ပုဂ္ဂလိကပိုင်အဆောက်အဦများကို ဌာနဆိုင်ရာများမှငှားရမ်းသုံးစွဲရာတွင် အိမ်ငှားခနှုန်းထားများကို ယနေ့ခေတ် ကုန်ဈေးနှုန်းများနှင့်လျော်ညီသော နှုန်းထားကိုပေးခဲ့ခြင်းမရှိသောကြောင့် ပြည်သူများ၏ အနိုင်ကျင့်ခံရသော တင်ပြချက်အပေါ် ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတွင် ယခင်အစိုးရလက်ထက် ကတည်းက ပုဂ္ဂလိကပိုင်အဆောက်အဦများကို ဌာနဆိုင်ရာများမှ ငှားရမ်းသုံးစွဲခဲ့ရာ အိမ်ငှားခလစာ နှုန်းထားများကို ယခင်ငှားရမ်းစဉ်က နှုန်းထားများနှင့်သာ ပေးချေခဲ့ပြီး အဆောက်အဦးပိုင်ရှင်မှ လစာ တိုးတောင်းသော အခါကျမှ အထက်ကို တင်ပြပြီးတိုးပေးခဲ့သော်လည်း ယနေ့ခေတ် ကုန်ဈေးနှုန်းများနှင့် လျော်ညီသော နှုန်းထားကို မရရှိပါကြောင်း၊ အဆောက်အဦးပိုင်ရှင်များအနေဖြင့် ခေတ်နဲ့လျော်ညီသော နှုန်းထားများမရရှိပါသဖြင့် ပြောင်းရွှေ့ပေးပါရန် တင်ပြသော အချို့ဌာနဆိုင်ရာများသည် မိမိတို့ ပြောင်းရွှေ့ရန် နေရာရှိသော်လည်း တမင်အနိုင်ကျင့်သော နည်းလမ်းဖြင့် ဖယ်မပေးသည့်အပြင် လစာနှုန်းထားကိုလည်း တိုးမပေးဘဲ အနိုင်ကျင့်လျက်ရှိနေသည်ကို ပြည်သူများ ခံစားနေကြရပါကြောင်း၊ အစိုးရဌာနဖြစ်သည့်အတွက်ကြောင့်လည်း တိုင်ကြားရန်အခက်အခဲများရှိနေကြရပါကြောင်း၊
ဥပမာအားဖြင့် မိမိတို့ ကျောက်တံခါးမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦသည် ပိုင်ရှင်ထံမှ နှစ်ပေါင်း လေးဆယ်နီးပါးခန့် ငှားရမ်းသုံးစွဲခဲ့ရာ စတင်၍ ငှားရမ်းစဉ်အခါက တစ်လလျှင် ၁၂၅ ကျပ်နှုန်းဖြင့် ငှားရမ်းခဲ့ရာ ယခုအချိန်တွင် တစ်လလျှင် ၁၆၅၀၀ ကျပ်ဖြင့် လစာပေးထားခဲ့ပါကြောင်း၊ တစ်လလျှင် ၁၆၅၀၀ ဆိုသည်မှာ တစ်ရက်လျှင် ၅၅၀ ကျပ်ခန့်မျှသာ ဖြစ်ပါသဖြင့် အဆောက်အဦ ပိုင်ရှင်များအနေဖြင့် စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေးအစရှိသည်တို့ကို ဖြေရှင်းနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆောက်အဦးပိုင်ရှင် များမှ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံ ယနေ့ခေတ်နှင့် လျော်ညီသော နှုန်းထားဖြင့် ငှားရမ်းခ တိုးပေးနိုင်က တိုးပေးရန်နှင့် မတိုပေးနိုင်ပါက မြန်မာ့စီးပွားရေးဘဏ်မှ ကျောက်တံခါးမြို့ ရုံးပေါင်းစုံလမ်းထဲရှိ ၎င်းတို့ဘဏ်တွင် အပေါင်ဆုံးထားသော နေအိမ်သို့ ပြောင်းရွှေ့မည်ဆိုပါက အမြန်ဆုံးပြောင်းရွှေ့ဖယ်ရှားပေးပါရန် အကူအညီတောင်းခံ တင်ပြပါသော်လည်း အထက်သို့ ဆက်လက်တင်ပြပေးမည်ဟုဆိုကာ ယနေ့အချိန်အထိ မည်သို့မျှ ဆောင်ရွက်ပေးခြင်း မရှိပါသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံ တင်ပြလာရာ တင်ပြချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ အနိုင်ကျင့်ခံရသောကိစ္စရပ်များကို ကူညီဆောင်ရွက်ပေး ပါရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက ဆောင်ရွက်ပေးပါရန် မေးမြန်းတင်ပြပါသည်။
ဒေါက်တာဦးခင်မောင်ဆွေရဲ့ မေးခွန်းမှာ အနိုင်ကျင့်တယ်ဆိုတဲ့ စကားလည်းပါပါတယ် ခင်ဗျ။ နောက်တစ်ချက်က အဓိကကတော့ ကျောက်တံခါးမှာရှိနေတဲ့ မြန်မာ့စီးပွားရေးဘဏ် ကနေပြီးတော့ ငှားထားတဲ့ အဆောက်အအုံကိစ္စကို အဓိကထားတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ကျွန်တော်ပြန်လည်ဆန်းစစ်ကြည့်တဲ့အခါမှာ ဒီလက်ရှိပိုင်ရှင် ဒေါ်ခင်ရီကို တစ်လ ၁၆၅၀၀ ပေးပြီးတော့ ငှားနေတယ်ဆိုတာ မှန်ပါတယ်။ အဲဒီလို ၁၆၅၀၀ ပေးပြီးတော့ ပေးတာက လည်းပဲ ၁၅-၅-၂၀၁၂ ခုနှစ်မှာ ဒေါ်ခင်ရီကိုယ်တိုင်က အဲဒီငွေကြေးပမာဏငှားခကို ပေးပါဆိုပြီးတော့ စာနဲ့ရေးတဲ့အတွက်ကြောင့် ကျွန်တော်တို့ ပေးထားခြင်းဖြစ်ပါတယ်။ ၁၅-၅-၂၀၁၂ ခုနှစ်ကမှ အဲဒီငွေ ကို ပေးထားတာဖြစ်ပါတယ်။ တကယ်လို့များ ဒေါ်ခင်ရီအနေနဲ့ထပ်ပြီးတော့ လိုချင်တယ်ဆိုရင်လည်းပဲ ကျွန်တော်တို့က ညှိနှိုင်းပေးဖို့အဆင်သင့်ပါပဲ။ နောက်မေးခွန်းတစ်ခုဖြစ်တဲ့ အပေါင်ဆုံးပစ္စည်းကို ပြောင်းလို့ရ/မရဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အပေါင်ဆုံးပစ္စည်းက မြို့ရဲ့ပြင်ပမှာလည်းရှိနေ ပါတယ် ခင်ဗျား။ ဟောင်းနွမ်းပျက်စီးနေတာလည်း ဖြစ်တဲ့အတွက်ကြောင့် ဘဏ်တစ်ခုဖွင့်ဖို့လည်း မသင့်တော် ပါဘူး။ အဲဒီအတွက်လည်း ကျွန်တော်တို့ သင့်တော်တဲ့မြေနေရာရရင် နိုင်ငံတော် ဘတ်ဂျက်တင်ပြ သွားပြီးတော့ တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ ဆောက်မပေးနိုင်ခင်မှာတော့ ဒေါ်ခင်ရီရဲ့ ဆန္ဒရှိ တယ်ဆိုလို့ရှိရင် သတ်မှတ်ထားတဲ့ကာလပေါက်ဈေးနဲ့ညှိနှိုင်းပြီးတော့ ပေးသွားဖို့အတွက် အဆင်သင့်ရှိ ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
