(င)-သံဖြူဇရပ်မြို့နယ်အတွင်း ဆုတ်ယုတ်လာသော ပင်လယ်ငါးဖမ်းလုပ်ငန်းကို ပြည်ထောင်စုအစိုးရနှင့် မွန်ပြည်နယ်အစိုးရတို့ ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်ချက်များကို ပံ့ပိုးမြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၃.၅.၂၀၁၈)

 

ယခုအချိန်သည် ပါတီစုံဒီမိုကရေစီစနစ်ကို မြင်သာစွာ အကောင်အထည်ဖော်နေသည့်ကာလ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ဖော်ဆောင်ပြောင်းလဲရာတွင် Liberal Democracy ဖြစ်ရန် သတိထား သွားရပါကြောင်း၊ ဒီမိုကရေစီအရေးကိုတစ်ဖက်ကလုပ်ပြီး တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရန် တစ်ဖက်က အချိုးညီစွာလုပ်ရမည် ဖြစ်ပါကြောင်း၊ မိမိမြို့နယ် စီးပွားတိုးတက်ရန်အတွက် ရှိပြီးသား အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏အခက်အခဲကို အလေးထားသုံးသပ်ပြီး အစိုးရ အကူအညီဖြင့် တိုးတက်အောင်လုပ်ဆောင်ရန် ကြိုးစားပါကြောင်း၊ ဆဋ္ဌမပုံမှန်အစည်းအဝေး နားသည့်ကာလတွင် ကျိုက္ခမီငါးလုပ်ငန်းရှင်များ၊ ကျိုက္ခမီကမ်းဝေးငါးလုပ်ငန်းရှင်များ၊ မြို့နယ်ငါး လုပ်ငန်းဦးစီးမှူးတို့နှင့် တွေ့ဆုံစည်းဝေးသည့်အခါ ၎င်းတို့တွေ့ကြုံနေရသည့် လုပ်ငန်းစိန်ခေါ်မှုက (၁) ငါးရစ်ထချိန်တွင် လုပ်ငန်းသုံးလပိတ်ပါကြောင်း၊ ယခင်က လုပ်ငန်း ၇၀ ရာခိုင်နှုန်းကိုခွင့်ပြုပြီး ၃၀ ရာခိုင်နှုန်းကို အလှည့်ကျပိတ်ပေးရသည်ဟုဆိုပါကြောင်း၊ ယခု ၁၀၀ ရာခိုင်နှုန်းလုံး  လုပ်ငန်းပိတ်ရမည်ဟု ကြားပါကြောင်း၊ ငါးဖမ်းလုပ်ငန်းကို လူဦးရေ ၃၀၀၀ ခန့်က မှီခိုစားသောက် နေရသည့်အတွက် ၎င်းတို့၏စားဝတ်နေရေးကိုပါ ထည့်သွင်းစဉ်းစားပြီး ဖြေလျှော့ပေးစေ လိုကြပါကြောင်း၊ (၂) ငါးဖမ်းလုပ်ငန်းက ကမ်းနီး၊ ကမ်းဝေး နှစ်မျိုးရှိပြီး ကျိုက္ခမီတွင် ကမ်းဝေး ငါးဖမ်းလုပ်ငန်း ရှိပါကြောင်း၊ ငါးဖမ်းလှေများရှိ အင်ဂျင်များ ခေတ်မမီတော့ပါကြောင်း၊ အင်ဂျင်စက်အသစ်လဲရန် လှေအရွယ်အစားကလည်း ခေတ်နှင့်အညီ ပေ ၄၀ မှတိုးချဲ့ပေးရန် လိုအပ်သည့်အတွက် စက်လှေယာဉ်လိုင်စင် အသစ်ပြောင်းလဲပေးစေလိုကြပါကြောင်း၊ (၃) လုပ်ငန်းလိုင်စင်ကို ယခင်က ပြည်ထောင်စုလိုင်စင်ကို ရန်ကုန်အထိ တက်လုပ်ကြရပါကြောင်း၊ နောက်ပိုင်းတွင် အကြောင်းကြောင်းကြောင်‌့ ပြည်ထောင်စုလိုင်စင်အစား ဒေသခံကမ်းဝေးလိုင်စင် သည် မွန်ပြည်နယ် နယ်နိမိတ်အတွင်းသာ ဖမ်းခွင့်ရှိပြီး တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် ငါးဖမ်းကွက်များအထိ ဖမ်းခွင်‌့မရှိသည့်အတွက် ငါးအမိနည်းပြီး အကျိုးအမြတ်မရသည့်အပြင် အရှုံးပေါ်သည့်အခါပေါ်နေ၍ ပြည်ထောင်စုလိုင်စင်ကဲ့သို့ မြန်မာ့ပိုင်နက်အတွင်း မည်သည်‌့နေရာတွင် မဆို ဖမ်းခွင့်ရလိုကြပါကြောင်း၊ အခွန်ဆောင်ကျသင့်ငွေက အတူတူဖြစ်ပါကြောင်း၊ (၄) လှေဝင်ထွက်ရာ ကျားဆိပ်ချောင်းသည် ကောနေပြီးတစ်ကြိမ်လျှင် လှေတစ်စီးသာဝင်နိုင်တော့ သည့်အတွက် သောင်တူးစက်ဖြင့်ချောင်းကို ပြန်ချဲ့ပေးစေလိုကြပါကြောင်း၊ (၅) လှေဆိုက်ကပ်သည့် တံတားသည် ကိုယ့်အားကိုယ်ကိုးတံတာဖြစ်သည့်အတွက် ခဏခဏပျက်ပါကြောင်း၊ ငါးတင်ချချိန်လည်း အလွန်ကြာပါကြောင်း၊ အစိုးရဘတ်ဂျက်ဖြင့် အင်ဂျင်နီယာအမြင်နှင့် တံတားဆောက်ပေးပါက အချိန်တိုတိုနှင့်‌ လုပ်ငန်းပြီးနိုင်ပါကြောင်း၊ တည်ဆောက်ပေးပြီး Jetty အသုံးပြုခကိုအစိုးရက ပြန်လည်ကောက်ယူပါဟု တင်ပြကြပါကြောင်း၊ (၆) နောက်ဆုံးအချက်အနေဖြင့် ငါးဖမ်းစက် လှေများပြုပြင်ရန်အတွက် လွန်းတင်ရန်နေရာတစ်ခု ဖော်ထုတ်ပေးစေလိုပါကြောင်း၊ လက်ရှိက ချောင်းနံဘေး အစိုးရပိုင်ဆားဝင်းမြေနေရာတစ်ခုတွင် ဆောင်ရွက်နေကြရပါကြောင်း၊ မြေခွန်ဆောင်ဆို လည်း ၎င်းတို့ဆောင်ပေးကြမည်ဟု တင်ပြကြပါကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းကာလများတွင် နိုင်ငံ့စီးပွားတိုးတက်မြင့်မားရန် SME လုပ်ငန်းများ ပံ့ပိုးမြှင့်တင်ရေးသည် အဓိကကျပါကြောင်း၊ လုပ်ငန်းများအတွက် ချေးငွေပေးရုံဖြင့် မလုံလောက်သေးပါကြောင်း၊ ယခုမိမိတင်ပြချက်များသည် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ဘတ်ဂျက်နှင့်မလုံလောက်၍ ပြည်ထောင်စုအစိုးရနှင့်‌ ပေါင်းစပ် အဖြေရှာစေလိုခြင်းဖြစ်ပါကြောင်း၊ သံဖြူဇရပ်မြို့နယ်အတွင်း ဆုတ်ယုတ်လာသော ပင်လယ် ငါးဖမ်းလုပ်ငန်းကို ပြည်ထောင်စုအစိုးရနှင့် မွန်ပြည်နယ်အစိုးရတို့ ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်ချက်များကို ပံ့ပိုးမြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
      

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးလှကျော်
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ရေပြင်အတွင်းရှိ ငါးသယံဇာတများကို စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်အတွက် ငါးမဖမ်းရသည့်ရာသီ (Closed Season) နှင့် ငါးမဖမ်းရ ဧရိယာ (Closed Area) များ သတ်မှတ်ခြင်းကို နှစ်အလိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၉၃-၉၄ ခုနှစ်မှ ၂၀၁၁-၁၂ ခုနှစ်အထိ ငါးဖမ်းကွက်များအလိုက် သတ်မှတ်ပြီး ဆောင်ရွက်ခဲ့မှုရှိပါကြောင်း၊ ယင်းကာလနောက်ပိုင်း ၂၀၁၂-၁၃ ခုနှစ် ငါးဖမ်းရာသီတွင် ကမ်းဝေးငါးဖမ်းရေယာဉ်စီးရေ၏ ၇၅ ရာခိုင်နှုန်းကို ငါးဖမ်းဆီးခွင့် ပြုခဲ့သော်လည်း နှစ်စဉ် လျှော့ချဖမ်းဆီးခွင့် ပြုလျက်ရှိပြီး ၂၀၁၆-၁၇ ခုနှစ်တွင် ငါးဖမ်းကိရိယာ၊ လုပ်ငန်းအမျိုးအစားအလိုက် ၃၀ ရာခိုင်နှုန်းကိုသာ ဖမ်းဆီးခွင့်ပြုခဲ့ပါကြောင်း၊ လွန်ခဲ့သည့် ၂၀၁၆-၁၇ ခုနှစ် ငါးဖမ်းရာသီတွင် ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရဧရိယာသတ်မှတ်ရေးကို နှစ်ဖက် မိမိတို့အစိုးရ ဌာနအပိုင်းနှင့် သက်ဆိုင်ရာလုပ်ငန်းရှင်များအပိုင်း အားလုံးတွေ့ဆုံပြီး  အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး နောင်နှစ် ငါးဖမ်းရာသီများတွင် ငါးဖမ်းရေယာဉ်အားလုံး တားမြစ်ပိတ်ပင်သွားမည် ဖြစ်ပါကြောင်းနှင့် ရေယာဉ်ပိုင်ရှင် အားလုံးကိုလည်း ကြိုတင်ပြင်ဆင်ထားရှိရန် အသိပေးဆောင်ရွက်ခဲ့မှုရှိပါကြောင်း၊  ယခင်နှစ်က ၂၀၁၇-၁၈ ခုနှစ် ငါးဖမ်းရာသီအတွက် မေလ ၁၆ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့အထိ Closed Season နှင့် Closed Area သတ်မှတ်ချက်ကို ညွှန်ကြားချက်အမှတ် (၃/၂၀၁၈) ဖြင့် ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသယံဇာတပြုန်းတီး ခြင်းဟာ ပြည်တွင်းနှင့်နိုင်ငံခြား ငါးခိုးရေယာဉ်များကြောင်‌့သာမဟုတ်ဘဲနဲ့ ပြည်တွင်းငါးဖမ်းရေယာဉ်များက သတ်မှတ်ပိုက်ကွက်နှင့်အညီ ငါးဖမ်းဆီးမှုမရှိခြင်း၊ ခွင့်ပြုငါးဖမ်းကိရိယာအရေအတွက်များထက် ကျော်လွန်ဖမ်းဆီးခြင်းနှင့် တားမြစ်ရေပြင်အတွင်း ဝင်ရောက်ဖမ်းဆီးခြင်း၊ ပုံတူပွားရေယာဉ်များနှင့် ငါးဖမ်းဆီးခြင်းများလည်း ပါဝင်ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် နိုင်ငံတကာတွင် ဆောင်ရွက် နေသည့်နည်းတူ ငါးသယံဇာတများ ပေါက်ပွားချိန်တွင် ငါးဖမ်းရေယာဉ်အားလုံးကို  တားမြစ်သွားရန် လုပ်ငန်းရှင်များနှင့် ဆွေးနွေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြန်မာ့ ပင်လယ်ပြင်တွင် ငါးသယံဇာတထိန်းသိမ်းနိုင်ရန်အတွက် ပြည်နယ်အတွင်း ရေးမြို့နယ်၊ အစင်တွင် (Check Point) နှင့် သံဖြူဇရပ်မြို့နယ် စစ်ဆေးရေးအဖွဲ့များကနေပြီး ဥပဒေနှင့်အညီသတ်မှတ် ထားသည့် ငါးဖမ်းပိုက်ကွက်အရွယ်အစား ကိုက်ညီမှုရှိ/မရှိကို စိစစ်ပြီး ပင်လယ်ပြင်ကို ငါးဖမ်းဆီး ထွက်ခွာခွင့်ကို စိစစ်ခွင့်‌ပြုပေးလျက်ရှိပါကြောင်း၊ ပြည်နယ်/ခရိုင်/မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန အဆင့်ဆင့်ကလည်း ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်က ဒေသခံငါးလုပ်ငန်းအစုအဖွဲ့များနှင့် သော်လည်းကောင်း၊ တရားမဝင်ဖမ်းဆီးမှုများမရှိစေရေးကို ကွင်းဆင်းစိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းများတွင် တရားမဝင်ဖမ်းဆီးမှု မရှိစေရေးအတွက် မြန်မာ့တပ်မတော် (ရေ) မှ တာဝန်ယူဆောင်ရွက်မှုရှိပါကြောင်း၊ တရားမဝင်ငါးဖမ်းဆီးမှုများ မပေါ်ပေါက်စေရေးအတွက် ငါးဖမ်းရေယာဉ်များတွင် ရေယာဉ် စောင့်ကြည်‌့ထိန်းချုပ်ရေးစနစ် VMS စနစ် တပ်ဆင်ရေးအတွက်ကိုလည်း  ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ ငါးလုပ်ငန်းအသင်း အဖွဲ့များနှင့်ပူးပေါင်းပြီး အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အပြင် VMS စနစ်တပ်ဆင်ရန်အတွက် ညွှန်ကြားချက်ကို ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး တည်ဆဲမြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၅၇ မှာ ကမ်းဝေးငါးလုပ်ငန်းတွင် အသုံးပြုမည့် ငါးဖမ်းရေယာဉ်ကို ပြည်တွင်းတွင် တည်ဆောက်၍ဖြစ်စေ၊ ပြည်ပမှ ဝယ်ယူတင်သွင်း၍ဖြစ်စေ ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုမိန့်ကို ရယူရမည်ဟု ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ကမ်းနီးအရွယ်အစား သတ်မှတ်ချက်ထက် ကျော်လွန်နေသည့် ငါးဖမ်းရေယာဉ်များအနေဖြင့် ဌာန၏ခွင့်ပြုမိန့်ရယူပြီး တည်ဆောက်ထားသည့် ရေယာဉ်များ မဟုတ်သည့်အတွက် တည်ဆဲဥပဒေနှင့်ညီညွတ်မှု မရှိခြင်းနှင့် လက်ရှိ သယံဇာတတည်ရှိမှု အခြေအနေအပေါ် လေ့လာတွေ့ရှိသည့် သုတေသနရလဒ်များအရ ရေယာဉ်စီးရေများကို ကန့်သတ်ရန် စည်းကမ်းသတ်မှတ် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

အလျား ပေ ၃၀ အောက်၊ မြင်းကောင်ရေ ၂၅ ကောင်ထက်မပိုသည့် ရေယာဉ်များကို ကမ်းနီးငါးဖမ်းရေယာဉ်များအဖြစ် သတ်မှတ်ပြီး အလျားပေ ၃၀ နှင့်အထက်၊ မြင်းကောင်ရေ ၂၅ ကောင်နှင့်အထက် ရေယာဉ်များကို ကမ်းဝေးငါးဖမ်းရေယာဉ်များအဖြစ် သတ်မှတ်ပြီး  ညွှန်ကြားချက်များ ထုတ်ပြန်ကြီးကြပ် ဆောင်ရွက်လျက်ပါကြောင်း၊ ၂၀၁၆-၁၇ ခုနှစ် ငါးဖမ်းရာသီတွင် မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက ခွင့်ပြုလိုင်စင်ထုတ်ပေးခဲ့သည့် ကမ်းဝေးငါးဖမ်းရေယာဉ် ၃၂၁ စီး၊ ဒေသခံကမ်းဝေးရေယာဉ် ၃၁၁ စီး နှင့် ကမ်းဝေးဂရမ်ကြီးရေယာဉ် ၁၀ စီးပါဝင်ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်း သွားလာနိုင်သည့် ငါးဖမ်းရေယာဉ်များကို G.T 55 တန် အလျား ၇၅ ပေ၊ မြင်းကောင်ရေ ၂၀၀ အထိ သတ်မှတ်ထားပါကြောင်း၊  ယင်းအနေအထားထက် ကျော်လွန်လျှင် မြန်မာပြည်တစ်ပြည်လုံး သွားလာနိုင်သည့် ရေယာဉ်အဖြစ် စစ်ဆေးတိုင်းတာမှတ်ပုံတင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ G.T 55 တန် အလျား ၇၅ ပေ၊ မြင်းကောင်ရေ ၂၀၀ ရေယာဉ် ၅၁၁ စီး မှတ်ပုံတင်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းလည်း သိရှိရသည့်အပြင် ရေယာဉ်အရွယ်အစားပြောင်းလဲခြင်း၊ အင်ဂျင်ပြောင်းလဲခြင်းတို့အတွက် မွန်ပြည်နယ် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် လျှောက်ထားရပါကြောင်း၊ လျှောက်ထားမှုအပေါ် စိစစ်စစ်ဆေးပြီး ရေယာဉ်မှတ်ပုံတင်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံကမ်းဝေး ငါးဖမ်းရေယာဉ်များ၏ ရေယာဉ်မှတ်ပုံတင်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးရာတွင် မွန်ပြည်နယ်အတွင်းသာ ပြေးဆွဲခွင့်ပြုသည့် ငါးဖမ်း၊ ငါးသယ်ယာဉ်အဖြစ် သတ်မှတ်ခွင့် ပြုပေးခြင်းဖြစ်ပါကြောင်း၊ ဂရမ်သက်တမ်းမှာ တစ်နှစ်သတ်မှတ်ထားပြီး ဒေသခံကမ်းဝေး ငါးဖမ်းရေယာဉ်အဖြစ် ရေယာဉ်မှတ်ပုံတင်ဂရမ် ရရှိထားသည့် ငါးဖမ်းရေယာဉ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ငါးဖမ်းကွက်အတွင်းသာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုနိုင်ပါကြောင်း၊ မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေနှင့်အညီ ဆောင်ရွက်ထားသည့် ကမ်းဝေးငါးဖမ်းရေယာဉ်များကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသည့် ရေယာဉ်မှတ်ပုံတင် ဂရမ်ကြီးရရှိထားသည့် ငါးဖမ်းရေယာဉ်များအနေဖြင့် မိမိကြိုက်နှစ်သက်ရာ တိုင်းဒေသကြီး/ပြည်နယ် ငါးဖမ်းကွက်များသို့ အဆိုပြုပြောင်းရွှေ့လုပ်ကိုင်နိုင်ပါကြောင်း၊

ကျိုက္ခမီငါးဖမ်းစက်လှေများ ဆိုက်ကပ်ရာ ကျားဆိပ်ချောင်းကို ပြန်လည်တူးဖော်ပေးရန်နှင့် ဆိပ်ခံတံတား (Jetty) တည်ဆောက်ရေးတို့နှင့် ပတ်သက်၍ ကျားဆိပ်ချောင်းသည် ဒီရေ အတက် အကျရှိသည့်အတွက် သဲသောင်ပို့ချမှု ဖြစ်ပေါ်ပြီး တဖြည်းဖြည်းတိမ်ကောလာမှုရှိပါကြောင်း၊ ထို့ကြောင့် ကျားဆိပ်ချောင်းကို ပြန်လည်တူးဖော်ပေးရန်နှင့် ဆိပ်ခံတံတား (Jetty) တည်ဆောက် ရေးတို့အတွက် ကွင်းဆင်းတိုင်းတာပြီး လိုအပ်သည့် အစီအမံများ ပြုလုပ်ပေးသွားမည် ဖြစ်ပါကြောင်း၊ စက်လှေများ လွန်းတင်ရန်နေရာနှင့် လွန်းတင်နေရာသတ်မှတ်ရေးနှင့် ပတ်သက်ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေး နည်းဥပဒေပုဒ်မ ၇၃ နှင့်အညီ မွန်ပြည်နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ဒေသ-၈) ကို လျှောက်ထားရမည် ဖြစ်ပါကြောင်း၊ ယခုလိုလျှောက်ထားမှုအပေါ် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခွင့်ပြုသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။