(က) ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် မြန်မာ နိုင်ငံ၏ဂုဏ်သိက္ခာမြင့်မားရေးအတွက် အားကစားဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်တို့ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုအနေအထားသည် အောင်နိုင်ရေးအတွက် မည်မျှအထောက်အကူပြုပါသနည်း။ (ခ) အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမား များအား နေ့စဉ်ကျွေးမွေးသောစရိတ်သည် နေပြည်တော်တွင်ကျပ် ၃၀၀၀ ဖြစ်ပြီး ရန်ကုန်တွင် ကျပ် ၂၀၀၀ နှုန်းသာခွင့်ပြုထားသည်ဆိုသည်မှာမှန်ပါသလား။ (ဂ) စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားများအား လေ့ကျင့်သောနေရာအဆင့်မြှင့်တင်ပေးခြင်း၊ ရာသီဥတုကိုလိုက်၍ လေ့ကျင့်ရေးဝတ်စုံများ လုံလောက်အောင်စီစဉ်ပေးခြင်း၊ လေ့ကျင့်ရေးအထောက်အကူပစ္စည်းများ လစဉ်ငွေကြေးထောက်ပံ့ပေးခြင်းလုပ်ငန်းများကို အခြားအရှေ့တောင်အာရှနိုင်ငံများကဲ့သို့ စီစဉ် ဆောင်ရွက်ပေးနိုင်ပါသလား။ (ဃ) အောင်နိုင်ရေးအတွက်လေ့ကျင့်မှု၊ စီမံမှုအခြေအနေမှန်များကို ပုံမှန်တင်ပြနိုင်မှုရှိပါသလား။ ရှိပါကမည်သို့စီစဉ်ဆောင်ရွက်ထားပါသနည်း ကိုမေးမြန်းပါသည်။
၂၀၁၃ ခုနှစ် တွင်ကျင်းပမည့် (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက် အားကစားဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်များပူးပေါင်း၍ အောင်မြင်မှုရရှိရေးဆောင်ရွက်လျက်ရှိပါတယ်။ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ စီမံချက်အရ အခြေခံနယ်ပယ်ငါးမျိုးမှ ပြိုင်ပွဲများကျင်းပခြင်း၊ အလားအလာရှိသောအားကစား မျိုးဆက်သစ်များ၊ ယှဉ်ပြိုင်ဘက်ဖြစ်သောအာဆီယံနိုင်ငံများကိုအနိုင်ရရှိနိုင်သော အားကစားသမား များကို မှားယွင်းမှုမရှိအောင်မှန်ကန်စွာမှတ်တမ်းထားလေ့လာရွေးချယ်၍ လေ့ကျင့်ပေးသွားမည် ဖြစ်ပါတယ်။ ပြိုင်ပွဲနယ်ပယ်ငါးမျိုးမှာ အားကစားဝန်ကြီးဌာနကပြုလုပ်သော တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၊ စနစ်သစ်ဖြင့်စတင်ဆောင်ရွက်လျက်ရှိသော ချန်ပီယံများ၏ယှဉ်ပြိုင်မှု ပြိုင်ပွဲများ (Champion Challenge Cup) ဟုသုံးနှုန်းပါတယ်။ အားကစားအဖွဲ့ချုပ်များက ပြုလုပ်သောတံခွန်စိုက်ပြိုင်ပွဲများ၊ ကာကွယ်ရေးဝန်ကြီးဌာန(ကြည်း၊ ရေ၊ လေ)ပြိုင်ပွဲများ၊ တက္ကသိုလ် နှင့် သိပ္ပံကျောင်းများမှပြိုင်ပွဲများဖြစ်ပါတယ်။ လက်ရှိအနေအထားအရ အခြေအနေဟာတိုးတက်မှု ရှိပါတယ်။ စခန်းသွင်းအားကစားသမားများကို ပြည်တွင်းနည်းပြများသာမက ပြည်ပနိုင်ငံခြားနည်းပြ များကိုပါငှားရမ်းလေ့ကျင့်လျက်ရှိပြီး ကုန်ကျစရိတ်များကို နိုင်ငံတော်နှင့် သက်ဆိုင်ရာအားကစား အဖွဲ့ချုပ်များပူးပေါင်းကျခံပါတယ်။ နိုင်ငံတော်မှ နည်းပြလစာအမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် ၎င်း၏ လေယာဉ်စရိတ်၊ ပြည်တွင်းနေထိုင်စားသောက်စရိတ်များကျခံပြီး သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ မှလိုအပ်သည့်လစာငွေကို ဖြည့်စွက်ပူးပေါင်းကျခံပါတယ်။ (၂၆) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်ရန် စခန်းသွင်းခဲ့သည့်အားကစားသမားများကို လေ့ကျင့်မှုမြှင့်တင်သည့် အချိန် တွင် နိုင်ငံတော်မှတစ်နေ့ကျပ် ၃၀၀၀ နှုန်း၊ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှတစ်နေ့ကျပ် ၂၀၀၀ နှုန်းဖြင့် ပူးပေါင်း၍ကျခံကျွေးမွေးခဲ့ပါတယ်။ ဒီနေ့ (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်အားကစားသမားများကို တစ်နေ့လျှင်နေပြည်တော်၌ကျပ် ၃၀၀၀ နှုန်း၊ ရန်ကုန်၌ကျပ် ၂၅၀၀ နှုန်းနိုင်ငံတော်မှကျွေးမွေးပေးလျက်ရှိပြီး လေ့ကျင့်ချိန်နှင့် ပြိုင်ပွဲဝင်ချိန် နီးကပ်လာသည့်အချိန်တွင် ယခုထက်ပိုမို၍ကျွေးမွေးနိုင်ရန် ၎င်းအပြင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စခန်းသွင်းနည်းပြအားကစားသမားများအား ထောက်ပံ့ငွေများတိုးမြှင့်ချီးမြှင့်နိုင်ရန်လျာထားလျက်ရှိပါ တယ်။ အစားအသောက်စရိတ်နှင့်ပတ်သက်ပြီး ရန်ကုန် ၂၀၀၀ ကျပ်၊ နေပြည်တော် ၃၀၀၀ ကျပ် ဆိုသည်မှာ အဓိပ္ပာယ်ပြန်ဆိုမှုကွဲလွဲချက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရန်ကုန်တွင်အားကစားအဖွဲ့ချုပ် များက စခန်းသွင်းလေ့ကျင့်ရာတွင်အဖွဲ့ချုပ်နှင့် အားကစားဝန်ကြီးဌာနနှစ်ရပ်ပေါင်း ကျွေးမွေး စရိတ်သည် အားကစားအမျိုးအစားအလိုက်တစ်နေ့ ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိရှိပါတယ်။ နေပြည်တော်တွင် စခန်းသွင်းဝင်ရောက်ပါက အားကစားအဖွဲ့ချုပ်များက စရိတ်ကျခံစရာမလိုဘဲ အားကစားဝန်ကြီးဌာန၊ နိုင်ငံတော်ကသာနေထိုင်စရိတ်မပါတစ်နေ့ ၃၀၀၀ ကျပ်နှုန်းဖြစ်ရာ ထပ်မံ တိုးမြှင့်မည်ဆိုရင်တော့ နိုင်ငံတော်ကထပ်မံတောင်းခံရမည့်သဘောဖြစ်၍ ကွာဟနေခြင်းဖြစ်ပါတယ်။ အခြေခံအားဖြင့် ရန်ကုန်မှာရှိတဲ့အားကစားသမားများက ပိုမိုအခွင့်အရေးခံစားခွင့်ရှိပါတယ်။ အဘယ် ကြောင့်ဆိုသော် အားကစားအဖွဲ့ချုပ်များကပူးတွဲကျခံ၍ဖြစ်ပါတယ်။
ဝတ်စုံနှင့် နေထိုင်မှုတွင် အခြားအရှေ့တောင်အာရှနိုင်ငံများနည်းတူဆိုသည်မှာ ပုံစံကွဲပြားမှုများ ရှိကြောင်းတင်ပြအပ်ပါတယ်။ ယနေ့လက်ရှိအခြေအနေအရ ရန်ကုန်မြို့တွင်စခန်းသွင်းထားသော အားကစားသမားများ၏နေထိုင်ရေးနှင့် လေ့ကျင့်ရေးကွင်းများသည် ရှိသင့်သည့်စံပြုအနေအထား မရှိနိုင်သေးသော အခြေအနေရှိဆဲဖြစ်ပါတယ်။ ရေရှည်တွင် ပိုမိုသင့်တော်ကောင်းမွန်သောအဆင့် ဖြစ်အောင်စီစဉ်သွားမှာဖြစ်ပါတယ်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံငွေကြေးသုံးစွဲမှုလည်းမတူပါဘူး။ မိမိတို့ အနေဖြင့် ယခင်နှစ်များကထက်ပိုမို၍ ပံ့ပိုးပြင်ဆင်မှု၊ အားကစားပစ္စည်းဝယ်ယူမှု၊ ကွင်း/ရုံ တည်ဆောက်မှုများ စီမံပေးလျက်ရှိပါတယ်။ ယင်းအခြေအနေများမှာပင် အချို့သော အားကစား နည်းမျိုးအတွက် လေ့ကျင့်ရေးကွင်း/ရုံများ အဆင်သင့်မရှိခဲ့၍ ယခုဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပြေးခုန်ပစ်ကွင်း၊ ရေကူးကန်၊ သေနတ်ပစ်ကွင်း၊ မြှားလေ့ကျင့်ရေးကွင်း၊ ကျွမ်းဘားလေ့ကျင့်ရေးကွင်း၊ စက်ဘီးလေ့ကျင့်ရေးကွင်းများလည်း အမြန်တည်ဆောက်နေလျက်ရှိပါတယ်။ အောင်နိုင်မှု လေ့ကျင့်ရေး SEA Games ကျင်းပမှုပြင်ဆင်ရေးများကို နေ့စဉ်မပြတ်စစ်ဆေးခြင်း၊ လိုအပ်ချက်များ ဖြည့်တင်းပေးခြင်းများစီမံပေးလျက်ရှိပါတယ်။ အားကစားလေ့ကျင့်ပြင်ဆင်ခြင်းသည် ငွေသုံးစွဲမှု များပြားသောကြောင့် ဝန်ကြီးဌာနအနေဖြင့် အဘက်ဘက်မှသုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများတွင်လည်း အစိုးရနှင့် အစိုးရ၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများအပြင် (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများအတွက် နိုင်ငံတကာ Sponsor ကုန်ကျမှုများကိုလည်း စည်းရုံးဆောင်ရွက်လျက်ရှိပါတယ်။ အားကစားဝန်ကြီး ဌာန၏ ယခုပြန်လည်ဖြေကြားရှင်းလင်းတင်ပြမှုအပေါ် မေးခွန်းနှင့်ပတ်သက်၍ မပြည့်စုံသေးသည် များ၊ ကွဲလွဲချက်များရှိနေပါသေးလျှင် သီးခြားကဏ္ဍဖြစ်စေ၊ ထပ်မံဆွေးနွေး၍ဖြစ်စေ၊ ပြန်လည် မေးမြန်း၍ဖြစ်စေ၊ မည်သည့်နည်းနှင့်မဆို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများက မေးမြန်း လိုသည်များကို လွတ်လပ်ပွင့်လင်းစွာမေးမြန်းပေးပါရန်နှင့် အားကစားဝန်ကြီးဌာနသည် ပွင့်လင်း ရှင်းလင်းစွာဖြေကြားမည်ဖြစ်ပါကြောင်း ဖြည့်စွက်ရှင်းလင်းဖြေကြားပါသည်။
ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။ ။ အားကစားဝန်ကြီးက မရှင်းလင်းတာကို မေးမြန်းဆွေးနွေးပါလို့ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရန်ကုန်မှာရှိတဲ့ အားကစားဝန်ကြီး ဌာနက စခန်းသွင်းထားတဲ့ ပုဂ္ဂိုလ်တွေကိုမူလကကျပ် ၂၀၀၀ သာပေးပြီးတော့ ၁-၆-၂၀၁၂ မှစ၍ ၂၁-၆-၂၀၁၂ အထိကျင်းပတဲ့ အစည်းအဝေးအရ အဲ့ဒီတော့မှ စားစရိတ် ၅၀၀ တိုးမြှင့်ပေးခဲ့တယ် ဆိုရင်မှန်ပါသလား။ နောက်တစ်ချက်က ကျွန်တော့်မေးခွန်းမှာပါတဲ့ လေ့ကျင့်တဲ့နေရာ အဆင့်မြှင့် တင်ခြင်းနှင့်ပတ်သက်ပြီးတော့လည်း နေပြည်တော် ရွှေကြာပင်ရိပ်သာမှာလေ့ကျင့်တဲ့ အားကစား သမားတွေကို လေအေးပေးစက်၊ တီဗွီ၊ အိပ်ယာစတဲ့အသုံးအဆောင်များဖြင့်ထားသော်လည်း ရန်ကုန် မှာနှစ်စဉ်နေထိုင်တည်းခိုနေတဲ့ အဆင့်မမီတဲ့အိပ်ခန်း၊ ကိုယ်ပိုင်အိမ်ခန်းတွင် နေထိုင်နေရသည် ဆိုသည်မှာမှန်ပါသလား။ အဲ့ဒါကိုတော့ ရှင်းလင်းပေးစေလိုပါတယ်။
ဦးအေးမြင့်ကြူ(ဒုတိယဝန်ကြီး၊ အားကစားဝန်ကြီးဌာန)။ ။ ခုနကတင်ပြတဲ့အတိုင်းဖြစ်ပါတယ်။ ရန်ကုန်မှာ ၂၀၀၀ ကျပ်ကနေ ၂၅၀၀ ကျပ်ဆိုသည်မှာ အချိန် ကာလအပိုင်းအခြားအရ အဆင့်ဆင့်တိုးမြှင့်သွားမှာဖြစ်ပါတယ်။ အချိန်ကာလနီးသည်နှင့်အမျှ နိုင်ငံတော်ကကျခံတဲ့စရိတ်အားတိုးမြှင့်သွားဖို့ဖြစ်ပါတယ်။ ရန်ကုန်မှာရှိတဲ့စခန်းတွေဟာ အားကစား အဖွဲ့ချုပ်များက တာဝန်ယူထားတဲ့စခန်းတွေဖြစ်တဲ့အတွက် အားကစားအဖွဲ့ချုပ်များရဲ့စရိတ်နှင့် နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနရဲ့စရိတ်ပူးပေါင်းကျခံတာဖြစ်ပါတယ်။ အခြေခံအားဖြင့် သူတို့ရဲ့ အားကစားအရည်အသွေးဟာ လက်ရှိပြိုင်ပွဲဝင်လက်ရွေးစင်တွေဖြစ်ပြီးတော့မှ ဆန်ခါတင်များနှင့် ဆံ့နိုင်ပြီးတော့မှလေ့ကျင့်တာဖြစ်ပါတယ်။ နေပြည်တော်အားကစားသမားများကတော့ နောက်ထပ် မျိုးဆက်သစ်များကိုစုဆောင်းပြီးတော့ လေ့ကျင့်တာဖြစ်ပါတယ်။ လောလောဆယ်အနေအထားမှာ ပထမတင်ပြပါ ပြိုင်ပွဲအသီးသီးကရရှိထားတဲ့ အားကစားသမားများကို ပဏာမခေါ်ယူလေ့ကျင့်တာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ သူတို့ရဲ့စံချိန်တိုးတက်မှှုနှင့် အလျော့အတင်းအရ အနုတ်အသွင်းတွေရှိပါ တယ်။ စံချိန်မမီတော့ဘူးဆိုရင်ပြန်လွှတ်ပြီးတော့မှ နောက်ထပ်ပြိုင်ပွဲကရတဲ့ အားကစားသမားကို ထပ်မံခေါ်ယူတာဖြစ်ပါတယ်။ ဒီအားကစားသမားများကိုပင် အစဉ်အဆက်ပြိုင်ပွဲအထိထားသွားမှာ မဟုတ်ကြောင်းပြန်လည်ဖြေကြားအပ်ပါတယ်။ နေပြည်တော်မှာနေတဲ့နေရာမှာ တီဗွီ၊ နေရာထိုင်ခင်း ထားရှိပေးတယ်ဆိုတာကတော့ လောလောဆယ်မှာသူတို့တွေက အခန်းအလိုက် ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ကျွန်တော်တို့စတင်ရွှေ့နေပါပြီ။ ဒီတစ်ပတ်အတွင်းမှာ နောက်ထပ်သွင်းမယ့် ကျွန်တော်တို့ ဘူးကွဲလို့အများသိထားတဲ့ အားကစားစခန်းကိုရွှေ့ပြောင်းကြမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ အတွက်အသုံးစရိတ်တွေဟာ ပြန်လည်ပြီးတော့မှ အရန်ဖြစ်လာမှာဖြစ်ပါတယ်။ ရန်ကုန် အားကစား စခန်းများကိုတော့ ကျွန်တော်တို့က အများစုပေါင်းထားတာဖြစ်တဲ့အတွက် ခုနပြောတဲ့ တီဗွီတို့၊ ဘာတို့ဥစ္စာကို အဖွဲ့ချုပ်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
