မြစ်ကြီးနား ဆွမ်ပရာဘွမ်နဲ့ ပူတာအို မော်တော် ကားလမ်းနဲ့ ပတ်သက်၍ မေးခွန်းတစ်ရပ်ကို အောက်ပါအတိုင်း မေးမြန်းလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး မှာ အရေးကြီးတဲ့ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကချင်ပြည်နယ်၊ မေခ၊ မလိခ မြစ်ကြောင်း တစ်လျှောက်မှာ ရေအားလျှပ်စစ်စီမံကိန်းကြီးများကို အကောင်အထည်ဖော်လျက် ရှိပါတယ်။ ဒီရေအားလျှပ်စစ်စီမံကိန်းတွေက ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားတွေနဲ့ နိုင်ငံတော် တစ်ဝှမ်း လျှပ်စစ်မီးလင်းရေးအတွက်သာမက စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းဖြင့် နိုင်ငံတော်ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖော်ရာမှာ အထောက်အကူဖြစ်စေမှာမို့ ကျွန်တော်တို့ ပြည်သူများက များစွာမျှော်လင့်တောင့်တလျှက် ရှိပါတယ်။ လက်ရှိစီမံကိန်း အကောင်အထည်ဖော်နေဆဲ ကာလမှာလည်း လုပ်ငန်းလိုအပ်ချက်အရ မြစ်ကြီးနားနှင့် ဆွမ်ပရာဘွမ် အကြား ၁၃၂ မိုင် အကွာအဝေးရှိတဲ့ မော်တော်ကားလမ်းကို ကွန်ကရစ်လမ်းမကြီးအဖြစ် ဖောက်လုပ်ပေးမည်ဖြစ်သည့်အတွက် နှစ်ကာလများစွာ ခရီးသွားလာရေး ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူများအနေဖြင့် ဝမ်းသာလို့မဆုံးဖြစ်နေပါတယ်။ ကျွန်တော်တို့ ပူတာအို ဒေသခံများအနေဖြင့် မြစ်ကြီးနားအပါအဝင် အခြားဒေသများသို့ ခရီးသွားလာရေး ကုန်စည် ပို့ဆောင်ရေး ကိစ္စအ၀၀မှာ မြစ်ကြီးနား-ပူတာအို မော်တော်ကားလမ်းနဲ့ လေကြောင်းလိုင်းကိုသာ အားထားနေကြရတာ ဖြစ်ပါတယ်။ သာမန် ပြည်သူများအဖို့ မော်တော်ကားလမ်းကို အဓိက အားထား အသုံးပြုနေရပါတယ်။ နှစ်စဉ်မိုးရာသီကာလမှာ ကားလမ်းကြောင်းများ ပျက်စီးခြင်းနှင့် တောင်ပြိုခြင်း များကြောင့် သွားလာနိုင်ခြင်းမရှိဘဲ လေကြောင်း လိုင်းတစ်ခုတည်းကိုသာစုပြုံ အားကိုးရသည့်အတွက် ပြည်သူများ များစွာဒုက္ခရောက်နေကြပါတယ်။ ယခု ရေအားလျှပ်စစ်စီမံကိန်းကြောင့် မြစ်ကြီးနားနှင့် ပူတာအိုအကြား ၂၁၈ မိုင် ကားလမ်းကြောင်းမှာ မြစ်ကြီးနားမှ ဆွမ်ပရာဘွမ်အကြား ၁၃၂ မိုင် ကားလမ်းအပိုင်း ကောင်းသွားမည်ဖြစ်တာကြောင့် လွန်စွာအားရကျေနပ်မိသော်လည်း ကျန်တဲ့ ဆွမ်ပရာဘွမ်နဲ့ ပူတာအိုအကြား ၈၆ မိုင်အကွာအဝေးကားလမ်း အပိုင်းကတော့ မကောင်းနိုင်ဘဲ ကျန်ရှိနေတဲ့အတွက် ဆွမ်ပရာဘွမ်နဲ့ ပူတာအိုအကြား မော်တော်ကားလမ်းကို ရာသီမရွေး သွားလာ နိုင်သည့် အဆင့်မြင့် လမ်းဖောက်လုပ်ပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မည်သို့ စီမံထားရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံ မြောက်ဖျားဒေသဖြစ်တဲ့ ကချင်ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နှစ်စဉ်စီမံကိန်းများ ချမှတ်ပြီး လမ်းအလိုက်၊ လမ်းပိုင်းများ အဆင့်မြှင့်တင် တိုးတက်အောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါကြောင့်မို့လို့လည်း ကချင်ပြည်နယ်အတွင်းမှာ ပြည်နယ်အင်ဂျင်နီယာမှူးကြီးရုံး ၁ ရုံး၊ ခရိုင် အင်ဂျင်နီယာမှူးကြီးရုံး ၄ ရုံး၊ မြို့နယ်အင်ဂျင်နီယာရုံး ၂၀ ရုံး၊ မြို့နယ်ခွဲအင်ဂျင်နီယာမှူးရုံး ၉ ရုံးတို့နှင့် ဆောင်ရွက်လျက်ရှိတာဖြစ်ပါတယ်။ ဒီနေရာမှာ လမ်းများနှင့်ပတ်သက်လို့ အသစ်တည်ဆောက်ခြင်း၊ တိုးတက်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း ဒီတာဝန်တွေကို အဆင့်ဆင့် ဆောင်ရွက်လျက်ရှိပါတယ်။ ၎င်းအပြင် ပြည်နယ်အတွင်း လမ်း၊ တံတားများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ဒုတိယ အင်ဂျင်နီယာ မှူးကြီးဦးဆောင်သော လမ်းတည်ဆောက်ရေး အထူးအဖွဲ့ ၅ ဖွဲ့၊ တံတားတည် ဆောက်ရေးအထူးအဖွဲ့ ၁ ဖွဲ့တို့လည်း ထပ်မံဖြည့်စွက်ထားရှိပြီး ဖြစ်ပါတယ်။ ကိုယ်စားလှယ်တော်ကြီး အနေနဲ့ မေးမြန်းတဲ့ ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းနှင့် ပတ်သက်ပြီး တစ်ဆက်တစ်စပ်တည်းဖြစ်သော ပြည်ထောင်စု လမ်းမကြီးဖြစ်တဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ် - ပူတာအို လမ်း ၂၁၈ မိုင်ကို ပြောကြားလိုပါတယ်။ ကိုယ်စားလှယ်တော်ကြီးအနေနဲ့ မေးမြန်းတာ ဆွမ်ပရာဘွမ်- ပူတာအို လမ်းဖြစ် သော်လည်း ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အပင်ပန်းခံလုပ်ခဲ့တာဟာ မြစ်ကြီးနား ကစပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့လုပ်ခဲ့တဲ့လမ်းကိုလည်း ဒီနေရာမှာ ရှင်းလင်းပြောကြား လိုပါတယ်။ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်း ၂၁၈ မိုင်ရှည်လျားတာ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် ကနေစတင်ပြီးတော့ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို လမ်းအထူးအဖွဲ့ ၁ ဖွဲ့နှင့် ပူတာအိုခရိုင်တို့ မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်မှာ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း ကနေပြီးတော့ အဖွဲ့များ ဒေသခံလုပ်ငန်းရှင်များနဲ့ လမ်းအကျယ် ၂၄ ပေ ရသည်အထိ ချောမွေ့ သွားလာနိုင်အောင် တာဝန်ပေးဆောင်ရွက်ပြီးတော့ အမာခံလမ်းအဖြစ် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
မိုးရွာသွန်းမှု ပမာဏများပြားခြင်း၊ ဝင်ရိုး ၃ ရိုးပါ ကားကြီး (သရီးကရောင်း)များ သွားလာမှု များကြောင့် လမ်းသားတွေဟာ ပျက်စီးခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း သွားလာမှု၊ ဆက်သွယ်မှုများ ပြတ်တောက် ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ပဲ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှာ မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းရဲ့ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း လုပ်ငန်းကို စီမံကိန်းအသွင်ဖြင့် ဆောင်ရွက်ရန်အတွက် လမ်းအထူးအဖွဲ့ ၆ ဖွဲ့၊ ခရိုင်အဖွဲ့ ၂ ဖွဲ့ တို့နဲ့ ဖွဲ့စည်းပြီး စက်၊ ယာဉ်၊ ယန္တရား၊ ဝန်ထမ်းများ ပြည့်စုံစွာ ဖြည့်တင်းပြီး လုပ်ငန်းများကို တာဝန်ပေး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီခရိုင်နဲ့ အထူးအဖွဲ့ ၈ ဖွဲ့မှာ အင်ဂျင်နီယာ ဝန်ထမ်းများကတော့ ၁၀၀ ဦး၊ အမှုထမ်းက ၃၃ ဦး၊ ပညာသည် ဝန်ထမ်း ၃၅ ဦး ၊ စက်/ယာဉ်မောင်းသမား ၄၆၀ ဦး၊ ယာယီလုပ်သား ၁၆၀၀ ဦးနဲ့ စက်၊ ယာဉ်၊ ယန္တရားမျိုးစုံ ၂၃၃ စီးနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်ကနေပြီးတော့ ဒီနေ့အထိ ဆောင်ရွက်ပြီးစီးတဲ့အပိုင်းကတော့ ကတ္တရာလမ်း ၄၁ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း ၁၆၂ မိုင် ၄ ဖာလုံ၊ အမာခံလမ်း ၁၄မိုင် ဖြစ်ပြီးတော့ စုစုပေါင်း ၂၁၈ မိုင်ဖြစ်ပါတယ်။ တံတားတည်ဆောက်ခြင်းအပိုင်းကတော့ လမ်းအတွင်း တည်ဆောက် တဲ့ နေရာမှာ ရေပြွန်နဲ့ ပေ ၅၀ အောက်တံတားဟာ ၇၂၆ စင်း လုပ်ပေးခဲ့ရပါတယ်။ ပေ ၅၀ နဲ့အထက် ပေ ၁၀၀ အောက် တံတား ၂၆ စင်း ဖြစ်ပါတယ်။ ပေ ၁၀၀ နှင့်အထက် ပေ ၁၈၀ အောက် တံတား ၁၀ စင်း ဖြစ်ပါတယ်။ ပေ ၁၈၀ နှင့်အထက် ၁၁ စင်း အားလုံး ၇၇၃ စင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ၎င်းလမ်းပေါ်မှာ အဓိကတံတားကြီး ၁ စင်း ဖြစ်တဲ့ ပေ ၅၂၀ အရှည်ရှိတဲ့ မူလာရှီဒီးကြိုးတံတားကြီးကို ယခင်က ကားငယ်များသာ သွားနိုင်တဲ့အဆင့် ကနေပြီး ယခု ဘဏ္ဍာရေးနှစ်ကနေပြီး နှစ်လမ်းသွား သံကူကွန်ကရစ် တံတားကြီးအဖြစ် အဆင့်တိုးမြှင့် တည်ဆောက် ရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ပြောကြားလိုပါတယ်။
မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို ပြည်ထောင်စုလမ်းမကြီးကို ယနေ့ ချောမွေ့စွာ သွားလာ နိုင်ဖို့အတွက် ကျောက်ချောလမ်းအဆင့်မှ ကတ္တရာလမ်းအဆင့်ထိ စီမံချက်များချမှတ်ပြီး နှစ်အလိုက် အဆင့်ဆင့် တိုးမြှင့်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဒီလမ်းကြီးနဲ့ ပတ်သက်ရင် မြစ်ဆုံ တွင် ရေအားလျှပ်စစ်ထုတ်လုပ်နေတဲ့ကုမ္ပဏီဖြစ်သော CPI ( China Power Investment ) ကုမ္ပဏီမှ မြစ်ကြီးနားမှ ဆွမ်ပရာဘွမ်ပိုင်းကို ကွန်ကရစ်လမ်းခင်းဖို့အတွက် ညှိနှိုင်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆောက်လုပ်ရေးဝန်ကြီးဌာန အပိုင်းကတော့ ဆွမ်ပရာဘွမ်နဲ့ ပူတာအိုလမ်းပိုင်းပဲ ကျန်ပါတော့တယ်။ ဒါကြောင့်မို့လို့လည်း လာမယ့်နှစ်တွေမှာ မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို လမ်းဟာ ယခုထက် ပိုမို ကောင်းမွန်လာမယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပြီးဖြစ်ပါတယ်။
အထူးပြောလိုတာကတော့ ဒေသခံပြည်သူများအနေနဲ့ လမ်းများပျက်စီးစေတာ သရီးကရောင်း ကားများကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီးတော့ သတ်မှတ်ဝန်ထက်ပိုတင်ပြီး သွားလာနေသော ကြောင့် ပျက်စီးစေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၎င်းယာဉ်များသွားလာရေးကိုလည်း ကြပ်မတ်ပေး ပါရန် ပြောကြားရင်း ဆွမ်ပရာဘွမ် - ပူတာအိုလမ်း ရာသီမရွေး ကားသွားလာနိုင်ရေး စီမံဆောင်ရွက် ထားမှု အခြေအနေအား ဖြေကြားပါသည်။
