(စ) ဇရပ်ခင်အုပ်စုအတွင်းသို့ စီးဆင်းလာသော အိုင်တုံချောင်းနှင့် တုန်ကန်ချောင်းဆုံအောက်ပိုင်းရှိ သဲသောင်များ၊ ကျွန်းများကို တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ (၂၅.၆.၂၀၁၃)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ဇရပ်ခင်အုပ်စု အတွင်း ဖြတ်ဝင်စီးဆင်းလာသော တုန်ကန်ချောင်းနှင့် အိုင်တုံချောင်းတို့ ဇရပ်ခင်အုပ်စု အောက်တဲစု ကျေးရွာထိပ်တွင်ပေါင်းဆုံ၍ရေများဝဲလည်ကာ သောင်ထွန်းခြင်းကြောင့် ရေများလျှံတက်ကာ ဇရပ်ခင် ရွာဟောင်းကျေးရွာ၊ နံစလေးကျေးရွာ၊ အောက်တဲစုကျေးရွာနှင့် နမ့်မှော်ကျေးရွာအုပ်စု ရွာသာရွာ၊ သစ်တဲရွာ၊ နမ့်မှော်ကျေးရွာ၊ ယင်းတိုက်ကုန်းကျေးရွာအုပ်စုပိုင် ဆေးရိုးခင်၊ ချောက်တစ်ရာ၊ ညောင်ပင်သာကျေးရွာများရှိ တောင်သူများ၏စိုက်ပျိုးသီးနှံများ ရေလွှမ်းမိုးမှုဒဏ်နှစ်စဉ်လိုလိုခံစားရ ပြီး အတိဒုက္ခရောက်ခဲ့ရပါတယ်။ အိုင်တုံချောင်းနှင့် တုန်ကန်ချောင်းဆုံအောက်ပိုင်းရှိ သဲသောင်များ၊ ကျွန်းများကိုတူးဖော်ပေးပြီး ချောင်းရေကိုစစ်တောင်းမြစ်အတွင်းသို့ပို့ဆောင်နိုင်ပါက နှစ်စဉ်လိုလို ပျက်စီးခဲ့ရတဲ့ စိုက်ပျိုးမြေဧက ၃၀၀၀ ကျော်အား ပျက်စီးဆုံးရှုံးမှုမှကာကွယ်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ ဖြစ်ပေါ်နေမှုကို နိုင်ငံတော်ကသိရှိပါသလား။ သိရှိပါလျှင်ကူညီဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါသည်ဟု ၈-၄-၂၀၁၃ ကမေးမြန်းခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ပဲခူးမြို့သို့ ပြည်သူ များနဲ့တွေ့ဆုံပွဲလာရောက်စဉ်ကလည်း ပြည်သူတစ်ဦးမှတင်ပြခဲ့ပါတယ်။ ယခုအခါ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးခဲ့ရာ ထိုချောင်းဆုံမှ စစ်တောင်းမြစ်အထိ ၄ မိုင် ၆ ဖာလုံခန့်တူးဖော်ပေးခဲ့ပြီး ၃၁-၅-၂၀၁၃ တွင် အောင်မြင်စွာပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ထို့အပြင် အိုင်တုံချောင်းအထက်ပိုင်းဖြစ်သော အင်းပတ်လည်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအုပ်စု၊ ယင်းတိုက် ကုန်းကျေးရွာအုပ်စုမှစ၍တူးဖော်ပေးခဲ့သည့်အတွက် ထိုအရပ်ဒေသမှလယ်မြေများ ရေကြီးရေလျှံဖြစ် ခြင်းဒုက္ခမှကင်းလွတ်ခဲ့ပြီးဖြစ်ရာ ဒေသခံတောင်သူလယ်သမားများ စပါးများကိုစိတ်ချစွာစိုက်ပျိုး နိုင်ပြီဖြစ်တဲ့အတွက် လွန်စွာမှဝမ်းမြောက်ဝမ်းသာရှိနေကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကို အထူးပင်ကျေးဇူးတင်ရှိနေပါကြောင်း ပြောကြားခဲ့ပါသည်။