ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟိုပုန်း-မိုင်းပြင်း-မိုင်းလင်း-တုံလောလမ်းဟာ ကျောက်ချောလမ်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဟိုပုန်း-မိုင်းပြင်းလမ်းပိုင်း မိုင်တိုင်အမှတ် ၁၁/၀ မှ ၁၇/၀ အထိဟာ မြေသားလမ်း ဖြစ်နေသေးတဲ့အတွက် မိုးရာသီမှာ သွားလာလို့မရတော့ပါ။ ၎င်းလမ်းပိုင်းဟာ ဟိုပုန်းမြို့နယ် မြောက်ခြမ်းနှင့် ဟိုပုန်းမြို့ကို ဆက်သွယ်ပေးတဲ့ အဓိကလမ်းပိုင်းဖြစ်နေတဲ့အတွက် ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ပေးလိုက်ရင် ဒေသခံပြည်သူတွေအတွက် များစွာအကျိုးရှိစေမှာဖြစ်တဲ့အပြင် နယ်မြေအေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုကို များစွာအထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလမ်းပိုင်းကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းမှာရှိတဲ့ ဟိုပုန်း-မိုင်းလင်း-တုံလောလမ်းဟာ ၁၁၆ မိုင် ရှည်လျားပြီးတော့ ဟိုပုန်း-မိုင်းပြင်း အပိုင်းဟာ ၂၅ မိုင် ပါဝင်တာဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်၊ အောက်တိုဘာလအထိ လမ်းအခြေအနေ ကတော့ ကတ္တရာလမ်း ၆ ဖာလုံ၊ ကျောက်လမ်း ၁၀ မိုင်၊ အမာခံလမ်း ၈ မိုင် ၂ ဖာလုံနှင့် မြေလမ်း ၆ မိုင်၊ စုစုပေါင်း ၂၅ မိုင် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ရှမ်းပြည်နယ်အစိုးရရဲ့ ပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေနှင့် မြေသားလမ်း ၆ မိုင် ဖြစ်တဲ့ မိုင် ၁၁/၀ မှ ၁၇/၀ အထိ အပိုင်းရဲ့ မိုင် ၁၁/၀ မှ ၁၄/ဝထိ ၃ မိုင်ကို အမာခံလမ်းအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ကျန် ၁၄/၀ မှ ၁၇/၀ ထိ ၃ မိုင်ကိုတော့ ကျောက်လမ်းအဖြစ် ဆောင်ရွက်သွားဖို့ ရန်ပုံငွေများရရှိပြီးဖြစ်ပါတယ်။ ရန်ပုံငွေရရှိမှုပေါ်မှာ မူတည်ပြီးတော့လည်း ဒီလမ်းကြီးကို အဆင့်မြှင့် တင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
