(က) ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ ပေးပို့ထား သောဥပဒေကြမ်းများ မည်၍မည်မျှရှိပါသလဲ။ (ခ) ယင်းဥပဒေကြမ်းအနက် နှစ်နှင့်ချီ၍ ကြန့်ကြာ နေသော ဥပဒေကြမ်းအမည်များကို ထုတ်ပြန်ပေးရန် အစီအစဉ်ရှိပါသလား။ (ဂ) အစီအစဉ်မရှိပါက အဘယ်ကြောင့်နည်း သိရှိလိုသည့်အတွက် မေးမြန်းပါသည်။
ဥပဒေမူကြမ်းများ စိစစ်ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ပေးပို့လာတဲ့ ဥပဒေကြမ်း အရေအတွက်များ နှင့်စပ်လျဉ်း၍လည်းကောင်း၊ မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်ရဲ့မေးခွန်းကို ဖြေကြားရာမှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းခဲ့တဲ့ ဥပဒေကြမ်းတွေအနက်မှာ နှစ်နဲ့ချီပြီးတော့ ကြန့်ကြာ နေတဲ့ ဥပဒေကြမ်းတွေ ရုံးမှာ မရှိတော့ပါဘူး။ မရှိတဲ့အတွက်ကြောင့် ဒီဟာဖော်ပြဖို့ မရှိပါကြောင်း တင်ပြအပ်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ ဥပဒေမူကြမ်းများသာမက သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနက ပေးပို့တဲ့ နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် လုပ်ထုံး လုပ်နည်းမူကြမ်းတွေကိုလည်း နှောင့်နှေးခြင်းမရှိအောင် စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ချက်တွေကိုလည်း လစဉ်စာရင်းတွေပြုစုပြီးတော့ သုံးသပ်ဆောင်ရွက်လျက် ရှိပါတယ်။ ဥပဒေတစ်ရပ်ကို ရေးဆွဲတဲ့နေရာမှာ ဥပဒေရေးဆွဲတဲ့ သူတွေအနေနဲ့ ဒီဥပဒေအရ ဖြေရှင်းဆောင်ရွက် ပေးရမယ့်ကိစ္စတွေကို ကောင်းစွာနားလည်ပြီးတော့ ဥပဒေမှာပါရှိတဲ့ အကြောင်းအရာတွေနဲ့ စပ်လျဉ်း၍ အနာဂတ်မှာ ဘယ်လိုကိစ္စတွေ ပေါ်ပေါက်လာနိုင်တယ်။ ဒီလိုပေါ်ပေါက်လာနိုင်တဲ့ ကိစ္စရပ်တွေကို ဘယ်လိုပြေလည်အောင် ဆောင်ရွက်မယ်ဆိုတာတွေကို မျှော်မှန်းပြီးတော့ ကျယ်ပြန့်စွာ လေ့လာသုံးသပ် ရေးဆွဲရန်လိုအပ်ကြောင်းကို Legal Maxim လည်းရှိပါတယ်။ The voice of the Legislatures themselves is like a living voice. That is, the provision of statue are to be understood and interpreted as practical rules for real circumstances ဆိုတဲ့မူကိုလည်း လိုက်နာကျင့်သုံးဖို့ လိုအပ်ပါကြောင်း ဖော်ပြအပ်ပါတယ်။ ဥပဒေတစ်ရပ်ဟာ အချိန်ရဲ့ စမ်းသပ်မှုနှင့် အခြေအနေရဲ့ စမ်းသပ်မှုတို့ကိုခံနိုင်မှသာလျှင် အာနိသင်ထက်တဲ့ ဥပဒေကောင်းတစ်ရပ် ဖြစ်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ဥပဒေမူကြမ်းများ ကို စိစစ်အကြံပြုတဲ့နေရာမှာ ကြာသင့်သည် ထက် ပိုမိုမကြာစေရန်နှင့် ပြည့်ပြည့်စုံစုံ အကြံပြု ပြန်ကြား နိုင်ဖို့အတွက် အစဉ်တစိုက် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။ ။ပြည်သူ့လွှတ်တော် နည်းဥပဒေ ၁၁၆ နည်းဥပဒေခွဲ(ဃ) အရ ရှေ့နေချုပ်ရုံးကို ကျွန်တော့်မေးခွန်းနဲ့ တစ်ဆက်တစ်စပ်တည်း မေးခွန်းမေးမြန်း ခွင့်ပြုပါ။ ရှေ့နေချုပ်ရုံးက နှစ်နဲ့ချီကြန့်ကြာနေတဲ့ဥပဒေ ကြမ်းများ ရှေ့နေချုပ်ရုံးမှာ မရှိတော့ဘူးလို့ ဖြေကြားတဲ့အတွက် အင်မတန်မှ ကျွန်တော်တို့ ဝမ်းသာရပါတယ်။ ဒါပေမယ့် ဒီလွှတ်တော်မှာ ဒုတိယအကြိမ်ကတည်းက ကျွန်တော်တို့ ပြုစုသင့်တယ်လို့ တင်ပြတဲ့ မီဒီယာဥပဒေကြမ်းဆိုရင် ရှေ့နေချုပ်ရုံးကို ပေးပို့ထားပါတယ်။ ရှေ့နေချုပ်ရုံးကို ပေးပို့ထားပါတယ် ဆိုတဲ့အဖြေပဲ ကျွန်တော်တို့ ရခဲ့ပါတယ်။ အဲဒါကြောင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တစ်ဆက်တည်း မေးချင်တဲ့မေးခွန်းကတော့ မီဒီယာဥပဒေကြမ်းက ရှေ့နေချုပ်ရုံးမှာပဲ ရှိနေပါသလား သို့မဟုတ် ရှေ့နေချုပ်ရုံးကနေ ပြည်ထောင်စုဝန်ကြီးဌာနသို့ ပေးပို့ထားသလား ဆိုတာလေးကို ဒုတိယရှေ့နေချုပ် အနေနဲ့ ဖြေပေးပါလို့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကျွန်တော် တင်ပြပါတယ်။
ဥက္ကဋ္ဌ။ ။ ဒါကြောင့် နည်းဥပဒေ ၁၁၆ အရ ပြန်လည်မေးမြန်းမှုနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဖြေကြားနိုင်ရင် ဖြေကြားပေးပါ။
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး ။ ။ လွှတ်တော် ကိုယ်စားလှယ်ကြီး မေးခွန်းများအနက် ရှေးဦးစွာ ဖြေကြားရရင်တော့ Media Law ကတော့ သက်ဆိုင်ရာဝန်ကြီးဌာနကို ကျွန်တော်တို့ စိစစ်ပြီးတော့ ပြန်ပို့ထားပြီးတဲ့ အခြေအနေဖြစ်ပါတယ်။ ခုနက ကျွန်တော် တင်ပြသလိုပါပဲ။ ကျွန်တော်တို့ ရုံးမှာက အမှန်တကယ်လည်း အခု နှစ်ချီပြီးတော့ ကြာတဲ့ ဥပဒေတွေ မရှိတော့ပါဘူး။ ကျွန်တော်တို့ ဒါတွေကို လည်း အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာပြီးတဲ့ အချိန်နောက်ပိုင်းမှာကို ဒီလို ကြာတဲ့ဥပဒေတွေကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်တချို့ ဘယ်လိုမှ မပြတ်နိုင်တဲ့ ဥပဒေတွေကို ဌာနဆိုင်ရာတွေနဲ့ ပြန်လည်ပြီးတော့ ဖြည့်စွက်ရမယ့်၊ ပြန်လည်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေ ဆိုရင် ကျွန်တော်တို့ ပြန်လည်ပြီးတော့ ဌာနဆိုင်ရာကို၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေကို ပြန်လည်ပြီးတော့ ဒါလေးတွေဖြည့်စွက်ပြီးတော့ ဒါ ရှင်းလင်းပြီးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ဆီမှာ ခုနက နှစ်နဲ့ချီပြီးတော့ အများကြီးကြာ နေတဲ့ဥပဒေဆိုတာ မရှိတော့ပါဘူး။ ကျွန်တော်တို့ ခုနက လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးအေးမောက် မေးခွန်းမှာဖြေကြားခဲ့သလို ကျွန်တော်တို့ရုံးမှာလက်ရှိ ခုနက ဥပဒေကြမ်းအားလုံးပေါင်း ၄၂ ခုပဲ ရှိပါတယ်။ ဒီ ၄၂ ခုကလည်း ခုနကဆောင်ရွက် ဒီလပိုင်းအတွင်းမှာပဲ ရောက်ရှိတဲ့ လွှတ်တော် ပေါ်ပေါက်ပြီး နောက်ပိုင်း ရောက်ရှိလာတဲ့ဥပဒေတွေဖြစ်ကြောင်း ကျွန်တော် ရှင်းလင်းတင်ပြလိုပါ တယ်။ အဲဒီ Media Law နဲ့ပတ်သက်ပြီး ဒါကျွန်တော်တို့ ပြန်ပို့ပြီး နောက်ဆုံးအခြေအနေ သိရတာကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေပြီးတော့ စာနယ်ဇင်းတို့ကို ဖိတ်ကြားပြီးတော့ ဒီ Law နဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းဖို့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနက ဆောင်ရွက်နေတယ်လို့ လည်းသိရှိ ရပါတယ်။ ကျွန်တော်တို့ရုံးကိုလည်း စာနယ်ဇင်းအဖွဲ့တွေနဲ့ ရှင်းလင်းတဲ့အခါမှာ ကူညီ ဆောင်ရွက်ပေးဖို့ ဆိုပြီးတော့ အကြောင်းကြားထားတာ ရှိပါတယ်ဆိုတဲ့အကြောင်း ရှင်းလင်းဖြေကြားပါသည်။
