(ဆ)-ဂုတ်တွင်းကားလမ်းတွင် တောင်နှစ်လုံးဆက်သွယ်သည့် တံတားကြီးဆောက်လုပ်မည့် အစီအစဉ်ရှိ၊ မရှိနှင့် ဆောက်လုပ်ရန် အစီအစဉ်ရှိပါက မည်သို့ စီမံဆောင်ရွက်ထားသည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၁၈.၁.၂၀၁၃)

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မန္တလေး-လာရှိုး-မူဆယ်ကားလမ်းပေါ်မှာရှိတဲ့ ကျောက်မဲမြို့နယ်အတွင်း ဂုတ်တွင်းအတက်အဆင်း ကားလမ်းပိုင်းဟာ တစ်ဆစ်ချိုးအကွေ့အကောက်အလွန်များပြားပြီးတော့ မတ်စောက်တဲ့ အတက် အဆင်းလမ်းပိုင်းဖြစ်ပါတယ်။ ယခုအခါ ကုန်စည်သယ်ယူပို့ဆောင်မှုမှာ ပေ ၄၀ ကျော်ရှည်လျားတဲ့  ၂၂ ဘီး ကုန်တင်တွဲယာဉ်များကို များစွာအသုံးပြုလာတဲ့အတွက်ကြောင့်မို့လို့ အသုံးပြုလာတဲ့အပြင် တိုးဂိတ်များမှ ရရှိခဲ့တဲ့ မှတ်တမ်းများအရ နေ့စဉ် ယာဉ်ကြီး၊ ယာဉ်ငယ် ၁၀၀၀ ကနေပြီးတော့ ၁၈၀၀ အကြား ဖြတ်သန်းသွားလာနေတဲ့အတွက်ကြောင့်မို့လို့ လမ်းကြောပိတ်ဆို့မှုနှင့် ယာဉ်မတော်တဆမှု တွေများစွာဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။ ထိုပြဿနာတွေ ပြေလည်စေရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန် သွက်လက်စေဖို့အတွက် ဂုတ်တွင်းအကြားတောင်နှစ်လုံးကို ဆက်သွယ်ပြီးတော့ အရှည်ပေ ၂၀၀၀ ခန့်ရှိမယ့် ၂ လမ်းသွား တံတားကြီးတစ်ခု တည်ဆောက်နိုင်မယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်မြင် ယူဆပါတယ်။ ထိုသို့ တံတားဆောက်လုပ်ဖို့အတွက် ပြည်ပနိုင်ငံ နှစ်နိုင်ငံကလည်း စိတ်ဝင် စားပြီးလာရောက်လေ့လာမှုရှိခဲ့ကြောင်း သိရှိရပါတယ်။ ဒါကြောင့် ဂုတ်တွင်းကားလမ်းမှာ တောင်နှစ် လုံးဆက်သွယ်တဲ့ ထိုကဲ့သို့သော တံတားတည်ဆောက်မယ့် အစီအစဉ်ရှိ၊ မရှိနှင့် ဆောက်လုပ်ရန် အစီအစဉ်ရှိပါက မည်ကဲ့သို့ စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ် အစပ်မှာရှိတဲ့ မန္တလေး-လားရှိုး-မူဆယ်ကားလမ်းပေါ်မှာရှိတဲ့ ဂုတ်တွင်းအပိုင်းဟာ  အတက်အဆင်း များပြီးတော့ တစ်ဆစ်ချိုးအကွေ့အကောက်များတဲ့ အပိုင်းဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့အတိုင်း ကုန်စည်သယ်ယူပို့ဆောင်ရာမှာလည်း ပေ ၄၀ ကျော်တဲ့ ၂၂ ဘီး ကုန်တင်ယာဉ် များ အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလမ်းကို ကျွန်တော်တို့အနေနဲ့ နေ့စဉ်ပျမ်းမျှယာဉ် သွားလာမှုနှုန်း AADT (Annual Average Daily Traffic) ကို ကောက်ယူတဲ့အခါမှာ  ယာဉ်ကြီး ယာဉ်ငယ် စုစုပေါင်း ၂၃၀၀ ခန့် ဖြတ်သန်းသွားတယ်ဆိုတာကို စာရင်းများအရ သိရှိရပါတယ်။ ဒါကြောင့်မို့ ဒီလမ်းပေါ်မှာလည်း  လမ်းကြောပိတ်ဆို့မှု၊ ယာဉ်မတော်တဆဖြစ်မှုများ ဖြစ်ပေါ်နေပါ တယ်။

          အဲဒီပြဿနာတွေကို  ပြေလည်စေဖို့ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနဲ့ တောင်နှစ်လုံးကြားကိုဆက်သွယ်ပေးမယ့် တံတားတစ်စင်းတည်ဆောက်နိုင်ဖို့ရန် စီစဉ်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသွားတဲ့အတိုင်း နိုင်ငံခြားမှ အဖွဲ့နှစ်ဖွဲ့ကလည်း စိတ်ဝင်စားစွာလာရောက်ပြီးတော့ စူးစမ်းလေ့လာလျက်ရှိပါတယ်။ ဒီအဖွဲ့များကတော့  ဂျပန်နိုင်ငံက IDI ဆိုတဲ့ Infrastructrue Development Institution အဖွဲ့ ဖြစ်ပြီးတော့  သူကလည်း ပဏာမ လေ့လာမှုများကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဂုတ်တွင်းကို ဆင်းသွားတဲ့ အခါမှာ လှမ်းမြင်နေရတဲ့ အပေါ်က ဂုတ်ထိပ်တံတားကြီးကို အရင်ကတည်ဆောက်ခဲ့တဲ့ အင်္ဂလန်နိုင်ငံ က HPr (High-Point Rendek) ကုမ္ပဏီကလည်း စိတ်ဝင်စားစွာနဲ့ ကမ်းလှမ်းလာပြီးတော့  ပဏာမ လေ့လာမှုများကို စူးစမ်းလျက်ရှိပါတယ်။            အဲဒီတော့ ဒီတောင်နှစ်လုံးကို ဆက်သွယ်တဲ့အခါမှာ မတ်စောက်တဲ့ချောက်ကိုဖြတ်ပြီး ဆောက်ရမှာဖြစ်တဲ့အတွက် တံတားတိုင်တွေရဲ့ အမြင့်ဟာလည်း    ပေ ၃၀၀  လောက်မြင့်တဲ့အပြင် ပေ အရှည်ကလည်း ပေ ၂၀၀၀ ကျော်လောက်တည်ဆောက်ရမှာ ဖြစ်တဲ့အတွက်  မြေပြင်အနေအထားနဲ့ သင့်တော်တဲ့ ကြိုးဆိုင်းတံတားအမျိုးအစား (Cable stayed bridge) ကိုတည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲဒီတံတားကို တည်ဆောက်မယ်ဆိုရင် သံပေါင်များ ဝယ်ဖို့အတွက် ခန့်မှန်းကုန်ကျငွေ အမေရိကန် ဒေါ်လာ ၄.၈ သန်း ကုန်ကျမှာဖြစ်ပြီးတော့ အောက်‌ြခေ အုတ်မြစ်နဲ့ တံတားတိုင်များ တည်ဆောက်ဖို့အတွက် မြန်မာငွေ ၁၁.၂၅ ဘီလီယံခန့် ကုန်ကျမည် ဖြစ်ကြောင်းကို တွက်ချက်ထားပြီး ဖြစ်ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ မန္တလေး-လားရှိုး-မူဆယ် လမ်းပေါ်မှာရှိတဲ့ ဂုတ်တွင်းတံတားဆောက်လုပ်ရန်အတွက် နိုင်ငံခြား ပညာရှင်များရဲ့ ပဏာမလေ့လာစူးစမ်းမှုများ (Feasibility Study)များကို အခြေခံပြီးတော့ ကျွန်တော်တို့အနေနဲ့ ထပ်မံတွက်ချက်စစ်ဆေးပြီး  ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့သို့ တင်ပြပြီးတော့ ဒီတံတားကြီးတည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း လေးစားစွာ ရှင်းလင်းဖြေကြားပါသည်။