(က)-ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို သင့်တင့်မျှတသောအနေအထားဖြင့် ထပ်မံတိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၄) ရက်မြောက်နေ့ (၂၈.၈.၂၀၁၂)

 

ရေကြည်မြို့နယ်မှာ ဆောင်းသီးနှံစိုက်ဧက ၇၉၈၇၉ ဧက ရှိပြီး မတ်ပဲ ၅၁၆၇၅ ဧက၊   ပဲတီစိမ်း ၃၆၆၄ ဧက၊ နှမ်း ၈၁၅ ဧက နှင့် နေကြာ ၄၈၂၀ ဧကတို့ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ဆိုရင် ဆောင်းသီးနှံစိုက်ဧက ၂၀၂ သိန်း ရှိပါတယ်။ အဆိုပါ ဆောင်းသီးနှံစိုက်တောင်သူများ အနေနဲ့လည်း စပါးစိုက်တောင်သူ လယ်သမားများနည်းတူ စိုက်ပျိုးထွန်ယက်စရိတ်၊ ပိုးမွှားကာကွယ် ထိန်းသိမ်းစရိတ်၊ ရှင်သန်ဖွံ့ဖြိုး စရိတ်၊ ရိတ်သိမ်းချွေလှေ့စရိတ်အစရှိသဖြင့် စရိတ်အမျိုးမျိုးတို့ကို ကျခံသုံးစွဲခဲ့ကြပါတယ်။ စရိတ်စက များမှာလည်း အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲတိုးတက်လာပြီ ဖြစ်တဲ့အတွက် လက်ရှိ နိုင်ငံတော် အစိုးရမှ ထုတ်ပေးလျက်ရှိသော စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၁၀၀၀၀ ကျပ်နှုန်းဖြင့် လောက်ငှမှု မရှိဘဲ ပြင်ပတွင် ချေးငှားနေရခြင်းများ ဖြစ်ခဲ့ရပါတယ်။ ဈေးနှုန်းကျဆင်းချိန်ကာလများတွင် တွက်ခြေ မကိုက်အရှုံးပေါ်၍ ကြွေးတင်ရတဲ့ အခြေအနေမျိုးနှင့် ရင်ဆိုင်နေခဲ့ကြရပါတယ်။ သို့ဖြစ်ပါ၍ ဆောင်းသီးနှံစိုက်ပျိုး ထုတ်လုပ်သော တောင်သူများ၏ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့နိုင်စေ ရေးအတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို သင့်တင့်မျှတသော အနေအထားဖြင့် ထပ်မံတိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် ရာသီအလိုက်၊ သီးနှံအလိုက် တစ်ဧကချေးငွေနှုန်းထားများကို နိုင်ငံတော်၏ ခွင့်ပြုချက်နှင့်အညီ တိုးမြှင့်ထုတ်ချေးပေးခဲ့ပါတယ်။ နိုင်ငံတော်၏ အဓိကသီးနှံဖြစ်သည့်  စပါးသီးနှံ ကိုတော့ ဦးစားပေးအနေဖြင့် တစ်ဧက ကျပ် ၅၀၀၀၀ နှုန်းအထိ ယခု ၂၀၁၂ ခုနှစ် မိုးရာသီချေးငွေ မှစတင်၍ တိုးမြှင့်ထုတ်ချေးပေးလျက်ရှိပါတယ်။ ဆောင်းချေးငွေ ဖြစ်သည့် အခြားသီးနှံများကိုလည်း အခါ အားလျော်စွာ နှုန်းထားများတိုးမြှင့်ပေးခဲ့ရာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အခြားသီးနှံ တစ်ဧက ကျပ် ၆၀၀၀ နှုန်းဖြင့် ချေးခဲ့ရာမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှစတင်၍ ကျပ် ၁၀၀၀၀ အထိ တိုးမြှင့်ထုတ်ချေးပေးခဲ့ပါတယ်။ လောလောဆယ်အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ချေးမည့်ချေးငွေ အမျိုးအစားအားလုံးအတွက် ရန်ပုံငှေတွက်ချက် လျာထားဆောင်ရွက်ပြီးဖြစ်ရာ ဆောင်းသီးနှံများအတွက် နှုန်းထားတိုးမြှင့်ထုတ်ချေးပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။