(စ)-မုံရွာ-ယာကြီး-ကလေးဝလမ်း၏ မြေသားအခြေအနေကို စစ်ဆေးလေ့လာမှု မည်သို့ရှိသည်၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိလိုသည်နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၂) ရက်မြောက်နေ့ (၂၂.၈.၂၀၁၂)

 

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ဒေသဖွံ့ဖြိုးရေး သာမက နိုင်ငံတော်၏ လမ်းကွန်ရက်မှာပါ အရေးပါတဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်း ၁၁၅ မိုင် ၄ ဖာလုံကို အဆင့်မြှင့်တင်ပေးဖို့ မေးမြန်းတင်ပြခဲ့ပါတယ်။ ကျွန်တော် တင်ပြခဲ့တာ တစ်နှစ်ခန့်ရှိပြီ ဖြစ်ပေမယ့် လမ်းကတော့ အချိန်တန်ရင် ပျက်မြဲပါပဲခင်ဗျား။ ဒီလိုလမ်းကြောင်းက ကြည့်ရတာကလည်းပဲ လမ်းကြောင်းရဲ့မြေသားဟာ ဖယောင်းမြေဖြစ်တာ၊ ကျစ်မြေဖြစ်တာ၊ ပြတ်ရွေ့ကျောမှာတည်ရှိတာတွေ ကြောင်‌့မို့လို ဖြစ်တယ်လို့ သိရှိရပါတယ်။ အဲဒါကြောင့်မို့လို့ ပြုပြင်သလောက်၊ လမ်းခင်းသလောက် အကျိုးသက်ရောက်မှု မရှိပဲနဲ့ ဒီလိုဖြစ်နေရတယ် ဆိုတဲ့အကြောင်းကိုလည်းပဲ သိရှိရပါတယ်။ ဒါကြောင့်မို့လို့ ဒီပြတ်ရွေ့ကြောမှာတည်ရှိနေတဲ့ မည်ကဲ့သို့ကောင်းအောင် ဆောင်ရွက်မလဲဆိုတဲ့ ဟာကို ကျွန်တော်မေးမြန်းတင်ပြချိန်မှာ ပြည်ထောင်စုဝန်ကြီးကနေပြီးတော့မှ နိုင်ငံခြားကုမ္ပဏီ သို့မဟုတ် ပညာရှင်များနဲ့ တိုင်ပင်ညှိနှိုင်း ပြီးတော့မှ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒီလမ်းကြောင်းဟာ ဆိုလို့ရှိရင် မုံရွာ-ကလေးဝ လမ်းကြောင်းဟာ ဆိုလို့ရှိရင် ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ ကလေးဝ မြို့နယ်များကို ဖြတ်သန်းသွားလာပြီးတော့မှ အဲဒီ လမ်းကြောင်းမှာရှိတဲ့ ကျေးရွာပေါင်းများစွာကို ဖြတ်သန်းသွားတဲ့အတွက်ကြောင့်မို့လို့ ဒေသဖွံ့ဖြိုးရေး မှာလည်း အထောက်အကူပြုတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ နောက်ကျွန်တော်တို့ အနောက် မြောက်ဒေသမှာရှိတဲ့ ကလေးမြို့ကနေတစ်ဆင့် ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံအစရှိတဲ့ မြို့နယ်များအတွက် လည်း အသက်မျှ အားကိုးရတဲ့ လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ နောက်အိန္ဒိယနယ်စပ် တမူးမြို့နဲ့လည်း ဆက်သွယ်သွားလာနိုင်တဲ့ လမ်းကြောင်း လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလမ်းဟာ မဟာဗျူဟာ အရရော အင်မတန် အရေးပါတဲ့ ပြည်ထောင်စုလမ်းမကြီးတစ်ခုဖြစ်ပါတယ်လို့ တင်ပြအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမုံရွာ- ယာကြီး-ကလေးဝလမ်းနဲ့ ပတ်သက်ပြီးတော့မှ မေးမြန်းတင်ပြလိုတာကတော့ (၁) မုံရွာ-ယာကြီး-ကလေးဝ လမ်းရဲ့ပထဝီမြေသားအခြေအနေကို နိုင်ငံခြားကုမ္ပဏီ သို့မဟုတ် ပညာရှင်များနဲ့ စစ်ဆေး လေ့လာချက် အခြေအနေကို မည်သို့ရှိသည်ကို ပြည်သူများသိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။ (၂) အိန္ဒိယသမ္မတနိုင်ငံ အိန္ဒိယဝန်ကြီးချူပ်ရဲ့ ခရီးစဉ်မှာ အိန္ဒိယ၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမကြီးရဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို အိန္ဒိယနိုင်ငံက တာဝန်ယူဆောင်ရွက် ပေးမယ်လို့ သိရှိရပါတယ်။ ၎င်းတို့ ဆောင်ရွက်မပေးခင် ဝန်ကြီးဌာနအနေနဲ့ ပြည်သူများ ပုံမှန် ခရီးသွားလာနိုင်ရေးအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ မည်ကဲ့သို့ ဆောင်ရွက်ပေးမည် ဆိုတာကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသအတွင်းမှာ ရှိတဲ့ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်နဲ့ ကလေးဝမြို့နယ်ထဲကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ မုံရွာ-ယာကြီး-ကလေးဝလမ်းဟာ ၁၁၅ မိုင် ၅ ဖာလုံရှည်လျားပါတယ်။ ၃၁-၃-၂၀၁၂ ရက်နေ့အထိ လမ်း အခြေအနေကတော့ ကတ္တရာလမ်း ၇၀ မိုင်၊ မြေလမ်း ၄၅ မိုင် ၅ ဖာလုံ၊ စုစုပေါင်း ၁၁၅ မိုင်နဲ့ ၅ ဖာလုံရှည်လျားတာ ဖြစ်ပါတယ်။ မုံရွာ-ယာကြီး-ကလေးဝလမ်းရဲ့ မုံရွာ-ယာကြီးအပိုင်း မိုင် ဝ/၀ မှ ၄၀ အထိ ၄၀ မိုင်ကိုတော့ မုံရွာ အုပ်စုဆောက်လုပ်ရေးကုမ္ပဏီလီမိတက်သို့ BOT စနစ်နဲ့ ဆောင်ရွက်ခွင့် ပြုထားပြီး ယာကြီး-ကလေးဝ အပိုင်း မိုင် ၄၀ မှ ၁၁၅ မိုင် ၅ ဖာလုံ အထိ ၇၅ မိုင် ၅ ဖာလုံကိုတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက် ရှိပါတယ်။ မုံရွာ-ယာကြီး-ကလေးဝလမ်းရဲ့ ပထဝီမြေသားအခြေအနေကို ကိုရီးယားနိုင်ငံ KOICA (Korea International Cooperative Agency) မှ ပညာရှင်များ၊ NEDA (Neighboring Country Economic Development Agency) မှပညာရှင်များနဲ့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာများ ပူးပေါင်းပြီးတော့ တောင်ပြိုမြေဖြစ်တဲ့ မိုင် ၆ဝနဲ့ ၇၅ မိုင်အကြားမှာ လေ့လာမှုများ ပြုလုပ်ခဲ့ပါတယ်။ ပညာရှင်များမှ မြေအနေအထားမှာ မြေထိန်းစနစ်များနဲ့ ရေထုတ်စနစ်များကောင်းမွန်အောင် စနစ်တကျခိုင်ခန့်အောင် ပြုလုပ်ပေးလျင် လက်ရှိလမ်းအူကြောင်းကို ဆက်လက်အသုံးပြုနိုင်ကြောင်းနှင့် အချို့နေရာများမှာ လမ်းအူကြောင်းအသစ် ထပ်မံရှာဖွေရန် လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြထားတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် လမ်းပုံစံနဲ့ အသေးစိတ်အတိုင်းအတာ များ တွက်ချက်ထုတ်ရန် အကြိုကွင်းဆင်းခြင်းလုပ်ငန်းကို အိန္ဒိယနိုင်ငံမှ BRTF (Border Road Task Force) အဖွဲ့မှ ပညာရှင် ၁၅ ဦးခန့်ကလည်း ကွင်းဆင်းတိုင်းတာရန် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါ တယ်။ အသေးစိတ်တိုင်းတာ တွက်ချက်မှုဆောင်ရွက်ပြီးမှသာ စီမံကိန်းကာလကို သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အင်ဖာမြို့မှ ၃ နိုင်ငံလမ်းမကြီးကို ဖြတ်ပြီးတော့ မုံရွာမြို့မှ တစ်ဆင့် မန္တလေးမြို့အထိ ခရီးသည်တင်ဘတ်စ်ကားများ ပြေးဆွဲရန်၊ ထားရှိရန်နှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိသလို မဏိပူရပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံကိုဖြတ်ပြီး အရှေ့တောင် အာရှဒေသအထိ အိန္ဒိယကုန်စည်များနှင့် ဒေသတွင်းကုန်စည်များ အပြန်အလှန်ကုန်သွယ်ရေး အလားအလာများ ကောင်းတဲ့ လမ်းတစ်လမ်းဖြစ်ပါတယ်။

အိန္ဒိယဘက်မှ လမ်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ မဆောင်ရွက်မီ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် သန်း ၅၀၀ နှင့် မိုင် ၆၀ မှ ၇၅ အကြားရှိ မြေသား ဆိုးရွားတဲ့ လမ်းအပိုင်းကို တည်ငြိမ်ရေး မြေကြောဖြတ်ခြင်း၊ တာပေါင်တင်ခြင်း၊ ရေလမ်းကြောင်း ပြောင်းခြင်း၊ ရေမြောင်းကြီးများ တူးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။