(င)-လယ်ယာမြေများတွင် အမှန်တကယ်လိုအပ်၍ သုံးစွဲရန်နှင့် သုံးစွဲလျက်ရှိသော မြေများအား အသုံးပြုရန်(လန-၃၉) လျှောက်ထားရရှိနိုင်မှု နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ (၂၅.၆.၂၀၁၃)

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့ တွင် ပေါက်မြို့မှ ပခုက္ကူ၊ ဆိပ်ဖြူမြို့များအထက် ပေါက်မြို့နှင့် အင်းတော်ကျေးရွာကြား ကားလမ်း ဘေးဝဲ/ယာများရှိ ယာမြေများပေါ်မှာ လွန်ခဲ့သော ၅ နှစ်ကျော်ခန့်ကစပြီး မြို့လူဦးရေတိုးပွားလာခြင်း ကြောင့်တစ်မျိုး၊ မြို့ပေါ်ရှိအိမ်ဝိုင်းမြေများကို ရေဘေးအန္တရာယ်ကျရောက်ခဲ့ခြင်းကြောင့် အဆိုပါကား လမ်းဘေးဝဲ/ယာရှိ ယာမြေများပေါ်မှာ ရွှေ့ပြောင်းနေထိုင်မှုများပြုကာ စားဝတ်နေရေးအတွက် စားသောက်ဆိုင်၊ ဈေးဆိုင်နှင့် အလုပ်ရုံများအပါအဝင် ဝိုင်းကွက်ပေါင်းများစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်နေကြပါတယ်။ အဆိုပါနေထိုင်ကြသူများက ၎င်းတို့နေထိုင်တဲ့ ယာမြေ၊ ဝိုင်းမြေများကို တရားဝင်ဝိုင်းမြေများအဖြစ် ပြောင်းလဲလိုသောကြောင့် အဆိုပါယာမြေများကိုဥပဒေနှင့်အညီ လယ်ယာမြေကိုအခြားနည်းဖြင့် အသုံးပြုခွင့်ဖြစ်သည့် (လန-၃၉) ယခုအခေါ်  (လန-၃၀) ရရှိရန် လျှောက်ထားလိုသောဆန္ဒများရှိနေကြပါတယ်။ ဒါကြောင့် မိမိအနေဖြင့် ဒေသခံပြည်သူများကိုယ်စား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင်‌့မေးမြန်းလိုသည်မှာ လယ်ယာမြေများပေါ်တွင် အမှန်တကယ်လိုအပ်၍ လယ်ယာမြေကိုအခြားနည်းဖြင့်အသုံးပြုရန်၊ အသုံးပြုဆဲ၊ အသုံးပြုပြီးဖြစ်သောမြေများကို လယ်ယာ မြေကိုအခြားနည်းဖြင့် အသုံးပြုခွင့် (လန-၃၉) ယခုအခေါ် (လန-၃၀) လျှောက်ထားခွင့်ရှိ/မရှိ။ လျှောက်ထားခွင့်ရှိပါကမည်သို့ဆောင်ရွက်ရ၍ မည်မျှကုန်ကျမည်နည်း။ လျှောက်ထားခွင့်မရှိပါက အဘယ်ကြောင့်မရှိသည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃၉ ဆိုသည်မှာ ယခင် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၉ တွင် ဤဥပဒေပါပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော်သမ္မတသည် သို့တည်းမဟုတ် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက ခန့်အပ်သောအာဏာပိုင်သည် လိုအပ်သည်ဟုထင်မြင် ယူဆလျှင် မည်သည့်လယ်ယာမြေကိုမဆို မိမိသတ်မှတ်သည့်နည်းလမ်းအတိုင်း အသုံးချရန် ဆင့်ဆိုနိုင် သည်ဟုပြဋ္ဌာန်းထားရှိသဖြင့် လယ်ယာမြေများအား စိုက်ပျိုးမှုမှအပ အခြားလုပ်ငန်းများ ဆောင်ရွက် ခွင့်ရရှိစေရန်လျှောက်ထား ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ယခုအတည်ပြုပြဋ္ဌာန်းပြီးဖြစ်တဲ့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၄၃ (က) အရ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေအရလည်းကောင်း၊ လယ်ယာမြေနည်းဥပဒေပုဒ်မ ၁၁၇(က)အရ ၁၉၅၄ ခုနှစ် လယ်ယာ မြေနိုင်ငံပိုင်ပြုလုပ်ရေးနည်းဥပဒေများကိုလည်းကောင်း ရုပ်သိမ်းခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေတွင် လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုရန်ကိစ္စများနှင့်စပ်လျဉ်း၍ လယ်ယာ မြေ ဥပဒေအခန်း(၁၀)၊ လယ်ယာမြေကိုအသုံးချရေးမှာ အောက်ပါအတိုင်းပြဋ္ဌာန်းထားရှိပါတယ်-

ပုဒ်မ ၂၉။        နိုင်ငံတော်၏ ရေရှည်အမျိုးသားအကျိုးစီးပွားအလို့ငှာ စီမံကိန်းလုပ်ငန်းကြီး များအတွက် လယ်ယာမြေကိုအခြားနည်းဖြင့်အသုံးပြုရန် သက်ဆိုင်ရာစီမံကိန်းအကောင်အထည်ဖော် မည့် ဝန်ကြီးဌာနသည် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏သဘောထားမှတ်ချက်ရယူပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့်ဆောင်ရွက်နိုင်သည်။

ပုဒ်မ ၃၀။ အများပြည်သူအကျိုးငှာ လယ်ယာမြေကိုအခြားနည်းဖြင့်အသုံးပြုရန် လျှောက်ထား ခြင်းနှင့်ပတ်သက်၍ (က) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေကိုအခြားနည်းဖြင့် အသုံးပြု နိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက် ဖြင့် ခွင့်ပြုနိုင်သည်။ (ခ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် လယ်မြေမှ တစ်ပါး လယ်ယာမြေကိုအခြားနည်းဖြင့်အသုံးပြုနိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏စိစစ်ထောက်ခံချက်ဖြင့်ခွင့်ပြုနိုင်သည်။

လယ်ယာမြေနည်းဥပဒေ ၈၂ မှာ လယ်ယာမြေကိုအခြားနည်းအသုံးပြုခွင့်ရရှိလိုသူသည် လယ်ယာမြေကို အခြားနည်းဖြင်‌့အသုံးပြုခွင့်လျှောက်လွှာ(ပုံစံ-၁၄)ဖြင့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံး သို့ လျှောက်ထားရမည်ဟုပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။ လယ်ယာမြေကိုအခြားနည်းဖြင့်အသုံးပြုရန် လျှောက်ထားသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသုံးပြုလိုသည့်နည်းလမ်းအလိုက် အမှုတွဲများဖွင့်လှစ် ခြင်း၊ စုံစမ်းစစ်ဆေးဆောင်ရွက်ခြင်းနည်းလမ်းများကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ၁၆-၅-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၁၂/လရ-၅/(၀၁၇/၂၀၁၃)ဖြင့် တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များသို့ အသေးစိတ်ညွှန်ကြားခဲ့ပြီးဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်ပတ်သက်ပြီးတော့ မကွေးတိုင်းဒေသကြီး၊ ပေါက် မြို့နယ်အတွင်း ပေါက်မြို့နှင့် အင်းတောရွာအကြား ပေါက်မြို့မှ ဆိပ်ဖြူမြို့သို့သွားသော ကားလမ်း ဘေးဝဲ/ယာရှိ ကွင်းအမှတ်(၁၆၀၁)၊ ဦးပိုင်ပေါင်း ၁၅ ခု၊ ယာမြေဧရိယာ ၉.၈၈ ဧကမှာ လူနေအိမ်များ၊ စားသောက်ဆိုင်၊ ဓာတ်ဆီဆိုင်၊ စိမ်းစိုစိုက်ပျိုးရေးခြံနှင့် ဝန်ထမ်းပေါင်းစုံ စိုက်ပျိုးမွေးမြူရေးခြံအဖြစ် ၂၀၀၈ ခုနှစ်မှစ၍ အသီးသီးနေထိုင်အသုံးပြုဆောင်ရွက်လျက်ရှိပါတယ်။

လယ်ယာမြေအခြားနည်းသုံး လျှောက်ထားခြင်းနှင့်ပတ်သက်၍ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားခွင့်ရှိပြီး လယ်ယာမြေကိုအခြားနည်းဖြင့်အသုံးပြုခွင့် ခွင့်ပြုမိန့် ရရှိပြီးမှသာ ခွင့်ပြုသည့်ဧရိယာအတွင်း ခွင့်ပြုသတ်မှတ်သည့်နည်းလမ်းအတိုင်း အသုံးချရမည်ဖြစ်ပါ တယ်။ လယ်ယာမြေကိုအခြားနည်းဖြင့်အသုံးပြုရန် လျှောက်ထားမှုနှင့်စပ်လျဉ်းပြီး လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ အသေးစိတ်ပြဋ္ဌာန်းဖော်ပြထားပြီးဖြစ်သည့်အတွက် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ များနှင့် ညီညွတ်စွာလိုက်နာဆောင်ရွက်လျှောက်ထားရန်  လိုအပ်မည်ဖြစ်ပါတယ်။ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားရာမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရသောလုပ်ငန်းများနှင့်ပတ်သက်၍ ငွေကြေးတစ်စုံတစ်ရာပေးဆောင်ရန် မလိုအပ် ကြောင်းနှင့် လယ်မြေကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှစိစစ်ခွင့်ပြုပြီး လယ်မြေမှတစ်ပါး လယ်ယာ မြေကိုအခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့က စိစစ်ခွင့်ပြုထုတ်ပေးသွားမှာဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားတဲ့မေးခွန်းများနှင့်ပတ်သက်ပြီး လယ်ယာမြေကိုအခြားနည်းအသုံးပြုလိုသူများအနေဖြင့် အတည်ပြုပြဋ္ဌာန်းပြီးတဲ့ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်ညီညွတ်စွာ လိုက်နာဆောင်ရွက်လျှောက်ထားသင့်ပါကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၄၈ အရ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်တဲ့  တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်၍ တိုင်းဒေသအတွင်းဖြစ်ပေါ် လျက်ရှိတဲ့ မြေပြင်အခြေအနေများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏စိစစ်တင်ပြချက်အပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်စွာဖြင့် စိစစ်ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။