ပြည်မြို့အထွက် ရန်ကုန်-ပြည်မန္တလေး မိုင်တိုင်အမှတ် ၁၈၄/၆၊ ၇ တွင် RPT သံပေါင်အမျိုးအစားဖြစ်သော နတ္တလင်း တံတားသည် ၁၉၅၄-၅ နှစ်ကတည်းက တံတား တစ်ခုဖြစ်ပြီး အရှည် အလျားပေ ၂၁၀ ၊ အကျယ်ပေ ၁၂ ပေရှိသော တံတားကျဉ်းတစ်ခုဖြစ်ရာ သက်တမ်း ၆၀ ခန့်ကြာမြင့်နေပြီဖြစ်၍ ကြမ်းခင်းများ ပျက်ဆွေးခြင်း၊ ကွန်ကရစ်သားများ ကွာကျခြင်းများ ဖြစ်ပေါ်နေသည့်အတွက် တံတားဦးစီးဌာန ယာယီပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း၊ ၎င်းတံတား၏ ခံနိုင်အားသည် ၁၃.၅ တန် ရှိခဲ့သော်လည်း သံမဏိစက်ရုံကြီးသို့ို သံမဏိ သံတုံးယာဉ်ကြီးများ၊ ကုန်တင်ယာဉ်ကြီးများ၊ နှင့် နေ့စဉ်ယာဉ်စီးရေ ၁၂၀၀ ခန့်အထိဖြတ်သန်းနေသောတံတားတစ်ခု ဖြစ်သဖြင့် ယင်းတံတားသည် အချိန်မရွေး ပြိုကျ ပျက်စီးသွားနိုင်သည်ဖြစ်ရာ ပြိုကျပျက်စီးမှုမဖြစ်ခင် သံကူကွန်ကရစ်တံတားအသစ်တစ်ခု တည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-ပြည်-မကွေးလမ်း ပေါ်မှာရှိတဲ့ မိုင်တိုင်(၁၈၄/၆) အနီးမှာရှိတဲ့ နတ္တလင်းတံတား၊ တံတားအမှတ် (၁/၁၈၅) RPT တံတား အမျိုးအစားဖြစ်ပြီးတော့ မက်စ်မြန်မာကုမ္ပဏီမှ ဘီအိုတီစနစ်နဲ့ တာဝန်ယူဆောင်ရွက်နေတဲ့လမ်းပိုင်း မှာ တည်ရှိတာဖြစ်ပါတယ်။ ၎င်းတံတားဟာတော့ ပေ ၁၀၀ အခန်းဖွင့် နှစ်ခန်း ပါဝင်တဲ့စုစုပေါင်း အရှည်ပေ ၂၀၀ ရှိတဲ့တံတားဖြစ်ပါတယ်။ ဒီနတ္တလင်းတံတားမှာ သက်တမ်းကြာမြင့်ပြီးတော့ ခိုင်ခံ့မှု နည်းလာတဲ့အတွက် တံတားခံနိုင်ဝန်မြင့်တက်လာစေရန် ရည်ရွယ်ပြီးတော့ ၂၀၁၂ ခုနှစ်မှာ ပေ ၁၀၀ ခန်းဖွင့် ၂ ခန်းရဲ့အလယ်မှာ ကျွန်တော်တို့ ၂ ပေ ၆ လက်မ အချင်းရှိတဲ့ သံကူကွန်ကရစ် တိုင်နှစ်တိုင် ကို ဒေါက်ထောက်လိုက်ပါတယ်။ ဒီလို ဒေါက်ထောက်လိုက်တဲ့အတွက်ကြောင့် တံတားရဲ့ span တစ်ခု တစ်ခု အကျယ်ဟာ ပေ ၅၀ ဖြစ်သွားတာကြောင့် တံတားခံနိုင်ရည်ပိုပြည့်လာပြီးတော့ တံတားခံနိုင်ဝန် ကို တန် ၃၀ အထိ ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။
တံတားပေါ်မှာ တစ်နေ့ဖြတ်သန်းသည့်ယာဉ်စီးရေ ဟာ ၁၂၀၀ စီးခန့် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ယာဉ်များသွားလာမှုများပြားခြင်း၊ တံတားရဲ့ သက်တမ်းကြာမြင့်ခြင်းတို့ကြောင့် သံကူကွန်ကရစ်တံတားအခင်းများ ကွဲအက်ပြီးတော့ ကြံ့ခိုင်မှု အားနည်းလာပါတယ်။ ဒါကြောင့်မို့လို့ ဒီရန်ကုန်- ပြည်-မကွေး လမ်းပေါ်မှာရှိတဲ့ ပေ ၂၀၀ အရှည်ရှိတဲ့ တံတားအမှတ်(၁/၁၈၅) နတ္တလင်းတံတားကို နှစ်လမ်းသွားသံကူကွန်ကရစ် အမြဲတမ်းတံတား တည်ဆောက်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ရန်ပုံငွေ တင်ပြတောင်းခံပြီး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဦးဝင်းမြင့်(ပြည်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
Max Myanmar ကို B.O.T စနစ်ဖြင့် ပေးတယ်လို့ ပြောပါတယ်။ နောက်တစ်ခါ ဒီတံတားကို ပြင်ဖို့အတွက်လည်း ၂၀၁၄-၂၀၁၅ မှာ ဘတ်ဂျက်တင်ထားတယ်လို့ပြောပါတယ်။ အဲ့ဒီတော့ ကျွန်တော်နားလည်တဲ့ B.O.T ဆိုတာ အဲ့ဒီကုမ္ပဏီကိုပေးပြီးတော့ အဲ့ဒီကုမ္ပဏီကပဲ ဒါကိုတည်ဆောက် အကျိုးအမြတ်ကိုရယူတယ်လို့ သဘောပေါက်ထားပါတယ်။ ဒီတော့ ကျွန်တော်တို့ တည်ဆောက်တာ မဟုတ်ဘဲနှင့် အခုတော့ ဖာထေးပြုပြင်ပြီးတော့ လမ်းကြေးကောက်ခံနေတာဖြစ်ပါတယ်။ ဒီမှာလည်း တည်ဆောက်တယ်ဆိုတာကတော့ အခုမြင်နေတာကတော့ Tollgate တည်ဆောက်တယ်။ တန်ပို အတွက် ကတ္တားကြီးတွေ တည်ဆောက်တယ်။ အဲ့ဒါတွေပဲ တည်ဆောက်နေတာတွေ့ပြီးတော့ လမ်းကို အသစ်တည်ဆောက်တာ မတွေ့ရပါဘူး။ နေပြည်တော်-ရန်ကုန်-မန္တလေးလို အဝေးပြေးလမ်းမကြီးတွေ မန္တလေး-ပြင်ဦးလွင်-လားရှိုး-မူဆယ် စတဲ့အဲ့လိုလမ်းကြီးတွေကို တကယ်ပြင်ပြီးတော့ တကယ် ကောက်နေတာ ဖြစ်စေချင်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်သိလိုတဲ့အချက်ကတော့ B.O.T စနစ်နဲ့ ပေးထားပါတယ်ဆိုပြီးတော့ ဘတ်ဂျက်ခေါ်တဲ့ ပြည်သူ့ဘဏ္ဍာငွေနဲ့လည်း သုံးနေတဲ့အတွက် B.O.T စနစ်ဟာ ဘယ်လိုစနစ်မျိုးလဲ သိချင်ပါတယ်။ ဒီ B.O.T စနစ်ကို အဲ့ဒီ ကုမ္ပဏီကို နှစ်ဘယ်လောက်ကြာ အောင်ပေးထားပါသလဲဆိုတာလည်း သိလိုကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ယခုလို ပြည်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးဝင်းမြင့် မေးမြန်းသွားတဲ့အတွက် ကျွန်တော်က B.O.T စနစ်နဲ့ရော ဒီတံတားဘာကြောင့် ဆောက်လုပ်ရလဲဆိုတဲ့ကိစ္စကို ရှင်းလင်းတင်ပြ ပေးမှာ ဖြစ်ပါတယ်။ ပထမဦးစွာ B.O.T စနစ်ကတော့ သက်တမ်းအားဖြင့် အနှစ် ၃၀၊ ၁၅ နှစ်၊ ၁၅ နှစ် စသည်ဖြင့် ဒီလိုခွင့်ပြုပြီးတော့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ Max Myanmar ကုမ္ပဏီကို ပေးစဉ် တုန်းကတော့ အရင်မူအဟောင်းနဲ့ ဖြစ်တဲ့အတွက် အနှစ် ၃၀၊ ၁၅ နှစ်၊ ၁၅ နှစ် ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ အနှစ် ၄၀၊ ၅ နှစ်၊ ၅ နှစ် ဆိုတဲ့ မူနဲ့သွားတာဖြစ်ကြောင်း ပထမအချက်ကို ရှင်းလင်းဖြေကြား လိုပါတယ်။ ဒုတိယအချက်ကတော့ ဒီတံတားဟာ B.O.T လမ်းပေါ်မှာရှိပါလျက်နဲ့ ဘာကြောင့် ကျွန်တော်တို့က နိုင်ငံတော်ဘဏ္ဍာကိုသုံးစွဲပြီး ဆောက်လုပ်ရပါလဲဆိုတဲ့အချက်နှင့်ပတ်သက်လို့ ရှင်းလင်းတင်ပြရရင် B.O.T လုပ်ငန်းပေးစဉ်အခါတည်းက စာချုပ်ချုပ်ဆိုခဲ့မှုမှာ ပေ ၁၈၀ အောက် တံတားများဆိုလျှင် သက်ဆိုင်ရာ B.O.T စနစ်ကို တာဝန်ယူတဲ့ကုမ္ပဏီများက ဆောက်လုပ်ရတာ ဖြစ်ပါ တယ်။ ဒီလိုဆောက်တဲ့အခါမှာလည်းပဲ ပေ ၅၀ အောက်တံတားများကို ကုမ္ပဏီရဲ့အစီအစဉ်နဲ့ ဆောက် လုပ်စေတာ ဖြစ်ပါတယ်။ ပေ ၅၀ နှင့် ၁၈၀ ကြားတံတားများကိုတော့ ကုမ္ပဏီက ငွေထုတ်ပေးပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အတတ်ပညာပိုင်းကူညီပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တံတား အထူးအဖွဲ့တွေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီတံတားဟာ ပေ ၁၈၀ အထက် တံတားဖြစ်တဲ့အတွက် စီမံကိန်းဝင်တံတားဖြစ်သွားပါတယ်။ ဒါကြောင့်မို့လို့ ဒါကို နိုင်ငံတော်ကပဲ တာဝန်ယူတည်ဆောက် ရမယ့် တာဝန်ဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်မှာ ဘတ်ဂျက်တောင်းခံပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့များကို တာဝန်ပေးပြီး တည်ဆောက်မှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
