(ဂ)-နေပြည်တော်-တောင်ညို-ချောင်းနက်-တောင်တွင်းကြီး လမ်းပိုင်းတွင် ဆောင်ရွက်လျက်ရှိသော ပြည်သူ့ ဆောက်လုပ်ရေးလမ်းအထူးအဖွဲ့(၅)၏ ကြီးကြပ်သူ နိုင်ငံ့ဝန်ထမ်းများအား သက်ဆိုင်ရာဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာဖြင့် ဂုဏ်ပြုရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၃. ၆. ၂၀၁၄)

နေပြည်တော်-တောင်ညို-ချောင်းနက်-တောင်တွင်းကြီး လမ်းပိုင်းတွင် ဆောင်ရွက်လျက်ရှိသော ပြည်သူ့ ဆောက်လုပ်ရေးလမ်းအထူးအဖွဲ့(၅)၏ ကြီးကြပ်သူ နိုင်ငံ့ဝန်ထမ်းများအား သက်ဆိုင်ရာဌာနမှ စံပြု ထိုက်သူ နိုင်ငံ့ဝန်ထမ်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာဖြင့် ဂုဏ်ပြုရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

 နေပြည်တော်-တောင်ညို-ချောင်းနက် လမ်းပိုင်းဟာ အမြန်လမ်းမကြီးမှာ မိုင် ၄၀ ရှိပြီးတော့ တောင်ပေါ် ၂၆ မိုင်မှာ အကွေ့အကောက်များစွာနဲ့ အတက်ဆင်းလမ်းပိုင်းဖြစ်ပါတယ်။ ဒီလမ်းပိုင်းကို ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဒီလမ်းပိုင်းမှာ ဆောင်ရွက်နေကြတဲ့ နိုင်ငံံ့ဝန်ထမ်း များသည် လမ်းသားတိုးချဲ့ခြင်း၊ ထပ်ပိုးလွှာ ၄ လက်မထုခင်းခြင်း၊ ကတ္တရာမခင်းမီ လေမှုတ်စက်နဲ့ ဖုန်များကို မှုတ်ထုတ်ခြင်း၊ ကတ္တရာအပြည့်အဝခင်းခြင်းနဲ့ မြေသိမ့်လွှာခင်းခြင်းများကို ကိုယ်စားလှယ် ကြီးများကလည်း လက်တွေ့မြင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ ဒီဆောင်ရွက်ချက် များသည် ပြည်သူများစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ဒီလမ်းပိုင်းကြီးကို သွားလာနေကြရတဲ့ အသံများ ထွက်ပေါ်လျက်ရှိပါတယ်။ လုပ်ငန်းမှာတာဝန်ထမ်းဆောင်တဲ့ ကျွမ်းကျင်ဝန်ထမ်းများ ကြီးကြပ်မှုအား ကောင်းခြင်း၊ ကျွမ်းကျင်မှုနဲ့အတူ ဥက္ကဋ္ဌကြီးမှာကြားနေတဲ့၊ အမြဲတမ်းပြောနေတဲ့ စိတ်ဓာတ်နှင့်စေတနာ ထည့်ပေးတာပေါ်လွင်နေကြောင်း သိရှိရတဲ့အတွက် ဒီမေးခွန်းဖြစ်ပေါ်လာခြင်း အကြောင်းတရားဖြစ် ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့တင်ပြလိုက်တာသည် စိတ်ဓာတ်နဲ့ စေတနာကောင်းမွန်တဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများလည်းရှိနေတယ်ဆိုတာကို အသိအမှတ်ပြုခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်အတွင်းမှာ နိုင်ငံတော်အစိုးရရဲ့ အားနည်းချက်၊ ပျော့ကွက်၊ ဟာကွက်များကို ထောက်ပြခြင်း၊ ဝေဖန်ခြင်း၊ တွန်းအားပေးခြင်းဟာလည်းပဲ နိုင်ငံတော်နှင့် နိုင်ငံသားများရဲ့ အကျိုးအတွက်ဖြစ်ထွန်းစေသလို ဌာနအသီးသီးမှာရှိတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများရဲ့ စေတနာနဲ့စိတ်ဓာတ် ဖြည့်ဆည်းပြီးဆောင်ရွက်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများကို လွှတ်တော်ထဲ တစ်ဆင့် ထုတ်ဖော်ချီးမွမ်းပြောဆိုခြင်းဟာလည်းပဲ နိုင်ငံ့ဝန်ထမ်းကောင်းများအတွက် အင်အားဖြစ်စေ မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီကနေ့ ဒီလမ်းပိုင်းမှာ ဆောင်ရွက်နေကြတဲ့ ကြီးကြပ်သူ ပြည်သူ့ ဆောက်လုပ်ရေးဝန်ထမ်းအဆင့်ဆင့်တာဝန်ရှိသူများကို သက်ဆိုင်ရာဝန်ကြီးဌာနမှသော်လည်းကောင်း၊ နိုင်ငံတော်အစိုးရမှသော်လည်းကောင်း စံပြုထိုက်သူများအဖြစ် သတ်မှတ်ပြီးတော့ ဂုဏ်ပြုမှတ်တမ်း လွှာနဲ့ ဂုဏ်ပြုချီးမြှင့်ခြင်းမျိုး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
ဦးစိုးတင့်(ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်း၊ လမ်းဆောက်လုပ်ရေးအထူးအဖွဲ့(၅)မှ အရာထမ်း၊ အမှုထမ်းများဟာ လုပ်ငန်း ဆောင်ရွက်ရာမှာ ခန့်မှန်းတွက်ချက်ခွင့်ပြုရန်ပုံငွေနဲ့ သတ်မှတ်ပစ္စည်းအမျိုးအစား၊ အရေအတွက် အပြည့်အဝသုံးပြီး စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်အချိန်ကာလအတွင်း ပြီးမြောက်အောင် လုပ်ငန်း ဆောင်ရွက်နိုင်မှုအပေါ် ချီးကျူးဂုဏ်ပြုတဲ့အတွက် များစွာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ ကျေးဇူး လည်းအထူးတင်ရှိပါတယ်။ လမ်းဆောက်လုပ်ရေးအထူးစီမံကိန်း အထူးအဖွဲ့(၅)အနေနဲ့ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်လို့ တာဝန် ကျေပွန်မှုအတွက် ဌာနအနေနဲ့ မှတ်တမ်းတင် အသိအမှတ်ပြုထားပြီးွဖစ်ပါကြောင်းနဲ့ ရာထူးတိုးမြှင့် ရေးစဉ်းစားရာမှာ ဝန်ထမ်းကောင်းများရဲ့ စေတနာထားလုပ်ဆောင်ချက်များအဖြစ် အလေးထား ဂုဏ်ပြုမှတ်တမ်းတင်သွားမှာ ဖြစ်ပါတယ်။

        ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်းအနေနဲ့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီ ကြိုးစားဆောင်ရွက်နေတဲ့ဝန်ထမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့မှချီးမြှင့်တဲ့ ပြည်သူ့ဝန်ထမ်းတံဆိပ်၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိရေး ထောက်ခံတင်ပြပေးလျက်ရှိပြီးတော့ တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်ပြီးတော့ လုပ်ငန်းများ အောင်မြင်အောင် ကြိုးစားဆောင်ရွက်တဲ့ အရာထမ်း၊ အမှုထမ်းများကိုလည်း လုပ်ငန်းတာဝန်များအား တာဝန်ပေးအပ်ခြင်း၊ ရာထူးတိုးမြှင့်ရေး ဆောင်ရွက်တဲ့အခါ ဦးစားပေးဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့သလိုပဲ လုပ်ငန်းဆောင်ရွက်မှုအားနည်းတဲ့ အရာထမ်း၊ အမှုထမ်းများကိုလည်း သတိ ပေးဆုံးမခြင်း၊ နှစ်တိုးရပ်ဆိုင်းခြင်း၊ ရာထူးအဆင့်လျှော့ချခြင်းစသည်တို့ဖြင့် ဆုပေး/ဒဏ်ပေးစနစ်ဖြင့် ကျင့်သုံးလျက်ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းကောင်းဂုဏ်ပြုလွှာ ပေးအပ်ခြင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်အဆင့်ဆင့်နဲ့ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့က စိစစ်ပြီးတော့ ပေးအပ်သင့်ကြောင်း ထောက်ခံတင်ပြလာလို့ရှိရင် ဌာနအနေနဲ့ ဒါတွေကိုစိစစ်ပြီး ဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း လေးစားစွာ ဖြေကြားပါသည်။