(စ)-ဝန်ထမ်းများ၏ ပင်စင်လစာငွေ ခံစားခွင့်ငွေပမာဏသည် တိုးမြှင့်လာပြီဖြစ်သည့်အတွက် တစ်လုံးတစ်ခဲတည်း ပင်စင်လဲလှယ်ခြင်းကို ခွင့်ပြုလျက်ရှိနေပါက ကျပ် ၅၀ ထက် မပိုစေရပါဟူသော ပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ မည်သို့နားလည်သွားရမည်ကို ရှင်းလင်းပေးနိုင်ပါရန်နှင့်စပ်လျဉ်းသည့

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၁၈.၁.၂၀၁၃)

ဝန်ထမ်းများရဲ့ အငြိမ်းစားပင်စင်လစာမှ တစ်စိတ်တစ်ဒေသကို ဖြစ်စေ၊ အားလုံးကိုဖြစ်စေ တစ်လုံးတည်းပင်စင်အဖြစ် လဲလှယ်ခွင့်ပြုရာတွင် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၏ လက်ကမ်းစာစောင် အပိုဒ် ၁၂ အပိုဒ်ခွဲ (က) ပါ အများဆုံးလဲလှယ်ခွင့်ပြုသည့် ပင်စင်လစာငွေမှာ အငြိမ်းစားရရှိသည့်ပင်စင်လစာ၏ ၅၀ ရာခိုင်နှုန်းလဲလှယ်ခွင့်ပြုနိုင်ပါသည်။ သို့ရာတွင် ကျပ် ၅၀ ထက်မပိုစေရပါနှင့်ပတ်သက်၍ မေးမြန်းခြင်းဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဝန်ထမ်းများနှင့်ပတ်သက်လို့ ပင်စင်လစာတိုးမြှင့်ခွင့် ပြုခြင်းကို ၁-၄-၁၉၈၉၊ ၁-၄-၁၉၉၃၊ ၁-၁၀-၁၉၉၄၊ ၁-၄-၂၀၀၀ နှင့် ၁-၇-၂၀၁၁ ရက်နေ့များက စတင် ပြီးတော့ ၅ ကြိမ်တိုင်တိုင် နိုင်ငံတော်က ခွင့်ပြုပေးခဲ့တာကို တွေ့ရှိရပါတယ်။ ပင်စင်ခံစားခြင်းနှင့် ပတ်သက်ပြီး ထမ်းဆောင်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ပင်စင်ခံစားနေတဲ့ ဝန်ထမ်းတချို့ဟာ မိသားစုဘဝရပ်တည်နိုင်ဖို့အတွက် တစ်လုံးတည်းပင်စင်ကို လဲလှယ်ခံစားခြင်းများ ဆောင်ရွက်ခဲ့ ကြတာကို တွေ့ကြုံခဲ့ဖူးပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ တစ်လုံးတည်းပင်စင်လဲလှယ်ခြင်း များ မတွေ့ရသလောက်ဘဲ ဖြစ်ပါတယ်။ ပင်စင်ခံစားနေခြင်းနှင့်ပတ်သက်လို့ စာစောင်တစ်စောင်မှာ တွေ့ရပါတယ်။ အငြိမ်းစားဝန်ထမ်းတစ်ဦးက တစ်လုံးတည်းပင်စင်လဲလှယ်လိုရေးကိစ္စကို ဦးတည် ရေးသားထားချက်ကိုလည်း တွေ့လိုက်ရပါတယ်။ ၎င်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဝန်ထမ်း အငြိမ်းစားဖြစ်တဲ့အတွက် ကိုယ်ပိုင်ငွေလက်ထဲမှာ ပြည့်ပြည့်စုံစုံမရှိတာရယ်၊ နိုင်ငံတော်ကပေးလိုက်တဲ့ မြေကွက်ကို ဝယ်ဖို့ရာဆိုရင် ၎င်းရဲ့ပင်စင်ကို တစ်လုံးတည်းလဲလှယ်ခွင့်ရရင် ပိုပြီးအဆင်ပြေမယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အငြိမ်းစားဝန်ထမ်းများ တစ်လုံးတည်းပင်စင်လဲလှယ်ခြင်းနှင့်ပတ်သက်ပြီး တော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မေးမြန်းခဲ့ဖူးပါတယ်။ တစ်လုံးတည်းပင်စင်ကို လဲလှယ်ခွင့် မပြုတော့ဘူးလား။ ဝန်ထမ်းများနှင့်ပတ်သက်ပြီး ၎င်းတို့ရဲ့ဆန္ဒရှိရင် ဆောင်ရွက်ပေးသင့်ကြောင်း ဆွေးနွေးကြည့်တဲ့အခါမှာ လဲလှယ်ခွင့်တော့ ပြုပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ အငြိမ်းစားဝန်ထမ်းမှာ ပင်စင်လစာငွေကျန် နည်းပြီး ဒုက္ခဖြစ်သွားမှာကို စိုးရိမ်မိတယ်လို့ ဖြေခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အမြင်ကို တင်ပြရမယ်ဆိုရင်တော့ လဲလှယ်ပေးခြင်းဖြင့် ကြိုတင်ခံစားရမယ်။ ပြင်ဆင်သင့်တဲ့ အချက် အလက်တွေကို ကြိုတင်ပြင်ဆင်နိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ လဲလှယ်မယ့်ကိစ္စရပ်အပိုင်းက တော့ သက်ဆိုင်ရာ အငြိမ်းစားရဲ့ သဘောပဲ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အခုဆိုရင် ပင်စင်ခံစားခွင့်ငွေပမာဏက တိုးမြှင့်ထားပြီ ဖြစ်ပါတယ်။ လဲလှယ်ခွင့်ကို ကျပ် ၅၀ ထက်မပိုစေရပါဆိုတဲ့ သတ်မှတ်ထားချက်ကို ပြင်ဆင်သင့်ပြီလို့ ယူဆမိပါ တယ်။ ပြင်ဆင်မှလည်း သင့်တော်မည်လို့ ထင်မြင်မိပါတယ်။ သို့ပါ၍ ဝန်ထမ်းများရဲ့ပင်စင်လစာငွေ ခံစားရရှိမှု ပမာဏသည် တိုးမြှင့်ထားသည်ဖြစ်တဲ့အတွက် တစ်လုံးတည်းပင်စင်လဲလှယ်ခွင့်ကို ခွင့်ပြု လျက်ရှိနေပါက ကျပ် ၅၀ ထက်မပိုစေရပါဟူသော သတ်မှတ်ထားချက်နှင့်ပတ်သက်၍ မည်သို့ နားလည်ရမည်ကို ရှင်းလင်းပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း
အဖြေ

မေးခွန်း ကတော့  အငြိမ်းစားပင်စင်လစာကို လဲလှယ်ခွင့်ပြုပေမယ့် တစ်ဖက်ကလည်း ကျပ် ၅၀ ထက် မပိုစေရဆိုတဲ့ ပြဋ္ဌာန်းချက်နှင့်ပတ်သက်ပြီး မည်ကဲ့သို့ နားလည်ရမည်ဆိုတာကို  မေးမြန်းထားတာ ဖြစ်ပါတယ်။ အဆိုပါပြဋ္ဌာန်းချက်ကလည်းပဲ တော်တော်ကို ကသိကအောက် ရှေ့နောက်မညီတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းချက် ဘယ်ကလာပါသလဲဆိုရင် မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံးဥပဒေ ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ၁၈၇၁ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့သော  ပင်စင်အက်ဥပဒေရဲ့ အခန်း(၂) ပုဒ်မ ၁၀ ကနေပြီးတော့ လာတာဖြစ်ပါတယ်။  ပင်စင်လဲလှယ်ခွင့်နှင့်ပတ်သက်လို့ လဲလှယ်ခွင့်ပေးခြင်း အားဖြင့် ပင်စင်စားတွေရဲ့ ဘဝမှာ အခက်အခဲတွေ့နိုင်သလို ပင်စင်ရန်ပုံငွေမှာလည်း ထိခိုက်နိုင်တဲ့ အတွက်ကြောင့် အချို့နိုင်ငံများမှာတော့ မကျင့်သုံးတော့ကြောင်း တွေ့ရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ လောလောဆယ်မှာ ပင်စင်ရန်ပုံငွေထူထောင်ဖို့ကိစ္စတွေ  ဆောင်ရွက်နေဆဲမှာတော့ ပင်စင်ရန်ပုံငွေအားလုံးကို  နိုင်ငံတော်ကပဲ စိုက်ထုတ်ပေးနေတာ ဖြစ်ပါတယ်။ ပင်စင်စားအဟောင်း များရဲ့   ပင်စင်လစာကို တိုးမြှင့်ပေးခဲ့တဲ့အတွက်ကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ  ပင်စင် အသုံးစရိတ်ဟာ ၂၄၀ ဘီလီယံခန့် ဖြစ်သွားပါတယ်။ ယမန်နှစ်ကထက်ကို  ၆.၅ ဆပိုမိုကျော်လွန်သွား မှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ပင်စင်လဲလှယ်ခွင့်ကို ကျပ် ၅၀ ထက် မပိုရဘူးလို့ပြောတဲ့ အတွက်ကြောင့် လဲလှယ်သူမရှိတော့ပါဘူး။ တကယ်လို့များ ကျပ် ၅၀ အစား ကျပ် ၅၀၀၀ မြှင့်ကြည့် မယ်ဆိုလို့ရှိရင် ပင်စင်စားတစ်ဦးအတွက် လဲလှယ်ပေးရမည့်ငွေဟာ ၆ သိန်း ပတ်ဝန်းကျင်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ယနေ့မြန်မာနိုင်ငံမှာ ပင်စင်စားဦးရေဟာ  ၇ သိန်းခန့် ရှိပါတယ်။ အဲ့ဒီ ၇ သိန်းထဲက တစ်သိန်းကပဲ လဲလှယ်ခွင့်တောင်းရင်တောင်မှ နိုင်ငံတော်အနေနဲ့  ၆၀ ဘီလီယံ ထပ်မံသုံးစွဲရမှာ ဖြစ်ပါတယ်။ အဲဒီလိုသုံးစွဲမယ်ဆိုလို့ရှိရင် နောက်ဆက်တွဲ စီးပွားရေးအကျိုးသက်ရောက်မှုတွေ ဖြစ်လာ နိုင်တဲ့အနေအထား ရှိပါတယ်ခင်ဗျား။ ထို့ကြောင့် နောင်ရေးဆွဲမယ့် ပင်စင်နည်းဥပဒေမှာတော့ ပင်စင် လဲလှယ်ခွင့်ကို ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ထမ်း ပင်စင်စားများအနေနဲ့ကတော့ ပင်စင်လဲလှယ်ခွင့်ကိုတော့ ၄-၄-၂၀၀၀ ထဲက ပယ်ဖျက်ထားပြီးဖြစ်ကြောင်း ဖြေကြားပါသည်။