(ခ)-တိုင်းရင်းသားစာပေတစ်ခု ကို ပူးတွဲသင်ကြားစေသည့် ဥပဒေတစ်ရပ် ရေးဆွဲအကောင်အထည် ဖော်ရေး နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဒသမနေ့ (၁၅-၃-၂၀၁၁)

ပြည်ထောင်စုမြန်မာနိုင်ငံတော် တွင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိကြရာ အများအားဖြင့် ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ယဉ်ကျေးမှုတို့ရှိကြပါတယ်။ယခုအခါအစိုးရစာသင်ကျောင်းများတွင် စာပေစတင်သင်ကြားရာ၌ မိခင်ဘာသာ စာပေဖြင့် ပူးတွဲသင်ကြားခွင့် မရကြ‌သောကြောင့် တိုင်းရင်းသားကလေးသူငယ်များ စာတတ်မြောက်မှုနှုန်းမှာ များစွာနည်းပါးနေပါတယ်။ မိမိတို့ စာပေကို လေးစားတန်ဖိုးထားလျက် သင်ကြားမှုမရှိလျှင် စာပေရော လူမျိုးပါ တဖြည်းဖြည်း ပျောက်ကွယ်သွားမည်ကို  စိုးရိမ်မိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)၊ ပုဒ်မ ၂၂ ပါ အချက်များအရ တိုင်းရင်းသားများ၏ စာပေ၊ စကား၊ အနုပညာ၊ ယဉ်ကျေးမှု တို့ကို လေးစားတန်ဖိုးထားလျက် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်က ကူညီဆောင်ရွက်မည်ဟု သိရှိရ ပါတယ်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အစိုးရ စာသင်ကျောင်းများတွင် မြန်မာစာပေကို  အဓိကသင်ကြားခြင်းအပြင် စိတ်ကြိုက်ဘာသာရပ် တိုင်းရင်းသား စာပေတစ်ခုခုကို ပူးတွဲသင်ကြားစေသည့် ဥပဒေတစ်ရပ် ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာချမ်းငြိမ်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာရေး ရည်ရွယ်ချက်ဖြစ်တဲ့ ပြည်ထောင်စုစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်၍ အခြေခံပညာကောင်းများ  ပြည့်ဝသည့် နိုင်ငံ့သားကောင်းများ အဖြစ် လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးအတွက် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို ပြည်တွင်းပြည်ပ ပညာရှင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ပညာရှင်များနှင့် ညှိနှိုင်းပြီး နိုင်ငံတကာစံချိန်မီ အဆင့်မြှင့်တင် ရေးဆွဲထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် စုစည်းနေထိုင်လျက်ရှိရာ ဘာသာစကားများလည်း များစွာရှိပါတယ်။ အချို့မှာ လူမျိုးစုတူသော်လည်း ဘာသာစကားများမှာ ဒေသအလိုက် ကွဲပြားမှုရှိနေပါတယ်။ ပြည်နယ်/တိုင်းဒေသကြီး အသီးသီး တွင်ပင် လူမျိုးစုပေါင်းများစွာ စုစည်းနေထိုင်လျက်ရှိပါသဖြင့် ကျောင်းတစ်ကျောင်းမှ အတန်းတစ်တန်း ထဲမှာပင် လူမျိုးစုတစ်ခုတည်း သီးသန့်မရှိနိုင်ဘဲ လူမျိုးပေါင်းစုံပါဝင်နေသည်ကို တွေ့ရှိရမှာ ဖြစ်ပါ တယ်။ လက်ရှိ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများသည် နိုင်ငံတော်၏ ပညာရေး ရည်မှန်းချက် များနှင့် အညီဖြစ်ပြီး ပညာရေးသဘောတရားအရလည်း ကလေးသူငယ်များ၏ အသက်အရွယ်၊ လက်ခံ သင်ယူနိုင်စွမ်းရည်နှင့် ကိုက်ညီသော ဘာသာရပ်များကို ထည့်သွင်းရေးဆွဲ ထားပါတယ်။ ၎င်းအပြင် မြန်မာနိုင်ငံတွင် ရုံးသုံးစာသည် မြန်မာစာဖြစ်သဖြင့် အခြေခံပညာ သင်ရိုးညွှန်းတမ်းတွင် မြန်မာစာနှင့် နိုင်ငံတကာသုံး အင်္ဂလိပ်စာတို့ကို ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်ပါတယ်။

သို့ပါ၍ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများစွာ ရှိသည့် အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် တိုင်းရင်းသား စာပေတစ်ခုချင်းစီကို  အခြေခံပညာ သင်ရိုး ညွှန်းတမ်းတွင် ထည့်သွင်းရေးဆွဲ၍ သင်ကြားပေးရန်မှာ လောလောဆယ် မဖြစ်နိုင်သေးပါ။ မိမိ တိုင်းရင်းသား စာပေကို ကျောင်းပြင်ပသင် ပညာရေးအနေဖြင့် သင်ကြားဆောင်ရွက်လိုပါက လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားပါသည်။