ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနေလင်း မေးမြန်းထားသော ကြယ်ပွင့်ပြမေးခွန်းဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှင့် ငါးနှစ်အောက်ကလေးများ သေဆုံးမှု လျော့နည်းရေးဆိုတဲ့မေးခွန်းကို ဒေါက်တာနေလင်းကိုယ်စား ကျွန်တော်မှ မေးမြန်းတင်ပြခွင့်ပြုပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။
မိခင်များအပါအဝင် အမျိုးသမီး များနှင့် ကလေးများ၏ကျန်းမာရေး၊ ပညာရေးတိုးတက်မြင့်မားရေး၊ ဘဝလုံခြုံမှုရှိရေးနှင့် အခွင့် အလမ်းများတန်းတူညီမျှရရှိရေးအစရှိတဲ့ လူ့အခွင့်အရေးများနှင့်အညီ နိုင်ငံ၏ကျန်းမာရေးနှင့် ပညာရေးအခန်းကဏ္ဍအသုံးစရိတ် ရင်းနှီးမြှုပ်နှံမှုသည် ရေရှည်၌ တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် လူသား အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိတာကို တွေ့ရပါတယ်။ သို့ဖြစ်ပါ၍ မိခင်နှင့်ကလေးများသည် တိုင်းပြည်၏ သားသမီးရတနာများဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးလိုအပ်နေသဖြင့် မိခင်နှင့် ကလေးများ၏ သေဆုံးမှုလျှော့ချရေး မွေးကင်းစကလေးများနှင့် ငါးနှစ်အောက်ကလေးများ သေဆုံးမှု လျှော့ချရေးလုပ်ငန်းများကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအသီးသီးတို့သည် နှစ်တိုနှစ်ရှည်စီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း၊ အမျိုးသားစီမံကိန်းများတွင် အလေးထားထည့်သွင်းရေးဆွဲခြင်း၊ ကျန်းမာရေး အသုံးစရိတ်တိုးမြှင့်ဆောင်ရွက်ခြင်း၊ အမျိုးသားရေးကိစ္စတစ်ရပ်အနေဖြင့် သက်ဆိုင်ရာအစိုးရများ၏ political will and political commitment များရရှိရေးဆောင်ရွက်ခြင်း၊ ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုရှိစေရန် သက်ဆိုင်ရာ ပါလီမန်တွင်တင်ပြခြင်း၊ လိုအပ်သည့်ဥပဒေများ၊ နည်းဥပဒေများရေးဆွဲထုတ်ပြန်စေခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ ညှိနှိုင်းဆောင်ရွက်ချက်များဖြင့် ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်များ အမှတ်စဉ် ၄ နှင့် ၅ ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံအနေနဲ့လည်း ကျန်းမာရေးဝန်ကြီး ဌာနသည် မျိုးဆက်ပွားကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင်ပါဝင်သည့် ကျွမ်းကျင်သည့် သားဖွားဆရာများမွေးထုတ်ခြင်း၊ အရပ် လက်သည်များ ကျွမ်းကျင်မှုသင်တန်းပေးခြင်း၊ သားဆက်ခြားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးရုံ ဆေးခန်းများတွင် လိုအပ်သည့် ဆေးဝါးနှင့်ကျန်းမာရေးဝန်ထမ်းများ ပြည့်စုံစွာဖြည့်တင်းပေးခြင်း၊ ဆေးရုံဆေးခန်းများတိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ မိခင်များနှင့် မိခင်လောင်းများ ကျောင်းနေကလေးများ ကျန်းမာရေးအသိပညာဖြန့်ဖြူးပေးခြင်း အစရှိသည်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲ ကာပူးပေါင်းဆောက်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ထောင်စုနှစ် ရည်မှန်းချက်များကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် နိုင်ငံတကာအသိုင်း အဝိုင်း၏ ယုံကြည်လေးစားမှုရရှိရန် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါသည်။ (၁) ၂၀၀၀ခုနှစ်မှ ယနေ့အထိ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းနှင့် ငါးနှစ် အောက်ကလေးများသေဆုံးမှုအခြေအနေ။ (၂) ထောင်စုနှစ်ရည်မှန်းချက် ၂၀၁၅ ခုနှစ်အတွက် သေဆုံးမှုနှုန်းလျော့နည်းရေးမျှော်မှန်းချက်။ (၃) အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်း များနှင့် တွေ့မြင်ရသည့်အခက်အခဲများနှင့် စိန်ခေါ်မှုများ။ (၄) တွေ့ကြုံရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများအပေါ် ဖြေရှင်းမည့်နည်းလမ်းများ။ (၅) ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများစာရင်း ရရှိသည့်လေ့ကျင့်ရေးနည်းပညာ ငွေကြေးအထောက်အပံ့အကူအညီများ။ (၆) လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်မည့် ဥပဒေများ၊ နည်းဥပဒေများ ထုတ်ပြန်နိုင်ရန် စီစဉ်ထားရှိမှုအခြေအနေ။ (၇) မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အတွက် ခွဲဝေကျခံသုံးစွဲမည့် ကျန်းမာရေးအသုံးစရိတ်လိုအပ်ချက်နှင့် လာမည့်ဘဏ္ဍာရေးနှစ်အတွက် မျှော်လင့်လျာထားချက် စသည့်အချက်များကို လွှတ်တော်မှတစ်ဆင့် ပြည်သူလူထုသိရှိစေရန်အတွက် မေးမြန်းပါသည်။
မြန်မာနိုင်ငံကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းနှင့် ငါးနှစ်အောက်ကလေးများ သေဆုံးမှုနှုန်းလျော့နည်းရေးအတွက် လုပ်ငန်းစီမံချက်များ သတ်မှတ်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၀၀ ခုနှစ်မှစ၍ ယနေ့ထိအခြေအနေနှင့် ၂၀၁၅ ခုနှစ် ရည်မှန်းထားရှိမှု အခြေအနေ မေးခွန်းနှင့်စပ်လျဉ်း၍ ကျွန်တော် ဖြေကြားသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်းနှင့် ငါးနှစ်အောက်ကလေးများ သေဆုံးမှုနှုန်းလျော့နည်းရေးအတွက် လုပ်ငန်းစီမံချက်များ ချမှတ်ရေးဆွဲအကောင်အထည်ဖော်လျက် ရှိပါတယ်။ ၂၀၀၀ ခုနှစ်မှယနေ့အထိ ကိုယ်ဝန်ဆောင်မိခင်နှင့် ငါးနှစ်အောက်ကလေးသေဆုံးမှုနှင့် ထောင်စုနှစ်ရည်မှန်းချက် ၂၀၁၅ အတွက် သေဆုံးမှုနှုန်း လျော့နည်းရေးမျှော်မှန်းချက်ကို ကျွန်တော်တို့ အောက်ပါအတိုင်း အစီရင်ခံမှာဖြစ်ပါတယ်။ မိခင်သေဆုံးမှုအနေနဲ့ အရှင်မွေးတစ်သိန်းမှာ ရရှိတဲ့ ကိန်းဂဏန်းကတော့ United Nation Inter agency estimate 2010 ခုနှစ်က လုပ်တဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။ မိခင်သေဆုံးမှုနှုန်းအနေနဲ့ အရှင်မွေးတစ်သိန်းမှာ ၂၀၀၀ ခုနှစ်မှာ ၃၀၀ ရှိ တာကနေ ၂၀၀၅ ခုနှစ်မှာ ၂၃၀ အထိချထားနိုင်ခဲ့ပါတယ်။ ၂၀၁၀ မှာ ၂၀၀ အထိ ချထားနိုင်ခဲ့ပြီးတော့ ၂၀၁၅ မျှော်မှန်းချက်အနေနဲ့ အရှင်မွေးတစ်သိန်းမှာ မိခင်သေဆုံးမှု ၁၃၀ သာလျှော့ကျရေးအတွက် ရည်မှန်းဆောင်ရွက်လျက်ရှိပါတယ်။ ထို့နည်းတူစွာပဲ ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းအနေနဲ့ Multiple Indicator Cluster Survey ခေါ်တဲ့ Unicef ကလုပ်တဲ့ ကိန်းဂဏန်းများအရ ၂၀၀၀ ခုနှစ် မှာ အရှင်မွေး ၁၀၀၀မှာ ၇၇.၇ ရာခိုင်နှုန်းရှိရာမှ ၂၀၀၃ ခုနှစ်မှာ ၆၆.၁ ရာခိုင်နှုန်းအထိ လျော့နည်း စေခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ၄၆.၀ ရာခိုင်နှုန်းအထိ လျော့နည်းစေခဲ့ပြီးတော့ ၂၀၁၅ မျော်မှန်းချက် အနေနဲ့ အရှင်မွေး ၁၀၀၀ မှာ ငါးနှစ်အောက် ကလေးသေဆုံးမှုကို ၄၃.၃ ရာခိုင်နှုန်းလျှော့ချနိုင် ရေးအတွက် ရည်မှန်းဆောင်ရွက်လျက်ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒီလိုရည်မှန်း ဆောင်ရွက်တဲ့အခါမှာ ဆောင်ရွက်နေတဲ့လုပ်ငန်းများအနေနဲ့ကတော့ ကျန်းမာရေးဝန်ထမ်းများတွေကို မိခင်နှင့်ကလေးဆိုင်ရာ အသိပေးဆွေးနွေးပွဲတွေ အစည်းအဝေးတွေကျင်းပပေးပြီး ကျွမ်းကျင်မှု သင်တန်းများပေးခြင်း ဆောင်ရွက်လျက်ရှိပါတယ်။ လိုအပ်တဲ့ဆေးဝါးနဲ့ ဆေးဝါးပစ္စည်း ကိရိယာများ ထောက်ပံ့ပေးခြင်းနှင့် ပညာပေးစာစောင်များဖြန့်ဖြူးခြင်းကို ဆောက်ရွက်လျက်ရှိပါတယ်။ ကျေးလက် ကျန်းမာရေးဌာနနှင့်ဌာနခွဲများ ပြုပြင်မွမ်းမံခြင်းနှင့်ဌာန၊ ဌာနခွဲတွေမှာ သားဖွားခန်းများဆောက်လုပ် ပြီးတော့ Institutional Delivery ခေါ်တဲ့ ဆေးရုံဆေးခန်းတွေမှာ မွေးတဲ့နှုန်းကိုမြင့်မားအောင် ဆောင်ရွက်လျက်ရှိပါတယ်။ နောက် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ကွင်းဆင်း ကြီးကြပ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း၊ ဆန်းစစ်ခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ လူထုမှ ပူးပေါင်းပါဝင်မှုရရှိရေးအတွက်ကို စည်းရုံးဆောင်ရွက်လျက်ရှိပါတယ်။ နောက်အခြား နှီးနွယ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာလည်း ကျွန်တော်တို့ မျိုးဆက်ပွားကျန်းမာရေး၊ အမျိုးသားအဆင့်စီမံကိန်း ၂၀၀၉-၂၀၁၃ ခုနှစ် ငါးနှစ်စီမံကိန်းရေးဆွဲပြီးတော့ ဒီငါးနှစ်စီမံကိန်းထဲမှာ လိုအပ်တဲ့ငွေကြေးရန်ပုံငွေတွေကိုပါ ထည့်သွင်း တွက်ချက်ပြီးတော့ စီမံကိန်းရေးဆွဲဆောင်ရွက်တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ပြီးတာနဲ့ တစ်ပြိုင်နက် ၂၀၁၅ ခုနှစ်ထောင်စုနှစ်ရည်မှန်းချက်များ ပြည့်မီရေးအတွက်လည်း ဒါကို ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ လုပ်ငန်းများဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံရတဲ့အခက်အခဲနဲ့ စိန်ခေါ်မှုတွေကတော့ ကျန်းမာရေးဝန်ထမ်းအင်အား လိုအပ်ချက်ရှိနေသေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနများ လွှမ်းခြုံမှု နည်းပါးနေသေးခြင်း၊ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာ နည်းပါးနေသေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ လွဲမှားသောအယူအဆများရှိနေသေးခြင်း၊ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးခြင်း၊ ကျန်းမာရေးအသုံးစရိတ်များ ထပ်မံလိုအပ်မှုရှိနေသေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရန်လိုအပ်ခြင်းနှင့် ဝေးလံခက်ခဲသော ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှုများရရှိရန်အတွက် လိုအပ်သောကန့်သတ်ချက်များ ရှိနေခြင်းတို့ဖြစ်ပါ တယ်။ ဒါတွေကို ွဖေရှင်းနိုင်ရန်အတွက် ကျွန်တော်တို့ ၂၀၁၂ ခုနှစ်မှာ လက်ထောက်ကျန်းမာရေးမှူး ၁၂၄ ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁) ၇၃ဦး၊ သားဖွားဆရာမသစ်လွင် ၈၅၉ ဦးကို အလုပ် ခန့်အပ်ပေးပြီးတော့ သင်တန်းဆင်းပြီး အလုပ်ဝင်ရန်စောင့်ဆိုင်းနေတဲ့ လက်ထောက်ကျန်းမာရေးမှူး တွေ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်မြှင့်တင်တဲ့ သားဖွားဆရာမတွေကို လစ်လပ်နေရာများကို အမြန်ဆုံး ခန့်ထားခွင့်ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးဌာနများ လွှမ်းခြုံမှုမြင့်မားလာစေရန်အတွက် ၂၀၁၁-၂၀၁၅ အမျိုးသားကျန်းမာရေး ငါးနှစ်စီမံကိန်းမှာ နှစ်စဉ် ကျေးလက်ကျန်းမာရေးဌာန ၆၀ နဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၄၀ ကို တိုးချဲ့ဖွင့်လြှစ်ပီးတော့ လွှမ်းခြုံမှုကောင်းမွန်ရေးအတွက် ဆက်လက်ဆောက်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာတိုးမြင့်စေရန်အတွက် ပညာပေးဇာတ်လမ်းများထုတ်လွှင့်ခြင်း၊ ပိုစတာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ ကျန်းမာရေးပညာပေးလုပ်ငန်း များ၊ ဟောပြောပွဲများ ကျင်းပခြင်းတို့ကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထို့နည်းတူစွာပဲ လိုအပ်နေ သေးတဲ့နေရာတွေမှာ စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများ အထူးသဖြင့်တော့အရန်သားဖွား ဆရာမများနှင့် လူထုကျန်းမာရေးလုပ်သားများကိုမွေးထုတ်ပြီးတော့ ကျေးရွာများအဆင့်အထိ တာဝန် ပေးအပ်သွားမှာဖြစ်ပါတယ်။ ကျန်းမာရေးအသုံးစရိတ်ကိုလည်း နှစ်စဉ်တိုးမြှင့်ရရှိရေးအတွက် ဆက်လက်တင်ပြဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းများရဲ့ အရည်အသွေး မြှင့်တင်ရန် လုပ်ငန်းခွင်နှင့်လုပ်ငန်းခွင်အကြို လေ့ကျင့်သင်တန်းပေးရာ လက်ရှိကျန်းမာရေးဝန်ထမ်း များရဲ့ ကျွမ်းကျင်မှုအရည်အသွေးတိုးမြှင့်စေရန်အတွက် မိခင်နှင့်ကလေးသင်တန်းများနှင့် မျိုးဆက် ပွားကျန်းမာရေးသင်တန်းများကိုပေးပြီးတော့ ကွင်းဆင်းကြီးကြပ်သွားမှာ ဖြစ်ပါတယ်။ ဝေးလံခက်ခဲတဲ့ ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှု ရောက်ရှိစေရန်အတွက် ကျန်းမာရေးစေတနာဝန်ထမ်း များမှတစ်ဆင့် ပြည်သူလူထုအခြေပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သီးခြား အစီအစဉ်များနှင့် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုယ်ဝန် ဆောင်မိခင်သေဆုံးမှုနှင့် ငါးနှစ်အောက်ကလေးသေဆုံးမှုလျော့နည်းစေရန် ထောင်စုနှစ်ရည်မှန်းချက် ၂၀၁၅ အတွက် သေဆုံးမှုနှုန်းလျော့နည်းရန် ဆောင်ရွက်ရန်လိုအပ်တဲ့ ကျန်းမာရေးအသုံးစရိတ်များ ရရှိရေးအတွက်လည်း ကုသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက် လျက်ရှိပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်တဲ့ Aus Aid တွေနဲ့လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိတဲ့အပြင် လိုအပ်တဲ့ဥပဒေများ နည်းဥပဒေများ ထုတ်ပြန်နိုင်ရေးအတွက်လည်း ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
