့်စန်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင် တင်ပြထားတဲ့အတိုင်း ပထမလမ်းဖြစ်တဲ့ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းရဲ့ မိုင် ၁၈၇/၀ မှ ၁၈၉/၀ ထိ ၂ မိုင်အပိုင်းကို နေမင်းရောင်ဆောက်လုပ် ရေးကုမ္ပဏီလီမိတက်မှ BOT စနစ်ဖြင့် ၁၈ ပေအကျယ် ဆောင်ရွက်ပြီး ဖြစ်တာကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ နှစ်ဖက်ပလက်ဖောင်းအထိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှလည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ရရှိထားတဲ့ ငွေလုံးငွေရင်းနှင့် ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေ နှစ်ရပ်ပေါင်းပြီးတော့ ၁၈၉/၀ ကနေ ၁၉၀/၀ ထိ ၁ မိုင်ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်းတင်ပြအပ်ပါတယ်။ ဒုတိယလမ်းဖြစ်တဲ့ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းအတွက်ကိုတော့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ်သိန်းပေါင်း ၂၃၈.၅ သိန်းရရှိထားတာကြောင့် မိုင် ဝ/၀ ကနေ ၂/၀ အထိ ၂ မိုင်ကိုလည်း ကတ္တရာလမ်း ကောင်းမွန်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ကတ္တရာလမ်းကို ၁၈ ပေ အကျယ် တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်သွားနိုင်ရန်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေများ တင်ပြတောင်းခံပြီး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။