နိုင်ငံတော်အနေနဲ့ လမ်းပန်းဆက်သွယ်မှု ကွန်ယက် ဖြန့်ကျက်လွှမ်းမိုးမှုဟာ အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို နိုင်ငံတော်အစိုးရက တည်ဆောက်ပေးခဲ့တဲ့ အတွက် ဒေသခံတိုင်းရင်းသားပြည်သူများဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြရ ပါတယ်။ အဲဒီအနက် ကျွန်တော်တို့ မန္တလေး-ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမကြီးကို ဖောက်လုပ်ပေးခဲ့တဲ့ အတွက်လည်း ကျွန်တော်တို့ ကချင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးမှ ဒေသခံတိုင်းရင်းသား ပြည်သူများက ဝမ်းမြောက်ကျေးဇူးတင်လျက် ရှိပါတယ်။ သို့သော်ငြားလည်း မန္တလေး-ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီး စတင် ဖောက်လုပ်စဉ်က ကျွန်တော်တို့ ကချင်ပြည်နယ်နဲ့ မန္တလေးမြို့ကို အချိန်တိုအတွင်း ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအခါ လမ်းပိုင်းများစွာ ပျက်စီးနေခြင်း၊ အထူးသဖြင့် မိုးရာသီကာလမှာ လမ်းနဲ့တံတားများ ပျက်စီးနေခြင်းဖြစ်တဲ့အတွက် ကြောင့်မို့လို့ ကျွန်တော်တို့ ကချင်ပြည်နယ် ဒေသခံတိုင်းရင်းသား ပြည်သူများအနေနဲ့ အားကိုး အားထားပြုလောက်တဲ့ မန္တလေး-ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီးမှာ သွားလာမှု ကြန့်ကြာနေမှုများ ဖြစ်ထွန်းလျက်ရှိပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ အနေနဲ့ ကျွန်တော်တို့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးကို ဆက်သွယ် ဖောက်လုပ်ထားတဲ့ မန္တလေး-ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီး ပြုပြင်ထိန်းသိမ်းခြင်းနဲ့ အဆင့်မြှင့် တင်ခြင်းလုပ်ငန်းကို မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို မဲဆန္ဒရှင် ပြည်သူများ သိရှိလိုတဲ့ အတွက် မေးမြန်းပါသည်။
မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းဟာ မိုင်ပေါင်း ၃၅၉ မိုင် ရှည်လျားပြီး မူလက မန္တလေး-ရွှေဘိုလမ်းနဲ့ဆက်စပ်ပြီး ရွှေဘို-မြစ်ကြီးနားကို လမ်းသစ်ဖောက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၆၂-၁၉၆၃ခုနှစ်က အဆင့်ဆင့် ခက်ခဲစွာ ဖောက်လုပ် ပေးပြီး မြေသားလမ်း၊ ကျောက်လမ်းမှ ၁၂ ပေ အကျယ် ကတ္တရာလမ်းအဖြစ် တိုးမြင့်ခဲ့တဲ့အချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ၁၉၉၄-၁၉၉၅ မှစတင်ပြီး ၁၉၉၆ခုနှစ်၊ စက်တင်ဘာလတွင် ပြီးစီးခဲ့ပါတယ်။ အဲဒါကြောင့်မို့လည်း ကတ္တရာလမ်းသစ်ကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ် အတွင်းမှာတော့ ၁၉၉၆ခုနှစ်၊ ဒီဇင်ဘာလတွင် ကတ္တရာလမ်းသစ် ဖွင့်လှစ်နိုင်ခဲ့တဲ့ အတွက် ရွှေဘို- မြစ်ကြီးနား လမ်းမကြီးဟာ ၁၉၉၆ခုနှစ်၊ ဒီဇင်ဘာလမှာ အားလုံးကတ္တရာလမ်းအဆင့် သို့ ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ကတ္တရာလမ်းအဆင့် ရောက်ရှိချိန်ကစပြီးတော့ ရွှေဘို-မြစ်ကြီးနားလမ်း သည် ဒေသအတွင်းမှာ အရေးပါသည့် လမ်းတစ်လမ်းဖြစ်ခဲ့ပြီး အဆင့်မီကောင်းမွန်တဲ့ လမ်းတစ်လမ်း အဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။ ဆက်လက်ပြီး ထိန်းသိမ်းခြင်းလုပ်ငန်းများကို စစ်ကိုင်းတိုင်း ဒေသကြီး အင်ဂျင်နီယာမှူးကြီးနဲ့ ကချင်ပြည်နယ်အင်ဂျင်နီယာမှူးကြီးတို့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ရွှေဘိုခရိုင်၊ကသာခရိုင်၊မိုးညှင်းခရိုင်၊ မြစ်ကြီးနားခရိုင် အင်ဂျင်နီယာမှူးများနဲ့ မြို့နယ်အင်ဂျင်နီယာမှူး များက နှစ်စဉ်ဆက်လက်ပြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသော်လည်း အောက်ခံမြေသားအားနည်းခြင်း၊ တောင်ပေါ်လမ်းပိုင်းများတွင် မိုးရွာသွန်းမှုများပြားခြင်း၊ ဖားကန့် ဒေသသို့ စက်ယာဉ်၊ ယန္တရားကြီးများ ရွှေ့ပြောင်းသယ်ယူခြင်း ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များရဲ့ သစ်လုံး တင်ယာဉ် ကားကြီးများ လွန်ကဲစွာတင်ဆောင်ဖြတ်သန်းခြင်းတို့ကြောင့် လမ်းရဲ့ခံနိုင်ရည်ဝန်ကျ ဆင်းလာပြီး သတ်မှတ်ကာလမရောက်မီ ပျက်စီးသွားခြင်းဖြစ်ပါတယ်။ ယခုအခါ လမ်းအဆင့် နိမ့်ကျလျက်ရှိသော ရွှေဘို-မြစ်ကြီးနားလမ်းကြီးဟာ သတ်မှတ်ကာလအတွင်း ကောင်းမွန်စွာ ပြီးစီးနိုင် အောင် တိုင်းရင်းသား ကုမ္ပဏီများနဲ့ ပူးပေါင်းပြီး B.O.T( Build Operate Transfer) အဆင့်နဲ့ ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများ၏ စက်၊ ယာဉ်၊ ယန္တရားများ၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအဖွဲ့၏ အင်အားများနှင့် ပေါင်းစပ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ရွှေတောင်ကုမ္ပဏီက B.O.T စနစ်ဖြင့် မိုင်တိုင် ၂၇ မိုင်မှ ၇၇မိုင် ၄ဖာလုံအထိ ၅၀မိုင် ၄ဖာလုံအား ၂၄ပေအကျယ် တန် ၆၀ခံ လမ်းလွှာပုံစံဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါပြီ။ ဆုထူးပန် ကုမ္ပဏီက B.O.T စနစ်ဖြင့် မိုင်တိုင် ၁၄၀မှ ၁၆၈မိုင်အထိ ၂၈မိုင် အား ၁၂ ပေအကျယ် ကတ္တရာလမ်းအဆင့် ၁၈မိုင် ဆောင်ရွက်လျက်ရှိပြီး ကျန် ၁၀ မိုင်အား ဒု-အခြေခံလွှာတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါတယ်။ ခိုင်မာသောပန်းတိုင် ကုမ္ပဏီက B.O.T စနစ်ဖြင့် မိုင်တိုင် ၁၆၈မိုင်မှ ၂၅၇မိုင်အထိ ၈၉ မိုင် အား မူလကတ္တရာလမ်းအဆင့်ထိ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ပျက်စီးသွားသော လမ်းပိုင်းများ ကိုလည်း အောက်ခံမြေ အစားထိုး ပြုပြင်ခြင်း ဆောင်ရွက်လျက်ရှိပါတယ်။ လီဒိုဟိုင်းဝေးကုမ္ပဏီက B.O.T စနစ်ဖြင့် မိုင်တိုင် ၂၅၇မိုင်မှ ၂၈၉မိုင်အထိ ၃၂မိုင်အား ကတ္တရာလမ်း အဆင့်မြှင့်တင် ထိန်းသိမ်းရေးများကို တိုးတက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။ B.O.T ကုမ္ပဏီများမှ မိမိတာဝန်ယူ ဆောင်ရွက်လျက်ရှိတဲ့ လမ်းအပိုင်းများတွင် လမ်းအားလက်ရှိချောမွေ့ သွားလာနိုင်အောင် ဆောင်ရွက်ခြင်း၊ မူလ ၁၂ ပေအကျယ် ကတ္တရာလမ်းအား ဆက်လက် ထိန်းသိမ်း ခြင်း၊ တန် ၆၀ ခံ သတ်မှတ် လမ်းပုံစံလွှာအတိုင်း ၂၄ပေအကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက် ခြင်း၊ လမ်းအထောက်အကူပြု လုပ်ငန်းများဖြစ်သည့် မြေထိန်းနံရံမြေကာများ၊ တံတားကြီး၊ တံတားငယ် များ၊ ရေထုတ်မြောင်းများ၊ ရေပြွန်များ စသည့်လုပ်ငန်းအဆင့်ဆင့်ကို ရည်မှန်းချက်ထားကာ ဆောင်ရွက်နေကြောင်း တင်ပြလိုပါတယ်။ ယနေ့အထိ B.O.T ကုမ္ပဏီ ၄ ခုက ဆောင်ရွက်နေသည့် လမ်းပိုင်း ၂၆၁ မိုင် ၄ ဖာလုံအား ဆောင်ရွက်ပြီးဖြစ်၍ ၁၂၀မိုင်အား ၁၂ပေ အကျယ် ကတ္တရာလမ်းခင်းခြင်းနဲ့ ၃၀မိုင်အား ၂၄ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းများကို စက်၊ ယာဉ်၊ ယန္တရား ၉၀ စီးဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်း၏ လမ်းပျက်စီးမှု အများဆုံးဖြစ်သည့် မင်းဝံတောင်ပိုင်းတွင် မိုင်တိုင် ၇၇မိုင် ၄ ဖာလုံမှ ၁၄၀မိုင်အထိ ၆၂မိုင် ၄ဖာလုံအား ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တိုင်းရင်းသားကုမ္ပဏီ ၉ဖွဲ့ ၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မှ ခရိုင် ၂ ဖွဲ့ဖြင့် စတင်ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများမှ စက်၊ ယာဉ်၊ ယန္တရား၊ လူအင်အားတို့ဖြင့် ဆောင်ရွက်ရှိပါတယ်။ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ကုမ္ပဏီအဖွဲ့များမှ ဆောင်ရွက်နေသည့် ၆၂ မိုင် လုပ်ငန်းပြီးစီးမှုများကို ဒီနေရာမှာ ရှင်းလင်း ပြောကြားလိုပါတယ်။ လမ်းတာဘောင် အကျယ် ၅၀ပေချဲ့ခြင်းက ၂၆မိုင် ၄ဖာလုံ၊ လမ်းတာဘောင် ၃ ပေ မြှင့်တင်ခြင်းက ၅မိုင်၊ ၁၂ ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်းက ၃ မိုင် ၆ ဖာလုံတို့ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ စက်၊ ယာဉ်၊ ယန္တရား ၅၅ စီး ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ လမ်းလုပ်ငန်းများနဲ့အတူ တစ်ပြိုင်နက်တည်း တံတားကြီး၊ တံတားငယ် ၄၂၈ စင်းကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။ ယခင်ကာလများက ချောင်းရေကျချိန် စောင့်ဆိုင်းနေရ၍ ခက်ခဲစွာ ကူးရသော မိုင်တိုင် ၇၇ မိုင်မှာ ရှိတဲ့ ဇော်ချောင်းတံတား ဟာ ၁၈၀ ပေအရှည် ၂ လမ်းသွား သံကူ ကွန်ကရစ် တံတားအဖြစ်တည်ဆောက်ပြီး ၂၁-၁-၂၀၁၁ ရက် နေ့မှာ အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါ တယ်။ ဒါ့အပြင် ယခင်က ကုန်စည်စီးဆင်းမှုကို အဟန့်အတား ဖြစ်စေတဲ့ နမ့်ခွန်တံတားကိုလည်း တန် ၆၀ ခံ ၃၅၀ပေ အရှည်ရှိ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ယက်မ ၂ လမ်းမောင်း တံတားအဖြစ် တည်ဆောက်ပြီး မကြာမီမှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်တော့မှာ ဖြစ်တဲ့အပြင် ပေ ၂၈၀ ရှိတဲ့ မန်ရွဲ့ ဘေလီတံတား၏ ကမ်းကပ်ခုံ ၂ ခုနဲ့ ရေလယ်တိုင် ၂ ခုကိုလည်း ရေတွင်းခွေအုတ်မြစ်နဲ့ သံကူ ကွန်ကရစ်တိုင်အဖြစ် အားဖြည့်ဆောင်ရွက်လျက်ရှိပါတယ်။ လမ်းတစ်လမ်းလုံး သက်တမ်းပြည့် ခံနိုင်ဖို့ ဆိုတာ လမ်းအသုံးပြုသူများရဲ့ စည်းကမ်းလိုက်နာမှုနဲ့ အသိတရားဟာ အလွန်အရေးကြီးပါတယ်။ သတ်မှတ်တန်ချိန်ထက် ပိုတင်ဆောင်တဲ့ တန်ပိုယာဉ်ကြီး တွေ ဖြတ်သန်းအသုံးပြုမယ်ဆိုရင်တော့ ၁၀နှစ်ခံမယ့်လမ်းဟာ ၂နှစ် ၊ ၃နှစ်နဲ့ပျက်စီးမှာဖြစ်ပါတယ်။ ဒီလိုလမ်းများ ပျက်စီးသွားမှုဟာ နိုင်ငံတော်အတွက်ရော၊ ဒေသခံပြည်သူအတွက်ပါ များစွာ ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒေသခံကိုယ်စားလှယ်တော်ကြီးများမှတဆင့် ဒေသခံပြည်သူများကို မေတ္တာရပ်ခံလိုတာကတော့ မိမိဒေသအတွင်းမှာ ပြည်ထောင်စုလမ်းမကြီးတွေ မပျက်စီးရအောင်၊ ကုန်တင်ယာဉ်ကြီးများ စနစ်တကျစည်းကမ်းဖြင့် တင်ဆောင်အသုံးပြုရန်အတွက် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ် မေတ္တာရပ်ခံ ပြောကြားပေးဖို့လိုပါတယ်။ ဒါကြောင့်မို့ မန္တလေး-ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဟာ နိုင်ငံတော်နဲ့ ဒေသမှာ အရေးပါသော လမ်းမကြီးဖြစ်တဲ့အတူ အချိန်တို အတွင်းမှာ စံချိန်စံညွှန်းမီတဲ့ လမ်းတစ်ခုဖြစ်ပေါ်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းချဲ့ခြင်း၊ လမ်းသားမြှင့်တင်ခြင်း၊ ထိန်းသိမ်းခြင်း၊တံတားများ အဆင့်မြှင်တင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပါကြောင်းနဲ့ ပြီးစီးသွားသော လမ်းတံတားများကိုလည်း ရေရှည်အသုံးပြုနိုင်ရေးအတွက် လမ်းလည်း လမ်းအလိုက်၊ ယာဉ်လည်းယာဉ်အလိုက် စည်းကမ်းတကျ သွားလာနိုင်ရေး ဒေသခံ ပြည်သူများကို ကိုယ်စားလှယ်တော်ကြီးမှတဆင့် ပြန်လည်ပြောကြားပေးပါရန် ရှင်းလင်းဖြေကြားပါသည်။
