(စ)-ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးရန် အစီစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၆.၆.၂၀၁၃)

ကျွန်တော်‌့မေးခွန်းနှင့်ပတ်သက်ပြီးတော့ အချက် ၂ ချက်ကိုတင်ပြလိုပါတယ်။ ပထမအချက်က ကိုယ်စားလှယ်မဲ့နေတဲ့လွှတ်တော်ကိုယ်စားလှယ်မရှိတဲ့ဒေသတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေး ပြဿနာအခက်အခဲတွေကို ကူညီဖြေရှင်းပေးမည့်၊ လွှတ်တော်မှာတင်ပြပေးမည့် ပုဂ္ဂိုလ်မရှိတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ နစ်နာခြင်းဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်သာ ကွယ်လွန်အနိစ္စရောက်သွား ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်စောဖြူလည်း ကွယ်လွန် အနိစ္စရောက်သွားတဲ့အတွက်နဲ့ အဲ့ဒီဒေသရဲ့အခက်အခဲတွေ၊ ပြဿနာတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးတွေကို တင်ပြပေးမည့်ပုဂ္ဂိုလ်မရှိတဲ့အတွက် တခြား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို လှမ်းပြီး အကူအညီတောင်းနေရတဲ့အပိုင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီလိုအကြာကြီးလျစ်လျူရှုထားခြင်း အားဖြင့် အဲ့ဒီဒေသရဲ့ဖွံ့ဖြိုးတိုးတက်ရေး၊ အစစအရာရာဟာ အခွင့်အရေးဆုံးရှုံးတယ်ဆိုတဲ့သဘောကို ပထမနံပါတ်တစ်အချက်အနေနဲ့ ကျွန်တော်ပြောလိုပါတယ်။ နံပါတ်နှစ်အချက်အနေနဲ့က ဒီလိုလုပ်တဲ့ အခါမှာ ကြားဖြတ်ရွေးကောက်ပွဲတွေလုပ်တဲ့အခါမှာ မူရယ်၊ လုပ်ငန်းစဉ်ရယ်၊ လုပ်ထုံးလုပ်နည်း တွေရယ်ရှိသင့်ပါတယ်။ အဲ့ဒီလိုမရှိခဲ့လို့ရှိရင် ပြည်သူတွေကလည်း အဲ့ဒီအပေါ်မှာ သို့လော သို့လော တွေးတောပြီးတော့ ဒီကော်မရှင်ရဲ့လုပ်ရပ်တွေအပေါ်မှာအထင်သေး၊ အမြင်သေးဖြစ်လာပါတယ်။ အဲ့ဒီလို ကော်မရှင်ရဲ့ ဒီလိုဥပဒေ၊ နည်းဥပဒေတွေမှာ ဒါတွေကို အတိအလင်းထည်‌့သွင်းပေးထားမယ် ဆိုရင် ပြည်သူအားလုံးနားလည်သဘောပေါက်ပြီး ရှင်းရှင်းလင်းလင်း လက်ခံလာနိုင်ကြမှာဖြစ်ပါ တယ်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၉ မှာ လွှတ်တော်တွင် တစ်စုံတစ်ရာသော အကြောင်းကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာလစ်လပ်ခဲ့လျှင် ဥပဒေနဲ့အညီ အစားထိုး ရွေးကောက်ရမည်လို့ ဖော်ပြထားတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီရွေးကောက်ပွဲနှင့် ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများမှာတော့ ဒါ တစ်လုံးတစ်ပါဒမှ ပြန်လည်ဖော်ပြထားတာမတွေ့ရပါဘူး။ အမှန်က ကြားဖြတ်ရွေးကောက်ပွဲတွေနှင့်ပတ်သက်ပြီး အချိန်အကန့်အသတ်တစ်ခုထားသင့်ပါတယ်။ ရေးဆွဲဖော်ပြထားသင့်ပါတယ်။ တစ်နှစ်တစ်ကြိမ် လုပ်မလား။ ဒါမှမဟုတ် လွှတ်တော်သက်တမ်း ၅ နှစ်အတွင်းမှာ ဘယ်နှစ်ကြိမ်လုပ်မလဲ။ ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ်ဦးရေ ဘယ်လောက်လစ်လပ်တဲ့အခါမှာလုပ်မလဲဆိုတဲ့ သတ်သတ်မှတ်မှတ် ကန့်သတ်ချက်တွေရှိခြင်းအားဖြင့် ပြည်သူတွေအနေနဲ့လည်း ရှင်းရှင်းလင်းလင်းမြင်သာနိုင်သလို နိုင်ငံရေးပါတီတွေအနေနဲ့လည်း အဲ့ဒီအပေါ်မှာ သူတို့ရဲ့လုပ်ဆောင်စရာရှိတာကိုကြိုတင်လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အချိန်ဇယားတွေကိုရေးဆွဲပြီးတော့ ဥပဒေ၊ နည်းဥပဒေမှာ သတ်သတ်မှတ်မှတ်ဖော်ပြသင့်တယ်ဆိုတာကို တင်ပြခြင်းဖြစ်ပါတယ်။ ဒီ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာလုပ်တယ်။ ၂၀၁၂ ဧပြီလမှာ ပထမအကြိမ် ကြားဖြတ်‌ရွေးကောက်ပွဲကို လုပ်ပါတယ်။ တစ်နှစ်ခွဲလောက်ကြာ တစ်ခါလုပ်တာပါ။ အခု ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲက ၁ နှစ်နှင့် ၂ လရှိပါပြီ။ အခုအထိ ဟိုလူပြော ဒီလူပြောပဲ ဘယ်လ၊ ဘယ်နေ့မှာလုပ်မယ်ဆိုတာ ကျွန်တော်တို့သိရတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ ဒုတိယအကြိမ်ကြားဖြတ် ရွေးကောက်ပွဲနှင့်ပတ်သက်လို့ တစ်လုံးတစ်ပါဒမှပြောဆိုတာ ကျွန်တော်တို့မသိရသေးပါဘူး။ အဲ့ဒါကို ပြည်သူအားလုံးသိချင်ကြပါတယ်။ ဒီကိစ္စနှင့်ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာမှသိမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲ ဥပဒေ၊ နည်းဥပဒေတွေမှာ အဲ့ဒီအချိန်ကန့်သတ်ချက်ကို ထည်‌့သွင်းရေးဆွဲသင့်ပါတယ်ဆိုတဲ့အကြောင်းကို တင်ပြခြင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် လေးစား အပ်သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏အကျိုးကိုမျှော်ကိုးပြီး အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါတယ်-

          (၁) ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲအပြီး လစ်လပ်လျက်ရှိသော ပြည်နယ်နှင့် တိုင်း ဒေသကြီးလွှတ်တော်၌ လစ်လပ်နေသော လွှတ်တော်ကိုယ်စားလှယ်အရေအတွက်နှင့် မဲဆန္ဒနယ်စာရင်း၊ ပြည်ထောင်စုလွှတ်တော်ရဲ့ လစ်လပ်နေတဲ့လွှတ်တော်ကိုယ်စားလှယ် အရေအတွက်နှင့် မဲဆန္ဒနယ်စာရင်းကိုသိရှိလိုပါတယ်။

          (၂)     ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲအား လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် လုပ်ပေးမည် ဆိုပါက မည်သည့်နေ့ရက်တွင် လုပ်ပေးမည်ကိုလည်းကောင်း၊ မလုပ်ပေးနိုင်ပါက မည်သည့်အတွက် ကြောင့်ဖြစ်သည်ကိုလည်းကောင်းသိရှိလိုပါတယ်။

          (၃)     ကြားဖြတ်ရွေးကောက်ပွဲကို ပြုလုပ်နိုင်ရန်အတွက် အချိန်ကာလအကန့်အသတ်တစ်ခု သတ်မှတ်ပြဋ္ဌာန်းပေးရန်အစီအစဉ်ရှိ/မရှိ။ ဥပဒေ၊ နည်းဥပဒေများမှာရေးဆွဲပြဋ္ဌာန်းဖို့ အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မေးခွန်း(၁)နှင့်စပ်လျဉ်း၍ ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲအပြီး လစ်လပ်လျက်ရှိသော လွှတ်တော်ကိုယ်စားလှယ်အရေအတွက်နှင့် မဲဆန္ဒနယ်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်-

ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရေ

(၁)     ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)

(၂)     ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ ဂွမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)

(၃)     ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)၊ မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)

(၄)     ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးရေ

(၁)     ပြည်သူ့လွှတ်တော်မှာ ၆ ဦး လစ်လပ်လျက်ရှိတဲ့ လွှတ်တော်မဲဆန္ဒနယ်ကတော့ ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ကံမမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ရေနံချောင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပန်းတနော် မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တို့ပဲဖြစ်ပါတယ်။

(၂)     အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၆)၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၄)။

မေးခွန်း(၂)နှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၃၁ တွင် ပြည်သူ့လွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်နေရာအချို့ လစ်လပ်နေစေကာမူ ပြည်သူ့လွှတ်တော်လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါတယ်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၉ တွင် လွှတ်တော်တွင် တစ်စုံတစ်ရာသောအကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာလစ်လပ်ခဲ့လျှင် ဥပဒေနဲ့အညီ အစားထိုးရွေးကောက်တင်မြှောက်ရမည်ဟုပြဋ္ဌာန်းပါတယ်။ ထို့အတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂(ဇ)တွင် ကြားဖြတ်ရွေးကောက်ပွဲဆိုသည်မှာ လွှတ်တော်ပုံမှန်သက်တမ်း တစ်ရပ်အတွင်း မဲဆန္ဒနယ်တစ်ခုခု၌ ရွေးကောက်ပွဲရွှေ့ဆိုင်းထားရခြင်းကြောင့်ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးနုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်း၊ ဥပဒေနဲ့အညီ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှရပ်စဲခံရခြင်း သို့မဟုတ် တာဝန်မှရုပ်သိမ်းခံရခြင်းကြောင့်ဖြစ်စေ၊ လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များအတွက် အခါအားလျော်စွာ ကော်မရှင်ကသတ်မှတ်ကျင်းပသည့် ရွေးကောက်ပွဲကိုဆိုလို သည်ဟုပြဋ္ဌာန်းထားပါတယ်။ သို့ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လစ်လပ်မှုရှိတိုင်း ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးခြင်းမပြုဘဲ သင့်လျော်သော လစ်လပ်မဲဆန္ဒနယ်အရေအတွက် အတိုင်း အခါအားလျော်စွာကြားဖြတ်ရွေးကောက်ပွဲများကို ကျင်းပပေးရန်စီစဉ်ထားရှိပါတယ်။

မေးခွန်း(၃)နှင့်စပ်လျဉ်း၍ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက် အချိန်ကာလ၊ အကန့်အသတ် သတ်မှတ်ပြဋ္ဌာန်းထားခြင်းမျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်းကောင်း၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေများတွင်လည်းကောင်း ထည်‌့သွင်းပြဋ္ဌာန်းထားခြင်းမရှိပါ။ အချို့သောနိုင်ငံများ၌ ကြားဖြတ်ရွေးကောက်ပွဲများကို ပြုလုပ်နိုင်ရေးးအတွက် အချိန်ကာလ အကန့် အသတ်များ သတ်မှတ်ပြဋ္ဌာန်းထားခြင်းများရှိကြောင်း လေ့လာသိရှိရပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြည်ထောင်စုလွှတ်တော်က ကြားဖြတ်ရွေးကောက်ပွဲများပြုလုပ် နိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများတွင် အချိန်ကာလ၊ အကန့်အသတ်သတ်မှတ်ပြဋ္ဌာန်းပေးပါက သတ်မှတ်ပြဋ္ဌာန်းပေးသော ဥပဒေများနှင့်အညီ ကြားဖြတ်ရွေးကောက်ပွဲများကို သတ်မှတ်ကာလ အတွင်းကျင်းပပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။