(ခ)-နိုင်ငံတော်၏ စားနပ်ရိက္ခာ စီမံခန့်ခွဲမှုကို မည်သို့ စီမံဆောင်ရွက်ထားရှိသည်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နဝမနေ့ (၁၆.၇.၂၀၁၂)

နိုင်ငံတော်အတွင်းမှာ စားနပ်ရိက္ခာ ဖူလုံရေးနှင့်ပတ်သက်ပြီးတော့ စီမံခန့်ခွဲထားရှိမှုနှင့်ပတ်သက်လို့ မေးမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံဆန်အိုးထဲမှာ ပြည်သူကိုကျွေးဖို့ ဆန်ဘယ်လောက်ရှိလဲဆိုတာ မေးတဲ့မေးခွန်းပဲ ဖြစ်ပါ တယ်။ မေးမြန်းတဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံမှာ ယနေ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ပြည်သူဟာ အလုပ်အကိုင်ရှားပါးပြီးတော့ စီးပွားရေးကြပ်တည်းနေပါတယ်။ နိုင်ငံအတွင်းမှာ ဆန်အိတ်ထောင်ပြီး စားနိုင်တဲ့လူ အတော်ရှားပါတယ်။ နေ့စဉ် ဗူးနဲ့ပြည်နဲ့ ဝယ်စားနေတဲ့ပြည်သူဟာ အများစုဖြစ်ပါတယ်။ ဒီပြည်သူတွေရဲ့စိတ်ထဲမှာ နေ့စဉ် ဝယ်စားနေရတဲ့ဆန် နိုင်ငံတော်မှာ လုံလောက်မှုရှိ၊ မရှိ သူတို့ဘဝရဲ့ စားရေးအတွက် ပူပင်စရာရှိ၊ မရှိ သိလိုကြပါတယ်။ ဒါကြောင့် မေးမြန်းခြင်းဖြစ်ပါတယ်။ နိုင်ငံတော် အတွင်းမှာရှိတဲ့ ပြည်သူက နေ့စဉ်စားသုံးနေတာ ဆန်ဖြစ်ပါတယ်။ နေ့စဉ်မပြတ်စားသုံးနေရလို့သာ  သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနေလို့သာ တည်ငြိမ်နေတာဖြစ်ပြီးတော့ ဈေးနှုန်းတွေ အဆမတန်မြင့် တက်လာမယ်၊ ဝယ်ယူဖို့အတွက် ရှားပါးခက်ခဲလာမယ်ဆိုရင်တော့ အေးချမ်းတည်ငြိမ်မှုကို အတိုင်း အတာတစ်ခုအထိ ထိခိုက်နိုင်မှာ ဖြစ်ပါတယ်။ အခြားကိစ္စတွေမှာ မှားယွင်းအားနည်းတာ ပြဿနာမရှိ ပေမယ့် ဒီကိစ္စမှာတော့ အမှားမခံတဲ့ကိစ္စဖြစ်ပါတယ်။ နိုင်ငံတကာမှာ ကျွန်တော်တို့နိုင်ငံလိုပဲ အရန်ဆန် တွေထားကြပါတယ်။ အစိုးရအဆက်ဆက်ကလည်း နိုင်ငံမှာ အရန်ဆန်ထားခဲ့ပါတယ်။ ယနေ့လည်း လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကနေပြီးတော့ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ အထူး ကြိုးပမ်းဆောင်ရွက်နေတာကို ကြားသိရပါတယ်။ ဒီနေရာမှာတစ်ခု သတိပြုစေလိုတာကတော့     ၁၉၈၁ ခုနှစ်မှာ မြစ်ဝကျွန်းပေါ်မှာ တာဝန်ကျပါတယ်။ မြို့နယ်ကောင်စီရုံးမှာ နေရပါတယ်။ ရုံးမှာရှိတဲ့ လယ်စိုက်ဧကအထွက်နှုန်း အပိုအလျှံစပါးစာရင်းဟာ အားကျစရာဖြစ်ပါတယ်။ ဒီအချိန်မှာ အပေါ်က နေပြီးတော့ စပါးဧကတိုးစိုက်ဖို့ဆို ကိန်းဂဏန်းထဲမှာ တိုးလိုက်ပါတယ်။ အထူးအထွက်တိုးအနေနဲ့ တစ်ဧကမှာ ဘယ်လောက်ထွက်ရမယ် ပြောရင်လည်း တိုးလိုက်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ ထွက်လာတဲ့အရန်ဆန် ပမာဏဟာ အလွန်များပြားလာပါတယ်။ ဒီလိုနဲ့ပဲ နိုင်ငံတော်ကနေပြီးတော့ နိုင်ငံခြားတင်ပို့ဖို့လိုတဲ့အခါမှာ ပိုလျှံတဲ့ဆန်တွေကို ရန်ကုန်ပို့ခိုင်းလိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ မြို့မှာ ဆန်မရှိတော့ပါဘူး။ ဒါမျိုးက အမှန်တကယ်ကြုံတွေ့ခဲ့တဲ့အတွက်ကြောင့် နိုင်ငံတော်ကနေ ပြီးတော့ တကယ်ဆောင်ရွက်သော်ငြားလည်း အောက်ခြေမှာ လူကြီးကြိုက်ကိန်းဂဏန်းတွေနဲ့ တင်ပြ နေမယ်ဆိုရင်တော့ ဖြစ်နိုင်တာကို ဂရုပြုဖို့ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာမှာ ဆန်ရောင်းချမှုကို လေ့လာ လျှင် ထိုင်းနိုင်ငံက ပြီးခဲ့တဲ့နှစ်က ၆.၅ သန်းအထိ ရောင်းခဲ့ပါတယ်။ ဒီနှစ်မှာတော့ ၃၉ ရာခိုင်နှုန်း ကျဆင်းတယ်လို့ သိရပါတယ်။ အလားတူပဲ ဗီယက်နမ်နိုင်ငံဟာ ယနေ့ ထိုင်းနိုင်ငံကို ကျော်လွန်ပြီး တော့ ရောင်းချလာ တာတွေ့ရပါတယ်။ ဒီအချိန်မှာပဲ အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ၆.၈ သန်းတန်ချိန် ရောင်းခဲ့ပါတယ်။ ယနေ့ ၇ သန်းထိ ရောင်းတဲ့အတွက်ကြောင့် နောင်လာမယ့်အနာဂတ်မှာ အိန္ဒိယဟာ ဆန်တင်ပို့မှု အများဆုံးဖြစ်လာမယ့်နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို လေ့လာရင် ဒီနေ့ ဆန်အထွက် နှုန်းဟာ တန်ချိန် ၁၀၃ တန် ထွက်ပါတယ်။ ပြည်သူလူထုစားသုံးဖို့အတွက် အရန်ဆန်အနေနဲ့        ၅၃.၄ သန်းထားရှိတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံကို လေ့လာရင် ပြည်ပပို့ကုန်ပို့တဲ့အချိန်မှာ လယ်ယာထွက်ကုန်က ၅၄.၆ ရာခိုင်နှုန်း၊ သစ်တောထွက်ကုန်က ၂၄.၇ ရာခိုင်နှုန်း၊ သတ္တုတွင်း ထွက်ကုန်က ၁၄.၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ အများဆုံးတင်ပို့နေတာ လယ်ယာထွက်ကုန်များ ဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ သာမန်အားဖြင့် စားနပ်ရိက္ခာဖူလုံရေးအတွက် အခြေခံဖြစ်တဲ့ဆန်ကို တစ်ဦး ကျစီစားသုံးခွင့်နှင့် ထုတ်လုပ်နိုင်စွမ်းမှာ ယနေ့ အချိုးအစားပြည့်မီနေပါသေးတယ်။ ဘာဖြစ်လို့လဲဆို တော့ လယ်ယာစိုက်ပျိုးရေးမလုပ်ဘဲနှင့် သင့်ရာလုပ်ကိုင်ပြီးတော့ ဆန်ဝယ်စားတဲ့ လူဦးရေရာခိုင်နှုန်း က နိုင်ငံတော်မှာ ၃၀ ရာခိုင်နှုန်းပဲရှိပြီးတော့ လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ ရာခိုင်နှုန်းက ၇၀ ရာခိုင်နှုန်းအထိ ရှိနေလို့ဖြစ်ပါတယ်။ သို့သော် မြန်မာနိုင်ငံဟာအနာဂတ်မှာ စက်မှုနိုင်ငံအဖြစ် ပြောင်းလဲလာရင်တော့ ဒါဟာစိုးရိမ်စရာဖြစ်ပါတယ်။ မမျှော်လင့်တဲ့ ရာသီဥတု ဖောက်ပြန်မှုနှင့် ကြုံတွေ့တဲ့အခါမှာဖြစ်စေ၊ မမျှော်လင့်တဲ့ဈေးနှုန်းအပြောင်းအလဲတွေကြောင့် ဖြစ်ပေါ် လာမယ့် အကျိုးဆက်တွေကို လျှော့ချနိုင်ဖို့ဖြစ်စေ၊ နိုင်ငံတိုင်းမှာ အခုတင်ပြခဲ့တဲ့ အရန်ဆန်တွေ ထားကြပါတယ်။ ဒီအထဲမှာ ဆန်ဈေးတွေတက်လာတဲ့အခါမှာ အရန်ဆန်ကို ထုတ်နုတ်ပြီးတော့ ပြည်သူကို ရောင်းချပါတယ်။ သီးနှံဈေးတွေကျတဲ့အချိန်မှာ နိုင်ငံတော်ရဲ့အရန်ဆန်အဖြစ် ဖြည့်တင်း ကြပါတယ်။ အားလုံးဟာ စားနပ်ရိက္ခာဖူလုံဖို့လုပ်ခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ပြန်လေ့ လာရင် ဆည်မြောင်းနှင့်ပတ်သက်လို့ လွန်ခဲ့သောနှစ်ပေါင်း ၉၆၇ ခုနှစ်က အနော်ရထာမင်းစောဟာ စလုပ်ပါတယ်။ အလားတူပဲ လယ်ယာစစ်တမ်းကို ဒုတိယမြန်မာနိုင်ငံတော် သာလွန်မင်းတရားကြီးက စလုပ်ပါတယ်။ သို့သော် ဒီအချိန်အထိ ဆန်စပါးတင်ပို့တာ၊ သိုလှောင်တာမရှိပါဘူး။ မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းပိုက်ပြီးတဲ့နောက်ပိုင်း လယ်ဧက ၁၈၃၀ ပြည့်နှစ်လောက်မှာ ၆၆၀၀၀ ဖြစ်ပါတယ်။ ဒီကနေပြီးတော့ နိုင်ငံခြားတင်ပို့မှုစတင်လာပြီးတော့ ၁၉၄၀ ပြည့်နှစ်မှာ လယ်ဧက ၁၂၅၁၈၄၉၉ ဧက စိုက်ပျိုးပါတယ်။ စပါးထွက်နှုန်းကို လေ့လာရင် ကိုလိုနီခေတ်က ၂၉ တင်း၊ ဒုတိယကမ္ဘာစစ်အပြီးမှာ ၂၈ တင်း၊ ၁၉၅၀နှင့် ၁၉၆၀ ဝန်းကျင်မှာ ပြည်တော်သာစီမံကိန်းနှင့် အရှိန်မြှင့်တင်လိုက်တဲ့အတွက် ကြောင့် စပါးထွက်နှုန်းဟာ ၃၃တင်းဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်ချိန်မှာ ၃၁.၁၆ တင်း၊ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလကနေပြီးတော့ ၁၉၆၄ ခုနှစ်၊ မတ်လအတွင်းမှာ အဲဒီခေတ်က အုန်းတော၊ ပုပ္ပား၊ ခပေါင်းစတဲ့ နှီးနှောပွဲတွေနဲ့ တွန်းအားပေးတဲ့အခါမှာ လယ်ဧက၊ စိုက်ဧကတိုးတက်မှု တွေဟာ တစ်ဧကမှာ ၄၀/၅၀ အထိ တက်လာပါတယ်။ ယနေ့နိုင်ငံတော်မှာ ၈၀ အထိ တက်လာပါ တယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ မေးလိုတဲ့မေးခွန်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန် မြှင့်တင်နေတာကို သိပါတယ်။ စပါးထွက်နှုန်းမြှင့်တင်ရေးအတွက် ဆောင်ရွက်နေတာကို သိပါတယ်။ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပို့ကုန်မြှင့်တင်ရေးအတွက်ကို ဆန်ကိုအဓိကထားပြီး တော့ တန်ချိန်သန်းနှင့်ချီပြီးပို့ဖို့အတွက် ဆောင်ရွက်နေတာလည်း သိရပါတယ်။ ဒီလိုဝင်ငွေများများ တိုးတက်ဖို့အတွက် ဆောင်ရွက်လျက်ရှိတဲ့နည်းတူ ပြည်သူစိုးရိမ်နေတဲ့ စားနပ်ရိက္ခာဖူလုံမှုနှင့်ပတ်သက် ပြီးတော့ နိုင်ငံတော်အစိုးရအနေနဲ့ မဟာဗျူဟာမြောက် မည်သို့ဆောင်ရွက်ထားတာကို သိရှိလိုတဲ့ အတွက်ကြောင့် မေးမြန်းခြင်းဖြစ်ပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

နိုင်ငံတော်အနေဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ အရှိန် အဟုန်မြှင့်တင်လျက် ဆန်စပါးထွက်ရှိမှု တိုးတက်မြင့်မားရေးဆောင်ရွက်လျက် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ပို့ကုန်မြှင့်တင်ရေး Export Promotion Policy အရ ဆန်ကို ပြည်ပသို့ တန်ချိန် သန်းနှင့်ချီ၍ တင်ပို့ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ငွေတိုးတက် မြင့်မားရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့နည်းတူ တစ်ဖက်မှလည်း နိုင်ငံတော်အတွင်း စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် နိုင်ငံတော်၏ စားနပ်ရိက္ခာစီမံခန့်ခွဲမှု (Food Management) ကို မဟာဗျူဟာ မြောက် မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါသဖြင့် ဖြေကြားပေးပါရန် မေးခွန်းနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးကိုယ်စား ကျွန်တော် ဒုတိယ ဝန်ကြီးမှ ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ အခုလို မေးမြန်းပေးတဲ့ ဦးတင်မောင်ဦးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း၊ ဈေးကွက်ဝင်သည့် သီးနှံမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဆန်စပါးကဏ္ဍတွင် အထွက်နှုန်းပိုမိုကောင်းမွန်သည့် အထူးအထွက်တိုးစပါးမျိုးများကို တောင်သူလယ်သမားများ မျိုးစေ့အလွယ်တကူရရှိစိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်၍ စနစ်တကျ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ပေးလျက်ရှိပါ တယ်။ ထို့အတူ တောင်သူလယ်သမားများ မျိုးချန်၍ မျိုးထားစိုက်ပျိုးနိုင်တဲ့ အခြားအထွက်ကောင်းမျိုး စပါးဖြစ်တဲ့ ပေါ်ဆန်း၊ ရွှေသွယ်ရင်၊ ကျော်ဇေယျ၊ ဆင်းသွယ်လှ၊ ဧရာမင်းစတဲ့စပါးမျိုးများကိုလည်း မျိုးသန့်အဖြစ်နဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မိဘမျိုးစေ့၊ ဆင့်ပွားမျိုးစေ့၊ မျိုးသန့်မျိုးပွားစေ့၊ စီးပွားဖြစ်မျိုးသန့်မျိုးပွားမျိုးစေ့များကို ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း စနစ်တကျ စီမံ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း စပါးမျိုးများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာစေရန်အတွက် ခေတ်မီသိပံ်ပနည်းကျ စိုက်ပျိုးနည်းစနစ်များ GAP စနစ်ကျင့်သုံး၍ စံပြကွက်များစိုက်ပျိုးကာ တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် တောင်သူလယ်သမားများကို ဖိတ်ခေါ်ပြသခြင်း၊ နည်းပညာပြန့်ပွားရေးဆောင်ရွက်ပေးခြင်း၊ တောင်သူလယ်သမားများသို့ အနီးကပ်ကူညီပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများရဲ့ အရည်အသွေး တိုးတက် မြင်‌့မားစေရေးနှင့် လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရေးတို့ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိပါတယ်။ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူများရဲ့ တစ်နေ့တာစားသုံးမှုအပေါ် အခြေခံပြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ပြည်တွင်းတွင် ဆန်ဈေးနှုန်းကျဆင်းပါက တောင်သူများအခက်အခဲနှင့်ရင်ဆိုင်ရမှာ ဖြစ်ပါ တယ်။ တောင်သူများအတွက် အထောက်အကူရရှိစေရန် ဆန်စပါးကို အရန်ရိက္ခာဆန်အဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။ လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ကြိတ်ခွဲရာမှာ ဆန်ပိုမို ထွက်ရှိနိုင်ရေးအတွက် ခေတ်မီ ဆန်စက်များ ထူထောင်ရေးကို ပုဂ္ဂလိကကဏ္ဍနဲ့ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ဆန်ပြည်ပ တင်ပို့မှုကို တန်ချိန် ၂ သန်းမှ ၃ သန်းထိ တိုးတက်တင်ပို့သွားနိုင်ရန် ပြုပြင်ပြောင်းလဲမှုများ Reform Strategy များဖြင့် ဆောင်ရွက်သွားလျက်ရှိပါတယ်။ ပဉ္စမကာလတို ၅ နှစ်စီမံကိန်းကာလရဲ့ ဒုတိယနှစ် ဖြစ်တဲ့ ယခု ၂၀၁၂-၂၀၁၃ ခုနှစ်မှာ စပါးကို ဧက ၁၉.၃၁ သန်း စိုက်ပျိုးသွားရန် ရည်မှန်းထားပြီး ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ဧက ၁၉.၄၆ သန်း တိုးတက်စိုက်ပျိုးသွားရန် ရည်မှန်းထားပါတယ်။ စပါးထွက် ရှိမှုမှာလည်း ၂၀၁၂-၂၀၁၃ ခုနှစ်မှာ တင်းသန်းပေါင်း ၁၅၆၅ ကျော်ထွက်ရှိရန် ရည်မှန်းထားပြီး ၂၀၁၅-၂၀၁၆ ခုနှစ်မှာ တင်းသန်းပေါင်း ၁၆၁၃ ကျော်ထွက်ရှိရန် ရည်မှန်းထားပြီး စီးပွားရေးစီမံကိန်း ကိုလည်း အတည်ပြုပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ နိုင်ငံတော်၏ ဆန်စပါးမူဝါဒမှာ မြန်မာနိုင်ငံတွင် နောင်ဖြစ်ပေါ်လာမည့် လူဦးရေသန်း ၁၀၀ ကို စားနပ်ရိက္ခာဖူလုံပြီးသည့်အပြင် ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက် နိုင်ရန် ဆန်စပါးမူဝါဒချမှတ်ထားပါတယ်။ ဤမူဝါဒနှင့်အညီ ဆန်စပါးအထွက်တိုးရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ကြီးဌာနများ၊ ဆန်စပါးနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များ၊ ဆန်စပါးအထူးပြုကုမ္ပဏီများ၊ ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချ လျက်ရှိတဲ့ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် Public, Private, Partnership (PPP) ပုံစံဖြင့် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြပါတယ်။ ဆန်စပါးဟာ ဈေးကွက်ဝယ်လိုအား ကောင်းမွန်ပြီး အလား အလာကောင်းတဲ့ ပို့ကုန်အမယ်ဖြစ်တဲ့အတွက် ပြည်ပပို့ကုန်ဝင်ငွေတိုးတက်ရရှိနိုင်ဖို့ ပို့ကုန်မြှင့်တင် ရေး Export Promotion Policy အရ ဆန်ကို ပြည်ပသို့ တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိသည့် နည်းတူ အခြားတစ်ဖက်မှာလည်း နိုင်ငံတော်အတွင်း စားနပ်ရိက္ခာဖူလုံစေဖို့အတွက် ကုန်သွယ်မှု မူဝါဒနှင့်အညီ ပြည်တွင်းစားသုံးမှုပိုလျှံမှသာ ပြည်ပပို့ကုန်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပို့ ခွင့်ပြုပေးလျက် ရှိပါတယ်။ နိုင်ငံတော်တွင် တောင်သူလယ်သမားများ ဆန်စပါးမှ ဝင်ငွေပိုမိုတိုးတက် ရရှိစေရန် ပြည်တွင်းပြည်ပဈေးကွက်များ ရှာဖွေပြီး အရည်အသွေးကောင်းဆန်များ ရောင်းချနိုင်ရန် လိုအပ်မည် ဖြစ်ပါတယ်။ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် ခေတ်မီဆန်စက်ကြီးများ၏ အခန်းကဏ္ဍမှ အရေးပါ ကြောင်း တွေ့ရှိရပါတယ်။ ယခင်က စပါးကြိတ်ခွဲရာမှာ Stone Roller များကို သုံးစွဲခဲ့သဖြင့် ဆန်ထွက် ရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်းအောက်သာရရှိပြီး ယခု Rubber Roller များဖြင့် ကြိတ်ခွဲခြင်း၊ Colour Sorter များဖြင့် ခွဲခြားခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ဆန်အကျိုးအကြေနည်းခြင်း၊ အထွက်နှုန်း ပိုမိုခြင်းတို့ကြောင့် ဆန်အထွက်ရာခိုင်နှုန်း ၆၀ နှင့်အထက် တိုးတက်ထွက်ရှိလာမည် ဖြစ်ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ဈေးကွက်မှာလည်း အရည်အသွေးကောင်းတဲ့ ဆန်များကို တင်ပို့နိုင်မည်ဖြစ် ကြောင်း သိရှိရပါတယ်။ ယင်းအချက်များအရ ခေတ်မီဆန်စက်များ ပြောင်းလဲခြင်းအားဖြင့် ဆန်အရည် အသွေးနှင့် ဆန်ထုတ်လုပ်မှုကို တိုးတက်ဖြစ်ထွန်းစေမည်ဖြစ်ပြီး နိုင်ငံတော်၏ စားနပ်ရိက္ခာ ဖူလုံမှုအား ကြီးမားသော အထောက်အပံ့ဖြစ်ပေါ်စေမည် ဖြစ်သည့်အတွက် ပုဂ္ဂလိကကဏ္ဍမှ နိုးကြားစွာပါဝင် နိုင်ရေး စည်းရုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယင်းအချက်များအပေါ် အခြေခံပြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ မဟာဗျူဟာမြောက် ဆောင်ရွက် လျက် ရှိကြောင်းတင်ပြအပ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအစိုးရ မြန်မာနိုင်ငံဆန်စပါးအသင်းနှင့် ဗဟို သမဝါယမအသင်းတို့မှ ပြည်တွင်းဈေးကွက်မှာ ဆန်ပြတ်လပ်မှု မဖြစ်ပေါ်စေဘဲ ဖူလုံမှုရရှိစေရေး အတွက် နိုင်ငံတော်အရန်ဆန်အနေနဲ့ မိုးစပါး၊ နွေစပါးများကို တောင်သူလယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူကာ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့နောက် ဆန်စပါးကို ပြည်တွင်းစားသုံးမှု ဖူလုံစေရေးနှင့် ပြည်ပတင်ပို့နိုင်ရေးအတွက်ပါ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ စိုက် ပျိုးထုတ်လုပ်မှုအဆင်ပြေစေရေးအတွက် ဆန်အထူးပြုကုမ္ပဏီများ ဖွဲ့စည်းပြီး သွင်းအားစုများဖြစ်တဲ့ ဓာတ်မြေသြဇာပိုးသတ်ဆေးတို့ကို တောင်သူလယ်သမားများအတွက် ထောက်ပံ့ပေးခြင်း၊ အတိုးနှုန်း သက်သာစွာဖြင့် စိုက်ပျိုးစရိတ်များ ထုတ်ချေးခြင်း၊ အရည်အသွေးမြင့်မားပြီး အထွက်နှုန်းကောင်းတဲ့ မျိုးစပါးတွေကို ထုတ်လုပ်နိုင်ဖို့အတွက် ဆန်အထူးပြုကုမ္ပဏီများနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်း၍ စမ်းသပ်စိုက်ပျိုးထုတ်လုပ်တာတွေကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြား အပ်ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာလည်း တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးထားတဲ့ အထူးအထွက်တိုး စပါးသီးနှံများ စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်ရာမှာ ဆန်စပါးအထူးပြုကုမ္ပဏီများက ဈေးကွက်ခိုင်မာမှုနှင့် ဈေးကွက်အလားအလာအရ တင်း ၁၀၀ လျှင် အာမခံဈေး ကျပ် ၄၀၀၀၀၀ သိန်းဖြင့် ဝယ်ယူရန်နှင့် အထွက်တိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ တင်း ၁၀၀ လျှင် ငွေကျပ် ၂၀၀၀၀၀ နှုန်းဖြင့် ကြိုတင်ငွေများ ထုတ်ချေးလျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ နိုင်ငံတော် အစိုးရ ဘက်မှလည်း တောင်သူများအတွက် တတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။ နိုင်ငံတော် ဘဏ္ဍာငွေမှ ၂၀၁၁ ခုနှစ် မိုးချေးငွေများကို တောင်သူလယ်သမားဦးရေ ၁.၄၂ သန်းအား ချေးငွေ ကျပ်သန်း ၁၇၇၉၃၈.၄၀ ထုတ်ချေးခဲ့ပြီး ဖြစ်ပါတယ်။ တောင်သူလယ်သမားများ၏ စပါးစိုက်ပျိုးစရိတ် အား ယခင်က တစ်ဧက ကျပ် ၂၀၀၀၀ ဖြင့် ချေးပေးခဲ့ရာမှ တောင်သူလယ်သမားများ စိုက်ပျိုးစရိတ် အရင်းအနှီးပိုမိုရရှိစေရန် နိုင်ငံတော်အနေနဲ့ နှစ်ဆတိုးမြှင့်ပြီး ယခု ၂၀၁၂-၂၀၁၃ ခုနှစ်မှာ လယ်သမား စပါးတစ်ဧကလျှင် ကျပ် ၅၀၀၀၀ ထုတ်ချေးနိုင်ရန် စီစဉ်ဆောင်ရွက်ပြီး ထုတ်ချေးလျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံရဲ့ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး ကို ပဉ္စမကာလတို ငါးနှစ်စီမံကိန်းမှာ ရည်မှန်းထားတဲ့ တိုးတက်မှုနှုန်းထက်သုံးဆမျှ တိုးတက်အောင် ဆောင်ရွက်နိုင်မယ်လို့ ရည်မှန်းထားပါတယ်။ ယင်းတိုးတက်ခြင်းမှ ပြည်သူတစ်ဦးချင်းရဲ့ ဝင်ငွေကိုပါ နှစ်ဆသုံးဆအထိ တိုးတက်လာစေနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံရဲ့အဓိက စီးပွားရေးကဏ္ဍကြီးဖြစ်တဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အချိန်တိုအတွင်း ဖြစ်တည်လာစေဖို့ နည်းလမ်းသစ်များ၊ နည်းပညာအသစ်များ ရှာဖွေဆောင်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။