ရွှေကူမြို့နယ် ဥပဒေရုံးအား ၁၉၇၄ ခုနှစ်မှစတင်၍ ငှားရမ်းအသုံးပြု ခဲ့ရာ ယနေ့အချိန်အထိဖြစ်ပြီး ထိုသို့ ငှားရမ်းအသုံးပြုခဲ့ရာ ဒေါ်စိန်ကွန့်ဆိုသူမှ ရွှေကူမြို့နယ် ဥပဒေရုံး ဆောက်လုပ်ရန်အတွက် ၎င်းပိုင်ဆိုင်သော အကွက်အမှတ် ၂၄ ဦးပိုင်အမှတ် M-1 (0.1360 ) ပေါ်ရှိ မြေတစ်ဝက် အလျား ၃၅ x ၇၀ ပေ အား လှူဒါန်းခဲ့ပါသည်။ ယခုအခါ မြို့နယ်မြေစာရင်းရုံးမှ မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ အား ရရှိခဲ့ပြီး ရွှေကူမြို့နယ်ဥပဒေရုံးဆောင်လုပ်ရာတွင် ကုန်ကျမည့် ငွေလုံးငွေရင်း အသုံးစရိတ်ကို ဗန်းမော်မြို့ စည်ပင်သာယာအဖွဲ့မှ အသေးစိတ်တွက်ချက်ပြီး သက်ဆိုင်ရာသို့ တင်ပြတောင်းခံထားပြီးဖြစ်ပါသည်။ ထို့အပြင် ရွှေကူမြို့နယ်ရှိ ဥပဒေရုံးဝန်ထမ်း များသည်လည်း ဌာနပိုင်နေအိမ်မရှိသောကြောင့် ပြင်ပအိမ်များတွင် ငှားရမ်းနေထိုင်နေကြရပါသဖြင့် အောက်ပါမေးခွန်းများ အားမေးမြန်းလိုပါသည်။
(၁) ရွှေကူမြို့နယ် ဥပဒေရုံး အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ အစီအစဉ် ရှိပါက မည်သည့်အချိန်အခါကာလတွင် ဆောက်လုပ်ခွင့်ပြု မည်ကို သိရှိလိုပါကြောင်း။
(၂) မြို့နယ်ဥပဒေရုံးဝန်ထမ်းများအတွက် နေအိမ်အဆောက်အဦး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိအစီအစဉ် ရှိပါက မည်သည့်အချိန်ကာလတွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရွှေကူမြို့နယ် ဥပဒေရုံးကို ရွှေကူမြို့၊ အမှတ်(၄) ရပ်ကွက် နေ ဒေါ်စိန်ကွန့်မှ လှူဒါန်းသည့် အမှတ် (၄) ရေပျံလေးကွင်း၊ အကွက်အမှတ်(၂၄)၊ ဦးပိုင်အမှတ် N-7၊ အလျား ၇၀ ပေ x အနံ ၃၅ ပေ၊ ဧရိယာ ဝ.၀၆၈ ဧကရှိ ြမေကွက်မှာ ကချင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေမှ ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၂၃.၇၇ ဖြင့် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း ဆောက်လုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးက စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း ဖြေကြားတင်ပြအပ်ပါတယ်။ ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် ယခု ဘဏ္ဍာရေးနှစ်အတွင်း အစီအစဉ် မရှိသေးပါကြောင်းနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခွင့်အတွက် ပြည်နယ်အစိုးရသို့ ဆက်လက်တင်ပြဆောင်ရွက်သွားစေမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
