ပေါက်ခေါင်းမြို့နယ်အတွင်းမှာ ပင်မကျန်းမာရေးဌာနအနက် ဌာနခွဲများတွင် ရေလိုအပ်နေပါသဖြင့် သောက်သုံးရေသန့်ရရှိရေးအတွက် ဆောင်ရွက်ပေးနိုြင်ခင်း ရှိ၊ မရှိမေးခွန်း ဖြစ်ပါတယ်။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ပေါက်ခေါင်းမြို့နယ်မှာရှိတဲ့ ကျေးလက်ကျန်းမာ ရေးဆေးခန်းများကို ကျွန်တော် ဆက်လက်ပြီးတော့ဖော်ပြပါမယ်။ ပေါက်ခေါင်းမြို့နယ်မှာ တောင်လယ် အုပ်စု တောင်လယ်ပင်မ ကျန်းမာရေးဌာန၊ ပဲခူးအုပ်စု ဖလန်ပင်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ တောင် ရွှေလောင်းအုပ်စု အလယ်ရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အရှေ့မဂွေးအုပ်စု အရှေ့မဂွေး ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ညောင်တုန်း အုပ်စု ပေါ်လန်နီးကျေးလက်ကျန်းမာရေးဌာနခွဲ၊ ငခူပိုင် အုပ်စု အောင်မြင်ကုန်းကျေးလက်ကျန်းမာရေးဌာနခွဲ၊ ထန်းတပင်အုပ်စု ထန်းတပင်ကျေးလက် ကျန်းမာရေးဌာနခွဲ၊ ဓမသော်အုပ်စု ဓမသော်ကျေးလက်ကျန်းမာရေး ဌာနခွဲ၊ မြောက်လက်ကြီးအုပ်စု မြောက်မကွေ့ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ရထောင်အုပ်စု အုန်းရှစ်ကုန်း ကျေးလက်ကျန်းမာရေး ဌာနခွဲ၊ ကန်ကျဉ်းအုပ်စု ကန်ကျဉ်း ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဆင်ကောင်းအုပ်စု သစ်ငုတ်တို ကျေးလက်ကျန်းမာရေးဌာနခွဲ၊ လေသာတောင်ကြီးအုပ်စု လေသာတောင်ကြီး ကျေးလက် ကျန်းမာရေး ဌာနခွဲ၊ ညောင်ကုန်းအုပ်စု ညောင်ကုန်း ကျေးလက်ကျန်းမာရေးဌာနခွဲ၊ မြို့တောင်အုပ်စု မြို့တောင် ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဆူပုတ်ကုန်းအုပ်စု ဆူပုတ်ကုန်း ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ကောင်းစည် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် သောက်သုံးရေသန့်ရရှိဖို့အတွက် အင်မတန် ရှားပါးလျက်ရှိပါတယ်။ ဒီရွာတွေရဲ့ အခြေအနေကို အနည်းငယ်တင်ပြရရင် တချို့ရွာတွေမှာ ရေဘယ်လောက်ထိ ရှားလဲဆိုရင် ရွာသူရွာသားတွေဟာ တစ်ခါတုန်းက ရေတွေတောင်ပို့ရတဲ့ အခြေအနေတွေရှိပါတယ်။ နောက်ဆုံး ဘုန်းကြီးကျောင်းတွေတောင်မှပဲ သောက်ရေသောက်ဖို့ တောင်မှပဲ မရှိပါဘူးခင်ဗျား။ အဲဒီအချိန်မှာ ကျွန်တော်တို့မြို့ကနေပြီးတော့ ရေတွေပို့လုပ်ခဲ့ရပါတယ်။ တချို့ရွာတွေမှာ ဆိုရင်လည်း ချောင်းရေ၊ မြောင်းရေတွေမှာ လက်ယက်တွင်းလေးတွေ တူးပြီးတော့ လုပ်ကိုင်နေရတဲ့အတွက် အခုလို ကျန်းမာရေးဆေးခန်းတွေမှာ ရေကောင်းရေသန့်ရရှိရေးအတွက်ကို ရေလှောင်ကန်များ လိုအပ်နေပါသဖြင့် ကျွန်တော် တင်ပြရခြင်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပေါက်ခေါင်း မြို့နယ်အတွင်းရှိ ပင်မကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် လိုအပ်လျက်ရှိသော သောက်သုံးရေသန့် ရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ။ အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းမှာရှိတဲ့ ပင်မကျေးလက် ကျန်းမာရေးဌာနများနှင့် ဌာနခွဲများမှာ လိုအပ်လျက်ရှိတဲ့ သောက်သုံးရေရရှိရေးအတွက် မိုးရေလှောင် ကန်ဆောင်ရွက်ရန် ပစ္စည်းများထောက်ပံ့ပေးလျက်ရှိပါတယ်။ ကျန်းမာရေးဦးစီးဌာန၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဌာနစိတ်အနေနဲ့ ပေါက်ခေါင်းမြို့နယ်သာမက တစ်ပြည်လုံးမှာ ရှိတဲ့ ကျေးလက် ကျန်းမာရေးဌာနများကို ရေစင်သံတိုင် ၄ တိုင်၊ အခင်းသံပြား ၁ ချပ်၊ ရေသိုလှောင်ကန် ပြုလုပ်ရန် ၈ ပေ၊ ၄ ပေ သံပြား ၂ ချပ်နှင့် ကန်အပိတ်အတွက် သံပြား ၁ ချပ်တို့ကို အခမဲ့ထောက်ပံ့ ပေးလျက် ရှိပါတယ်။ ဒီပစ္စည်းတွေနဲ့ ရေသိုလှောင်ကန်ပြုလုပ်ခြင်းကိုတော့ သက်ဆိုင်ရာ ကျန်းမာရေးဌာန ဒေသ အစီအစဉ်နဲ့သာ ပြုလုပ်ကြရန် ဖြစ်ပါတယ်။ ရေသိုလှောင်ကန်ဟာ ၄ ပေပတ်လည်ဖြစ်တဲ့အတွက် ဂါလန် ၄၀၀ ဆံ့ပါတယ်ခင်ဗျား။ အဲဒီတော့ ရေသိုလှောင်ကန်ပြုလုပ်ရန်အတွက် ပစ္စည်းများထုတ်ယူ ရန်အတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် မြို့နယ်ကျန်းမာရေးဌာနများကို ကျွန်တော်တို့ အကြောင်းကြားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရေတွင်း၊ ရေကန်ရှိတဲ့ ကျေးလက်ကျန်းမာရေးဌာန များမှ လိုအပ်ချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးရဲ့ ထောက်ခံချက်နဲ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာရှိတဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနစိတ်မှာ လိုအပ်တဲ့ ပစ္စည်းများကို ထုတ်ပေးဆောင်ရွက်လျက်ရှိတဲ့အတွက် ဆက်လက်စီစဉ် ဆောင်ရွက်သွားပြီးပြီ ဖြစ်ပါ ကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဥက္ကဋ္ဌ။ ။ ဦးအေးဟန်ရဲ့ စာပါအဓိက မေးခွန်းနှင့်ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ရှင်းလင်းသွားတာ ကျွန်တော်တို့လည်း ရှင်းလင်းစွာ နားလည်ပါတယ်။ သို့ရာတွင် ဦးအေးဟန် စပြီးတော့ တင်ပြတဲ့အချိန်မှာ ကျန်းမာရေးဌာနများအတွက် သာမဟုတ်ဘဲနဲ့ မြို့နယ်အတွင်း မှာလည်း သောက်ရေ မလုံလောက်ဘူး။ အင်မတန်မှ အခက်အခဲဖြစ်တယ်။ ရှားပါးနေတယ်။ ဘုန်းကြီး ကျောင်းတွေကတစ်ဆင့် ယူပြီးပေးရတယ် စသဖြင့် ဒီလိုပါပါတယ်။ ဒါကြောင့်မို့လို့ ဦးအေးဟန် အနေနဲ့ စာပါ မပါ သီးခြားတင်ပြချက်ဟာ အမှန်ဖြစ်တယ်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ သက်ဆိုင်ရာ အဖွဲ့ အစည်းကိုလည်း ညှိနှိုင်းတင်ပြ ဆောင်ရွက်သင့်ကြောင်း ကျွန်တော့်အနေနဲ့ အကြံပေးလိုပါတယ်။
