(ဆ)-အခွန်ဦးစီးဌာနရုံးကို ပလက်ဝမြို့သို့ ပြန်လည်ပြောင်းရွှေ့ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဌမနေ့ (၁၁.၇.၂၀၁၂)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အခွန်ဦးစီးဌာနရုံးကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ပြောင်းရွှေ့ ထားသဖြင့် မြို့နေပြည်သူများ အခွန်ကိစ္စ ဆောင်ရွက်ရာတွင် အလွန်အခက်အခဲ တွေ့ကြုံတာ နှစ်ပေါင်း ၂၀ ကျော်ကြာပါပြီ။ သို့ပါ၍ ပလက်ဝသို့ ပြန်လည်ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ၊ မရှိ။ မည်သည့် ကာလတွင် ပြောင်းရွှေ့ပေးမည်ကို သိလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ပလက်ဝအခွန်ဦးစီး ဌာနဟာ ဝေးလံ ခေါင်းပါး မဖွံ့ဖြိုးသေးတဲ့ မြို့နယ်အဖြစ်လည်း နှစ်စဉ်အခွန် ရငွေလျာထားချက် ပြည့်မီ ပြီးတော့ ပိုလျှံနေတဲ့အတွက် ဂုဏ်ပြုလွှာများ ရခဲ့တာကိုလည်း သိရပါတယ်။ သို့ပါ၍ ပလက်ဝမြို့သို့ ပြန်လည် ပြောင်းရွှေ့ပေးရန် အစီအစဉ် မရှိသေးသော်လည်းပဲ စီစဉ်ပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း
အဖြေ

ချင်းပြည်နယ်၊ ပလက်ဝမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်းရဲ့ ပလက်ဝမြို့နယ်မှာ မြို့နယ်အခွန်ဦးစီးမှူးရုံး ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် မည်သည့်ကာလတွင် ဖွင့်လှစ်နိုင်မည် မေးခွန်းနှင့်စပ်လျဉ်းပြီး ကျွန်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဦးလှထွန်း ကနေပြီးတော့ ဖြေကြားမှာ ဖြစ်ပါတယ်။ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်ကိုးမြို့နယ်မှာ ပြည်တွင်းအခွန်းဦးစီးဌာနအနေနဲ့ ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်များမှာ အခွန်ဦးစီးမှူးရုံးများဖွင့်ထားပေးပါတယ်။ ထန်တလန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ပလက်ဝမြို့နယ်နှင့် ကန်ပက်လက်မြို့နယ်များမှာ မြို့နယ်အခွန် ဦးစီးမှူး ရုံးများ ဖွင့်လှစ်ရန်ကျန်ရှိပါတယ်။ ယခင်က ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွက် ကောက်ခံရမည့် အခွန်များကို မကွေးတိုင်းမှာရှိတဲ့ ဆိပ်ဖြူ မြို့နယ်ကနေပြီးတော့ ကောက်ခံပေးခဲ့ပြီးတော့ ပလက်ဝမြို့နယ် အတွက်ကောက်ခံရမယ့်အခွန်များကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ အခွန်ဦးစီးမှူးရုံးကနေ ကောက်ခံ ပေးခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာတော့ ကန်ပက်လက်မြို့နယ်အတွက် မင်းတပ်မြို့နယ်က နေပူးတွဲ ကောက်ခံနိုင်ဖို့စီစဉ်ပြီး ဖြစ်ပါတယ်။ ပလက်ဝမြို့နယ်အတွက်ကောက်ခံရရှိသောအခွန်များကိုတော့ ရခိုင်ပြည်နယ်မှ ချင်းပြည် နယ်သို့လွှဲပြောင်းပေးလျက်ရှိတယ်။ လက်ရှိမှာ ပလက်ဝမြို့နယ်မှာ အခွန်ထမ်း ဦးရေအလွန်နည်းပါး ပါတယ်။ အခွန်ကောက်ခံရန် လျာထားချက်လည်းနည်းပါတယ်။ ပလက်ဝမြို့နယ်ရဲ့ ဒေသစီးပွားရေး အခြေအနေအရ ကောက်ခံရမည့် အခွန်ပမာဏ နည်းပါးခြင်းတို့ကြောင့် ပလက်ဝမြို့နယ်မှာ ရှေးယခင် အချိန်ကတည်းကပဲ မြို့နယ်အခွန်ဦးစီးမှူးရုံး ဖွင့်လှစ်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အတွက် အခွန်စီမံခန့်ခွဲမှု စရိတ်များကြီးလေးခြင်း မရှိစေရန်နှင့် ပလက်ဝမြို့နယ်မှာ လောလောဆယ် အနေနဲ့ ရုံးသစ်ဖွင့်လှစ်ရန် အစီအစဉ်မရှိဘဲ လက်ရှိဆောင်ရွက်နေတဲ့အတိုင်းပဲ ကျောက်တော်ကနေပြီးတော့ ပူးတွဲကောက်ခံစေမှာ ဖြစ်ပါတယ်။ နောင်စီးပွားရေးဖွံ့ဖြိုး တိုးတက်လာပြီးတော့ အခွန်ထမ်းအသစ်တွေ တိုးတက်လာတဲ့အခါမှာ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။