(က)-စေတီပုထိုးများကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် ဂေါပကအဖွဲ့၏ သက်တမ်းကာလကို သာသနာရေးဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ပေးနိုင်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၁၈.၁.၂၀၁၃)

မြန်မာနိုင်ငံတော်တစ်ဝန်း တည်ထားကိုးကွယ်လျက်ရှိသော စေတီ ပုထိုးတော်များအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ယခင်က အာဏာပိုင်အဖွဲ့အစည်းများက ဂေါပကအဖွဲ့များ ဖွဲ့စည်းလျက် တာဝန်ယူဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ဖြစ်ပါသည်။ ထိုသို့ ဖွဲ့စည်းဆောင်ရွက်နေသည့် ဂေါပကအဖွဲ့များ၏ သက်တမ်းကာလကို ကန့်သတ်မှုမရသည့်အတွက် ယင်းဂေါပကအဖွဲ့၏ ဆောင်ရွက်မှုများအပေါ် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ယုံကြည်မှုလျော့နည်း လာပါသည်။ ထို့ကြောင့်စေတီပုထိုးများကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် ဂေါပကအဖွဲ့၏ သက်တမ်းကာလကို သာသနာရေးဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ပေးနိုင်ပါမည်လား။ အကယ်၍ သတ်မှတ်ပေးနိုင်မည်ဆိုပါက ဂေါပကအဖွဲ့၏ သက်တမ်းကို သုံးနှစ်ဖြင့် သတ်မှတ်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သာသနာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာမောင်မောင်ဌေး
အဖြေ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း ဒေသအလိုက် ထင်ရှားတဲ့သမိုင်းဝင် တန်ခိုးကြီးစေတီပုထိုးများမှာ ဂေါပကအဖွဲ့စည်းမျဉ်းများကိုရေးဆွဲပြီး တရားမမှုဆိုင်ရာ ဥပဒေအမှတ် (၉၂) ဖြင့် ခိုင်မြဲအောင် ဆောင်ရွက်ပြဋ္ဌာန်းထားရှိကြပါတယ်။ သို့သော်လည်းပဲ ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များဖွဲ့စည်းခြင်း ဆိုင်ရာဥပဒေ (၆/၈၈) ပုဒ်မ ၄ ပုဒ်မခွဲ(ခ)အရ ဘာသာသာသနာသက်သက်ကိုသာ ကျင်‌့သုံးဆောင်ရွက် သော အသင်းအဖွဲ့များအား မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားတဲ့အတွက် ဂေါပကအဖွဲ့များဟာ ဌာနဆိုင်ရာတစ်ခုခု၌ မှတ်ပုံတင်ထားရှိရမယ့် အသင်းမျိုးမဟုတ်ကြောင်း တင်ပြအပ်ပါတယ်။ သမိုင်းဝင်ထင်ရှားတဲ့ စေတီပုထိုးများရဲ့ ဂေါပကအဖွဲ့စည်းမျဉ်းများမှာ ထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်ရတဲ့ လုပ်ငန်းအနည်းအများအခြေအနေနဲ့ ကိုးကွယ်ဆည်းကပ်မှု ဒေသအ‌ြခေအနေတို့အရ ဂေါပကအဖွဲ့ဝင်ကို ၆ ဦး၊ ၉ ဦး၊ ၁၁ ဦး စသဖြင့် ဖွဲ့စည်းကြပြီး ဂေါပကအဖွဲ့ရဲ့ သက်တမ်းကိုလည်း  သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်စသဖြင့် ဘုရားပုထိုးစေတီတစ်ဆူနှင့် တစ်ဆူဖွဲ့စည်းပုံနှင့် ဂေါပကအဖွဲ့ သက်တမ်းသတ်မှတ်ပုံခြင်း မတူကြကြောင်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့ သာသနာရေးဝန်ကြီးဌာန အနေဖြင့် ရွှေတိဂုံစေတီတော်၊ ဥပါတသန္တိစေတီ၊ မဟာဝိဇယစေတီ၊ စွယ်တော်မြတ်စေတီ၊ လောက ချမ်းသာအဘယလာဘမုနိဘုရားကြီး၊ ကမ္ဘာအေးစေတီ၊ အိမ်တော်ရာစေတီ(ရန်ကုန်)၊ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)တို့ကဲ့သို့ သာသနာရေးဝန်ကြီးဌာနမှ စည်းမျဉ်းရေးဆွဲပေးထားပြီး ဘုရားဂေါပကအဖွဲ့ကို စည်းမျဉ်းပါအတိုင်း ဂေါပကအဖွဲ့နှင့် သြဝါဒစရိယအဖွဲ့ ရွေးချယ်ဖွဲ့စည်းမှုတွင် သာသနာရေးဝန်ကြီးဌာန၏ ကြီးကြပ်ဖွဲ့စည်းမှုပါဝင်ပါတယ်။ ထို့ကြောင့်လည်းပဲ အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ စေတီပုထိုးများရဲ့ ဂေါပကအဖွဲ့များမှာ သာသနာရေးဝန်ကြီးဌာနမှ တိုက်ရိုက်ကြီးကြပ်ဖွဲ့စည်းခြင်းမရှိဘဲ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအုပ်ချုပ်ရေးအဖွဲ့တို့၏ အစီအစဉ်ဖြင့် ဆောင်ရွက်ကြပြီးတော့ ၎င်းတို့ရဲ့ ဆောင်ရွက်ဖွဲ့စည်းမှု၊ ကြီးကြပ်ဖွဲ့စည်းထားရှိမှုကို တင်ပြလာလျှင် ဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ခြင်း၊ ဂေါပကအဖွဲ့ဖွဲ့စည်းမှုအတွင်း အငြင်းပွားမှု များ ဖြစ်ပေါ်လာလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးတို့အား တာဝန်ပေး၍ သက်ဆိုင်ရာသံဃာ့နာယကအဖွဲ့များနှင့် အစိုးရအဖွဲ့များသို့ တင်ပြစေကာ ညှိနှိုင်းဆောင်ရွက်စေ လျက်ရှိပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်တို့မှာရှိတဲ့ စေတီပုထိုးများရဲ့ ဂေါပကအဖွဲ့များကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့ထံ တင်ပြဖွဲ့စည်း၍ ဂေါပကအဖွဲ့ဝင်ဖြစ်ရန် အရည်အချင်းသတ်မှတ်ချက်နှင့် တာဝန်ဝတ္တရားများကိုလည်း ရေးဆွဲပြဋ္ဌာန်းထားသကဲ့သို့ ဂေါပက အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်းနှင့် နုတ်ထွက်ခြင်းဆိုင်ရာ စည်းကမ်းများကိုလည်း ရေးဆွဲထားရှိပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ သမိုင်းဝင်တန်ခိုးကြီး ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီပုထိုးများရဲ့ ဂေါပကအဖွဲ့ဝင်များနှင့် ပတ်သက်၍ တာဝန်ထမ်းဆောင်သည့်သက်တမ်း ကြာမြင့်လာသည်နှင့်အမျှ မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားခြင်း၊ တိုင်စာ၊ ပစ်စာအမျိုးမျိုးများ ဝန်ကြီးဌာနသို့ ရောက်ရှိလာခြင်းတို့ကြောင့် သာသနာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၀ ခုနှစ်တွင် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့သို့ တင်ပြ လျှောက်ထားခဲ့ရာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ဂေါပကအဖွဲ့ဝင်လူကြီးများ၏ အသက် အရွယ်နှင့် သတ်မှတ်သက်တမ်းတို့ကို အချက်သုံးချက်ဖြင့် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ဒီအချက် တွေကတော့ (က) ဂေါပကလူကြီး၏အသက်ကို အငယ်ဆုံး ၅၅ နှစ်မှ အကြီးဆုံး ၇၀ နှစ်အထိ ကန့်သတ်ရန်၊ (ခ) အသက် ၇၀နှစ်ကျော်သော်လည်း ကျန်းမာရေးကောင်းမွန်သဖြင့် လုပ်ငန်းတာဝန်ကို ဖိဖိစီးစီးတာဝန်ယူဆောင်ရွက်နိုင်လျှင်လည်းကောင်း၊ ဒေသအာဏာပိုင်အဖွဲ့နှင့် သာသနာရေးဝန်ကြီး ဌာနမှ ခွင့်ပြုလျှင်လည်းကောင်း တစ်နှစ်သက်တမ်းဖြင့်သာ ငါးနှစ်ထက်မပိုစေဘဲ နှစ်စဉ်တာဝန် ခန့်အပ်ပေးရန်၊ (ဂ) အသက် ၇၅ နှစ် ကျော်လွန်သော်လည်း ဆက်လက်ခန့်အပ်လိုပါက ဂေါပကအဖွဲ့ ၏ လုပ်ငန်းတာဝန်များကို ဝင်ရောက်စွက်ဖက်မှုမပြုခြင်း၊ ဂေါပကလူကြီးအဖြစ် အထောက်အပံ့နှင့် အခွင့်အရေးမယူလိုကြောင်း ဆန္ဒရှိသူကိုသာ ဂေါပကအဖွဲ့ အကြံပေးအဖြစ် ခန့်ထားပေးရန်တို့ ဖြစ်ပါ တယ်။

          သို့ဖြစ်ပါ၍ သက်ဆိုင်ရာဒေသအတွင်းရှိ စေတီ၊ ပုထိုးတော်များအားလုံးရဲ့ ဂေါပကအဖွဲ့ သက်တမ်းသတ်မှတ်ခြင်းနှင့် ပတ်သက်၍ ဒေသအစဉ်အလာ၊ ကိုးကွယ်ဆည်းကပ်မှုနောက်ကြောင်း အ‌ြခေအနေများအရ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်သံဃာ့မဟာနာယကအဖွဲ့သို့ လျှောက်ထား တင်ပြ၍ ဆောင်ရွက်ရမည့်ကိစ္စဖြစ်တဲ့အတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သံဃာ့မဟာနာယကအဖွဲ့ဆရာတော်ကြီးများထံ လျှောက်ထားပြီး ဆုံးဖြတ် ချမှတ်ပေးသည့်အတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

          ဂေါပကအဖွဲ့ တွေရဲ့ စီးပွားရှာဖောက်ပြန်မှုတွေနှင့် ပတ်သက်လျှင် ဘယ်နည်းဘယ်ပုံ အရေးယူဖို့ ရှိပါသလဲ။ တိုင်တဲ့ လူတွေရဲ့ တိုင်ကြားချက်မှန်ကန်လို့ရှိရင် အဲဒီဂေါပကလူကြီးတွေကို ပြစ်မှုကြောင်းအရ တရားစွဲဆိုနိုင်ဖို့ အတွက် သာသနာရေးဝန်ကြီးဌာနအနေနဲ့ မည်ကဲ့သို့ စီမံထားတာကို သိလိုပါကြောင်း မေးမြန်းပါသည်။

သာသနာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာမောင်မောင်ဌေး       

သာသနာရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးမှာရှိတဲ့ ဂေါပကအဖွဲ့များအချင်းချင်း မညီညွတ်မှုကြောင့် ဖြစ်စေ၊ တစ်စုံတရာပြဿနာဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ကျွန်တော်တို့ ဝန်ကြီးဌာနကို တိုင်စာ၊ ပစ်စာများ ရောက်ရှိလျက်ရှိပါတယ်။ အဲဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ ဒီတိုင်စာ၊ ပစ်စာသည် အမှန်တကယ် ဟုတ်၊ မဟုတ်ကို ပြည်နယ်တိုင်းဒေသကြီးမှာရှိတဲ့ တိုင်းဒေသကြီးသာသနာရေးမှူးတွေကို ကျွန်တော်တို့ တာဝန်ပေးအပ်စုံစမ်းပြီးမှ ဒီအ‌ြခေအနေသည်မှန်ကန်ခဲ့ပြီဆိုခဲ့ရင် သက်ဆိုင်ရာကျွန်တော်တို့ ပြည်နယ် နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များနဲ့ ညှိနှိုင်းပြီးတော့မှ ဂေါပကအဖွဲ့  ပြန်လည်ဖွဲ့စည်းခြင်းလုပ်ငန်း များကို ကျွန်တော်တို့ ဆောင်ရွက်ပါတယ်။ အရေးယူတဲ့ကိစ္စများကိုလည်း သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ အရေးယူဆောင်ရွက်လျက် ရှိပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ အခု ပြီးခဲ့တဲ့လထဲကပဲ ကျွန်တော်တို့ ဒီကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ဂေါပကအဖွဲ့ ပြန်လည် ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို တိုင်ကြားစာတွေရှိတဲ့အတွက် ပြန်လည်ဆောင်ရွက်ခဲ့ရတာ တွေ ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ သာသနာရေးဝန်ကြီးဌာနအနေနဲ့ တိုက်ရိုက်ဆောင်ရွက်ခြင်းမရှိဘဲ သက်ဆိုင်ရာနယ်‌ြမေဒေသမှာရှိတဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များရဲ့ စီမံဆောင်ရွက်မှုဖြင့်သာ ကျွန်တော်တို့က လိုက်ပါကူညီဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။