လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုက်ရိုက်ဆက်စပ်နေတဲ့ အချက်အလက်များကို တင်ပြလိုပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနဲ့ ဆက်စပ်နေတဲ့ အချက်များမှာ မြန်မာတောင်သူလယ်သမားများသည် အရှုံးနှင့်ရင်ဆိုင်နေရသည့်တိုင် ဘဝပေးလူမှု စီးပွားရေးအွခေအနေအရ လယ်ယာစိုက်ပျိုးမှုကို ဆက်လက်လုပ်ကိုင်နေရခြင်း၊ တစ်တင်းပေါက်ဈေး သည် မြန်မာ့လယ်ယာတွင် ထိုင်း၊ ဗီယက်နမ်ထက် နိမ့်၍စပါးဈေးများရရှိနေခြင်း၊ (၂) လယ်ယာ စီးပွားမှ ပြန်လည်ရရှိသော အကျိုးအမြတ်နည်းပါး၍ စိုက်ပျိုးရေးဘက်တွင် မိသားစုလယ်ယာစနစ်ကို ပိုမို၍ အားပေးသင့်ခြင်း၊ ဥပမာ တစ်ဧကကို တင်း ၂၀၀၀၀၊ ၂၀၀၀၀ ကနေ ၄၀၀၀၀၊ ၄၀၀၀၀ ကနေ ၅၀၀၀၀ အထိ ပေးလာတဲ့အခါမှာ စိုက်ပျိုးစရိတ်ချေးငွေများ နှစ်စဉ် တိုးတိုးပေးလာတဲ့အတွက်ကြောင့် မို့လို့လည်း တောင်သူလယ်သမားများက အထူးပင်ကျေးဇူးတင်လျက် ရှိပါတယ်။ ထို့အတွက်ကြောင့် လည်းပဲ စိုက်ပျိုးစရိတ် ကာမိစေရန်အတွက် ချေးငွေများကို ပိုမိုပြီးတော့ ချေးပေးနိုင်ရန်နှင့် ချေးငှားရာ တွင်လည်း ဧက ၂၀ အထိ ချေးနိုင်ရန်အတွက် တင်ပြလိုပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါး များပေးဝေနေခြင်းတို့မှာ မလောက်ငှရုံမက နှစ်အလိုက် ဖြန့်ဝေနိုင်မှု လျော့နည်းကျဆင်းစေပါတယ်။ အထူးသဖြင့် ဒေသခံမျိုးရင်း မျိုးစပါးတို့သည်သာ စပါးအထွက်ကို အာမခံနိုင်သဖြင့် ရာသီဒဏ်ခံ နိုင်ခြင်းကို ရှေးရှု၍ ဖြန့်ဝေပေးစေလိုခြင်း၊ (၄) လယ်ယာ သွင်းအားစုဖြစ်သော မျိုး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ဆည်ရေသောက်ဒေသတို့တွင် စိုက်ပျိုးရေပုံမှန်ရရှိရေးစသည့် ပံ့ပိုးမှုများကို ထိရောက်စွာ ဖြန့်ဝေပေးဆောင်နိုင်ခြင်းဖြင့် တောင်သူလယ်သမားတို့၏ ဘဝတိုးတက်ရေးအတွက် မည်ကဲ့သို့ ထိရောက်စွာ အကောင်အထည်ဖော်ပေးနိုင်မည်ကို သိလိုသည့်အတွက် မေးမြန်းပါသည်။
မြန်မာနိုင်ငံမှာ စပါးလက်ရှိရောင်းဈေးနှုန်းများသည် ဒေသအလိုက် လမ်းပန်း ဆက်သွယ်ရေးအပေါ် မူတည်ပြီး တစ်နေရာနဲ့ တစ်နေရာဈေးနှုန်း ကွာခြားလျက်ရှိပါတယ်။ ထိုင်းနိုင်ငံ နှင့်ဗီယက်နမ်နိုင်ငံတို့သည် နိုင်ငံတကာ ဆန်စပါးဈေးကွက်တွင် အတော်အတန် နေရာရရှိနေပြီ ဖြစ်သည့်အတွက် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါတယ်။ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပပို့ကုန်သီးနှံ ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ ကုန်သည်ကြီးများ ဝယ်ယူသည့် အခါ ဈေးကောင်းရပြီး ကျန်အချိန်များတွင် စပါးသီးနှံဈေးနှုန်းအေးနေတတ်ပါတယ်။ မိမိတို့နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံများ နည်းတူ ဆန်ဈေးနှုန်းကောင်းရရှိရေးအတွက် Quality Rice များ ထုတ်လုပ်တင်ပို့နိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍမှာ အရင်းအနှီးနည်းပါးတဲ့ တောင်သူများ များပြားတဲ့ အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များပါဝင် ရင်းနှီးမြှုပ်နှံဆောင်ရွက်လာမှသာ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီအတွက်လည်း နိုင်ငံတော်မှ စည်းရုံးဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် ပုဂ္ဂလိကကုမ္ပဏီများ၊လုပ်ငန်းရှင်များ၊ ဒေသအလိုက် သီးနှံအထူးပြုကုမ္ပဏီများ ထူထောင်ပြီး တောင်သူများနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာ တစ်ကွင်းတည်း တစ်စပ်တည်း စိုက်ပျိုးထားတဲ့ အထူးအထွက်တိုး စပါးသီးနှံများ စိုက်ပျိုးထုတ်လုပ် ဆောင်ရွက်ရာမှာ ဆန်စပါး အထူးပြုကုမ္ပဏီများက ဈေးကွက်ခိုင်မာမှုနှင့် ဈေးကွက် အလားအလာအရ တင်း ၁၀၀ လျှင် အာမခံဈေး ကျပ် ၄ သိန်းနှုန်းနှင့် ဝယ်ယူရန်နှင့် အထွက်တိုး စပါးစိုက်ပျိုးတဲ့ တောင်သူများသို့ တင်း ၁၀၀ လျှင် ငွေကျပ် ၂ သိန်းနှုန်းနဲ့ ကြိုတင်ငွေများ ထုတ်ချေးသည့် အစီအစဉ်များဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှ အင်တိုက်အားတိုက်ပါဝင် ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်အစိုးရဘက်မှလည်း တောင်သူလယ်သမားများ၏ စပါးစိုက်ပျိုး စရိတ်အား ယခင်က တစ်ဧက ကျပ် ၂၀၀၀၀ နှုန်းဖြင့် ချေးပေးခဲ့ရာ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် စပါး တစ်ဧက ကျပ် ၅၀၀၀၀ နှုန်း ထုတ်ချေးနိုင်ရန် စီစဉ်ပြီး ထုတ်ချေးလျက်ရှိပါတယ်။ တောင်သူ လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များကို တိုးမြှင့်ကူညီပံ့ပိုးပေးလျက် ရှိပါတယ်။ စိုက်ပျိုးစရိတ်ထုတ်ချေးရာမှာ ပြန်ဆပ်နိုင်မည့် အနေအထားကိုလည်း စဉ်းစားပြီး နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှု မရှိစေရန် ချိန်ဆ ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဟာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက တာဝန်ကြီးသုံးရပ်ဖြစ်တဲ့ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ရေးတာဝန်၊ တောင်သူလယ်သမားများ ခေတ်မီစိုက်ပျိုးရေးနည်းပညာများ ရရှိအသုံးပြုနိုင်စေရေး လေ့ကျင့်ပညာ ပေးရေးတာဝန်၊ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်တဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်ပေးနိုင်ရန်နှင့် သိပ္ပံနည်းကျ စိုက်ပျိုး နည်းစနစ်များ သုတေသနပြုလုပ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက် ရေးတာဝန်တို့ကို စဉ်ဆက်မပြတ် ကြံစည် အားထုတ်ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။ ယင်းတာဝန်ကြီးသုံးရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ သီးနှံများအထွက် တိုးရေး၊ ထွက်ရှိလာသောသီးနှံများ ဈေးကွက် ခိုင်မာရေး၊ စိုက်ပျိုးထုတ်လုပ်သူများ တွက်ခြေကိုက်ရေး တို့အတွက် ထုတ်လုပ်တဲ့သီးနှံများ၏ အရည်အသွေး မြင့်မားရန် လိုအပ်သည်ဖြစ်ရာ မျိုးကောင်း မျိုးသန့်များ အသုံးပြုစိုက်ပျိုးခြင်း (Seed Jump)၊ ခေတ်မီ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ လိုက်နာကျင့်သုံးဆောင်ရွက်ခြင်း (Technology Jump)၊ သွင်းအားစု (Fertilizers) များ လုံလောက်စွာ အသုံးပြုစိုက်ပျိုးထုတ်လုပ်ခြင်း (Fertilizer Jump)၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ခြင်း (Investment Jump) တို့ကို အပြည့်အဝ ကျင့်သုံးလာနိုင်စေရန် စီမံဆောင်ရွက်လျက် ရှိပါတယ်။ မျိုးကောင်းမျိုးသန့် မျိုးစေ့များအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း စပ်မျိုးစေ့များကို ထုတ်လုပ်ပြီး မျိုးစေ့အရည်အသွေး မြင့်မားရေးကိုလည်း စတင်ဆောင်ရွက်လျက်ရှိပါတယ်။
ထို့အပြင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာမှာ လက်ရှိဆန်စက်များ၏ ကြိတ်ခွဲနိုင်မှု အရည်အသွေး အရ ဆန်ထွက် ၄၀ ရာခိုင်နှုန်းခန့်သာရှိသဖြင့် ခေတ်မီဆန်စက်ကြီးများဖြင့် ကြိတ်ခွဲနိုင်ပါက ဆန်ထွက်ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရရှိလာနိုင်တဲ့အပြင် ဆန်အရည်အသွေး ပိုမို ကောင်းမွန်လာမည်ဖြစ်၍ အရည်အသွေး ကောင်းမျိုးများကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ဆန်အရည် အသွေးမြင့်မားပြီး ဈေးကောင်းရရှိနိုင်မည်ဖြစ်၍ စိုက်ပျိုးသူတောင်သူများအတွက် ဝင်ငွေလည်း ပိုမိုတွက်ခြေကိုက်မည်ဖြစ်ပါတယ်။ ခေတ်မီဆန်စက်ကြီးများ တည်ဆောက်နိုင်ရေးကိုလည်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာမှာ ရေွမေဒေသကို လိုက်ပြီးတော့ သင့်တော်တဲ့ လယ်စပါး၊ တောင်ယာစပါး၊ ရေငတ်ခံစပါး၊ ရေမြုပ်ခံစပါး၊ ရေနက်စပါး၊ ဆားငန်ခံစပါး၊ အရည်အသွေးကောင်းစပါး၊ ဘက်တီးရီးယားရွက်ခြောက်နှင့် ဂုတ်ကျိုးရောဂါခံနိုင်ရည်ရှိ စပါးစသည့် စပါးမျိုးကောင်းမျိုးသန့်များ မွေးမြူထုတ်လုပ်ကာ သုတေသနလုပ်ငန်းရပ်များကို ကဏ္ဍပိုင်းခြားပြီး အလေးထားဆောင်ရွက်လျက် ရှိပါတယ်။ မျိုးစေ့ပွားများရေး အစီအစဉ်တွင် စပါးကဲ့သို့ ပင်ထီးဝတ်မှုန်ကူး မျိုးချန်လို့ရတဲ့ Pollentive Open Variety သီးနှံပင်များဖြစ်တဲ့ မိဘမျိုးစေ့၊ ဆင့်ပွားမျိုးစေ့၊ မျိုးသန့်မျိုးပွားမျိုးစေ့နှင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ဟူ၍ Seed Flow ကို အဆင့် ၄ ဆင့်သတ်မှတ်ပြီး မွေးမြူထုတ်လုပ်ပေးလျက်ရှိပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ် မိုးရာသီမှာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မိဘမျိုး ၂၆ မျိုး၊ မျိုးစေ့ ၁၄၁ တင်းကို အသုံးပြုပြီး ဆင့်ပွားမျိုးစေ့ ၈၃၅၀ တင်း၊ မျိုးသန့်မျိုးစေ့ တင်း ၁.၄ သိန်းခန့်နှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ တင်း ၃.၆ သိန်း နီးပါးတိုးမြှင့်ထုတ်လုပ်ပေးလျက် ရှိပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ဒေသရေွမေသဘာဝနှင့် ကိုက်ညီတဲ့ ဒေသခံ မျိုးရင်းများဖြစ်တဲ့ ပေါ်ဆန်း၊ ပေါ်ဆန်းဘေးကြား၊ ဧရာမင်း၊ နှံကားစတဲ့ အရည်အသွေးကောင်း မျိုးစပါးကိုလည်း နှစ်စဉ် သွေးသစ် လောင်းစိုက်ပျိုးနိုင်ရန် မျိုးသန့်အစီအစဉ်မှာ ထည့်သွင်း၍ မွေးမြူပွားများလျက်ရှိပါတယ်။ မျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်း စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်တဲ့ နည်းပညာနှင့် ပံ့ပိုးပစ္စည်းများကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ရဲ့ ထောက်ပံ့ကူညီမှုနဲ့လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါ တယ်။ ပုလဲသွယ်စပ်မျိုးစပါးအနေနဲ့ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ စပ်မျိုးစပါးမျိုးစေ့ပေါင်း ၅၆၈၅၃၃ ကီလို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ယင်းမျိုးစေ့များဖြင့် ၂၀၁၂-၂၀၁၃ ခုနှစ် ယခု မိုးစပါးစိုက်တဲ့အချိန်မှာ ဧက ၈၀၀၀၀ ကျော်အတွက် မျိုးဖြန့်ဖြူးပေးရန် စီမံဖြန့်ဖြူးဆောင်ရွက်လျက်ရှိပါတယ်။ သွင်းအားစု ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများနဲ့ ပတ်သက်လို့ ဈေးကွက်စီးပွားရေးစနစ်အရ ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းဖြန့်ဖြူးခြင်းကို ဆောင်ရွက်လျက်ရှိပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်ွမောင်းဝန်ကြီးဌာန အနေနဲ့ ဓာတ်ွမေသြဇာများ၏ အရည်အသွေးသတ်မှတ်ချက်များ ကိုက်ညီမှု ရှိ၊မရှိ ဓာတ်ခွဲ စစ်ဆေးခြင်း၊ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းလိုင်စင်များချထားပေးခြင်းတို့ကို နိုင်ငံတော်မှ ပြဋ္ဌာန်းပေးထားပြီးဖြစ်တဲ့ မြေသြဇာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိပြီး တောင်သူလယ်သမားများရဲ့အကျိုးကို ရှေးရှု ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
