ကျိုင်းတုံမြို့ ရေပေးဝေရေးလုပ်ငန်းကို ၁၉၉၇ ခုနှစ်မှစတင်၍ ၂၀၁၀ ခုနှစ်အထိ လုပ်ငန်းလုပ်ခဲ့ပါကြောင်း၊ ၎င်းလုပ်ငန်းက ဝေဖျန်းရေထွက်စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းနှင့် နန့်ကင်ချောင်း ရေတင်ပန့်ဖြင့် ရေစုပ်တင်ခြင်း လုပ်ငန်းဖြင့် ရေပေးဝေခြင်းဖြစ်ပါကြောင်း၊ ရေလုပ်ငန်းများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် ၄၅ သိန်း၊ စည်ပင်မှငွေကျပ် ၂၅ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၉၇ သိန်း အပါအဝင် စုစုပေါင်း ငွေကျပ် ၁၀၇ သိန်းရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝေဖျန်းရေထွက်စိမ့်စမ်းရေတွင် မိုးရာသီ ရေထွက်နှုန်း ၄၂၉၂၀၀ ဂါလန်ရရှိသော်လည်း ဆောင်းရာသီနှင့်နွေရာသီတွင် ရေမရနိုင်ပါကြောင်း၊ အသုံးပြုသူပြည်သူ ၂၁၉၆၀ ဦးဖြစ်ပြီး ဆောင်းရာသီနှင့် နွေရာသီတွင် ရေလုံလောက်မှု မရှိပါကြောင်း၊ ဝေဖျန်းရေပေးဝေရေးဒေသတွင် တောင်ယာခုတ်ထွင် ရှင်းလင်းမှုများပြားလာခြင်းကြောင့် ရေနည်းပါးလာခြင်း ဖြစ်ပါကြောင်း၊ နန့်ခင်နွဲ့ရေစက်ရုံသည်လည်း မိုးရာသီတွင် ရေဂါလန် ၄၀၀၀၀၀ ခန့်ရှိပြီး နွေရာသီတွင် ရေခမ်းခြောက်လာ၍ ရေဂါလန် ၅၀၀၀၀ ခန့်သာ ပေးဝေနိုင်သဖြင့် ယခုအခါ အဆိုပါရေပေးရေး လုပ်ငန်းမှာလည်း ဆောင်ရွက်နိုင်ခြင်း မရှိခြင်းကြောင့် ယခင်က အသုံးပြုသူပြည်သူ ၃၉၇၆ ဦးအတွက် ရေပေးဝေနိုင်ခြင်းမရှိတော့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၁ ခုနှစ် ကျိုင်းတုံမှ (၈) မိုင်အကွာရှိ နန့်အောင်ချောင်းကို စတင်သွယ်ယူရေးအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ဦးစီး၍ နှစ်ဖက် ဌာနဆိုင်ရာများနှင့် မြို့နယ်ပြည်သူလူထုတို့မှ ပူးပေါင်းစီစဉ်ရာ (၈) မိုင် ရေပေးဝေရေးလုပ်ငန်းအား ၂၀-၉-၂၀၁၁ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စည်ပင်သာယာရေးနှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ ငွေကျပ် ၄၆၇၇ သိန်းဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂-၁၁-၁၁ ရက်နေ့တွင် လုပ်ငန်းပြီးစီးခဲ့ပါကြောင်း၊ လက်ရှိရေပေးဝေလျက်ရှိသည့် ကျိုင်းတုံမြို့ (၈) မိုင် ခန့်ကွာဝေးသည့် နန့်အောင်ချောင်းသည် မိုးရာသီ အချိန်တွင် တောင်ကျရေများ စုပေါင်းစီးဝင်၍ ရေများနောက်ကျိလာသည့်အတွက် သုံးစွဲရန်မသင့်ကြောင်းကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများ၏ လမ်းညွှန်ချက်အရ ကျိုင်းတုံ-တောင်ကြီးလမ်း ၁၁ မိုင်ရေထွက်မှ အင်းလေးကန် ကျောက်စီမြေထိန်း နံရံများပြုလုပ်ပြီး ရှစ်လက်မပိုက်လိုင်း ၁၅၀၀၀ ပေကို (၈) မိုင် ရေစုကန်သို့ သွယ်တန်းမည်ဖြစ်ပါကြောင်း၊ သွယ်တန်းခစုစုပေါင်း ခန့်မှန်းကုန်ကျမည့် တန်ဖိုးမှာ ၃၃၄၂၅၀၀၀၀ ကျပ် ထပ်မံလိုအပ်လျက်ရှိပါကြောင်း၊ လိုအပ်ငွေများကို ကျိုင်းတုံမြို့ စည်ပင်သာယာရေးကော်မတီမှ ဒေသခံများ၏ ပူးပေါင်းဆောင်ရွက် ထည့်ဝင်နိုင်ရေး ဆောင်ရွက်လျက်ရှိသော်လည်း လိုအပ်သည့်ငွေပမာဏ များပြားသည့်အတွက် တတ်နိုင်မည် မဟုတ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း ၅၀၀ ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရှစ်လက်မပိုက် ၂၅၀ ချောင်းဝယ်ယူရန် သုံးစွဲမည်ဖြစ်ပါကြောင်း၊ ရေသွယ်တန်းမှုပြီးစီးသည့်အခါ ရေပေးဝေရေး လုပ်ငန်းစတင်၍ ကျိုင်းတုံမြို့ပေါ်ရှိပြည်သူများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းတပ်ဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ကျိုင်းတုံတက္ကသိုလ်မှ ကျောင်းသား/သူများ၊ ဝန်ထမ်းများ နွေ၊ မိုး၊ ဆောင်း ရာသီမရွေးသန့်ရှင်းကြည်လင်သောရေကို လုံလောက်စွာ ရရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျိုင်းတုံမြို့ရေပေးဝေရေးလုပ်ငန်း အသစ်တစ်ခုထပ်မံဆောင်ရွက်နေမှုကို လိုအပ်လျက်ရှိသော ရန်ပုံငွေကို ပြည်ထောင်စုရန်ပုံငွေမှ ကူညီဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် မူလဝင်ငွေလျာထားချက်မှာ ကျပ်သိန်း ၁၀၁၀၀ ဖြစ်ပြီး ငွေလုံးငွေရင်းအသုံးစရိတ်ငွေကျပ် သိန်း ၅၂၇၀ ဖြင့် မူလရန်ပုံငွေ (BE) တွင် ကတ္တရာခင်းခြင်း (၂) လမ်း ခန့်မှန်းကုန်ကျငွေကျပ် ၁၉၄ သိန်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း (၆) လမ်း ခန့်မှန်းကုန်ကျငွေကျပ် ၇၆၇ သိန်း၊ ကွန်ကရစ်ခင်းခြင်း (၆) လမ်း ခန့်မှန်းကုန်ကျငွေ ၁၄၂၄ သိန်း၊ ကျောက်ချောလမ်း ခင်းခြင်း (၇) လမ်း ခန့်မှန်းကုန်ကျငွေကျပ် ၇၇၉.၅ သိန်း၊ မြို့တွင်းလမ်းဖာခြင်း ခန့်မှန်းကုန်ကျငွေ ကျပ် ၃၂၀.၆ သိန်း၊ Box Culvert တည်ဆောက်ခြင်း ၁၂ စင်း ခန့်မှန်းကုန်ကျငွေကျပ် ၄၉၂ သိန်း၊ ကွန်ကရစ်တံတား တစ်စင်းတည်ဆောက်ခြင်း ခန့်မှန်းကုန်ကျငွေ ၇၄.၈ သိန်း၊ ရေပေးရေးလုပ်ငန်း ၁၄ ခု ခန့်မှန်းကုန်ကျငွေ ၈၂၁.၄ သိန်း၊ အခြားလုပ်ငန်း ၁၅ ခုအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၃၉၆ သိန်းဖြင့် အဆိုပါလုပ်ငန်းတွေကို ရရှိတဲ့ဘဏ္ဍာငွေပေါ်မူတည်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြည်နယ်အစိုးရ အဖွဲ့၏ဖြေကြားချက်ထဲတွင်လည်း ပါရှိပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း (၂) လမ်း ခန့်မှန်းကုန်ကျငွေ ၂၅၂ သိန်း၊ ရေပေးရေးလုပ်ငန်းနှစ်ခု ခန့်မှန်းကုန်ကျငွေ ၉၀ သိန်း၊ ကွန်ကရစ်တံတား (၆) စင်း တည်ဆောက်ခြင်း ခန့်မှန်းကုန်ကျငွေ ၄၄၈.၈ သိန်း၊ အခြားလုပ်ငန်းနှစ်ခု ခန့်မှန်းကုန်ကျငွေကျပ် ၇၂ သိန်းဖြင့် လုပ်ငန်းများကို ၆၀ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊
ထို့အတူ ၂၀၁၈-၁၉ ယခုဘဏ္ဍာရေးနှစ် Mini Budget တွင် မူလဝင်ငွေကို လျာထားချက် ၁၀၆၇၀ လျာထားပြီး အပိုင်း(၁)အနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ်ငွေကျပ် ၅၃၉၅.၉ သိန်းနှင့် ကတ္တရာလမ်းခင်းခြင်း (၁) လမ်း ခန့်မှန်းကုန်ကျငွေသိန်း ၂၂၀၊ ကျောက်ချောလမ်း (၄) လမ်း ခန့်မှန်း ကုန်ကျငွေကျပ် ၄၂၆.၅ သိန်း၊ ကွန်ကရစ်လမ်းခင်းခြင်း (၂) လမ်း ခန့်မှန်းကုန်ကျငွေကျပ် ၂၂၇ သိန်း၊ မြေသားလမ်းခင်းခြင်း (၂) လမ်း ခန့်မှန်းကုန်ကျငွေကျပ် ၅၀၈ သိန်း၊ Box Culvert ၁၇ စင်း တည်ဆောက်ခြင်းခန့်မှန်း ကုန်ကျငွေကျပ် ၁၅၅၉ သိန်း၊ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်း ကျပ် ၂၁၄.၉ သိန်း၊ မြို့တွင်းလမ်းပေါက်ဖာခြင်း ခန့်မှန်းကုန်ကျငွေကျပ် ၁၁၁ သိန်း၊ မြို့ရေပေးရေးလုပ်ငန်း ၁၀ ခုအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၂၈၇.၅ သိန်းဖြင့် ရေမြောင်းပြုလုပ်ရန် ခန့်မှန်းကုန်ကျငွေကျပ် ၁၆၁၂ သိန်း၊ အင်ဂျင်နီယာလုပ်ငန်းသုံး ယာဉ်ဝယ်ယူမှုအတွက် ခန့်မှန်းကုန်ကျငွေကျပ်သိန်း ၂၃၀ တို့နှင့်ဆောင်ရွက်ရန် လျာထားထားပါကြောင်း၊ ကျိုင်းတုံမြို့၊ ရေပေးဝေရေးလုပ်ငန်းအသစ် တစ်ခုဖြစ်သည့် Intake Tank တည်ဆောက်ခြင်း (၁၃ ပေ-၆ လက်မ x ၁၃ ပေ-၆ လက်မx ပေ ၄၀) ခန့်မှန်းကုန်ကျငွေကျပ် ၉၇.၁ သိန်းနှင့် ကွီနမ့်ကိုင်ချောင်း ရေထွက်ကနေပြီး (၈) မိုင်ရေလှောင်ကန်ကို ၈ လက်မ GI ပိုက်သွယ်တန်းခြင်း ၁၆၀၀၀၀ ခန့်မှန်းကုန်ကျငွေကျပ် ၅၃၉၁ သိန်း စုစုပေါင်းခန့်မှန်းကုန်ကျငွေ ၅၄၈၈.၁ သိန်း ကုန်ကျခံဆောင်ရွက်သွားရန် ဖော်ပြထားခြင်းရှိပါကြောင်း၊ ၎င်းလုပ်ငန်းအတွက် ရှမ်းပြည်နယ်အစိုးရက ယခု ၂၀၁၇-၁၈ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ၈ လက်မ GI ပိုက်များ ဝယ်ယူဆောင်ရွက်သွားရန်အတွက် ကျပ်သိန်း ၅၀၀ ကို ထောက်ပံ့ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိတဲ့ လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ကျပ်သိန်းပေါင်း ၅၀၀၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ကနေ သဘာဝဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေ ယခုနှစ်တွင် သိန်း ၂၀၀၀ ထပ်မံခွဲဝေပေးထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့်ထပ်မံပြီးလိုအပ်မည့် ငွေကို ၂၀၁၈-၁၉ ယခုဘဏ္ဍာရေးနှစ်အတွင်း လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဖြေကြားပါသည်။
