နိုင်ငံတော်မှာ ကားလမ်း၊ ရထားလမ်းများ တိုးချဲ့ဖွင့်လှစ်ဖောက်လုပ်ပြေးဆွဲလျက်ရှိသော်လည်း ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ကျေးရွာများနှင့် မြို့များမှာ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးပိုင် ဧရာဝတီ သင်္ဘောလေးများကို အားကိုးအားထားပြုပြီးတော့ သွားလာနေရဆဲဖြစ်ပါတယ်။ အရင်တုန်းက ရန်ကုန်-ပြည် ဧရာဝတီမြစ်ရိုးတစ်လျှောက်ခရီးစဉ်မှာ ဧရာဝတီသင်္ဘောလေးများဟာ နေ့စဉ်အစုန် အဆန်ရှိခဲ့သဖြင့် ကုန်တင်ပို့ခြင်းနှင့် ခရီးသွားလာရေးမှာ များစွာအဆင်ပြေခဲ့ပါတယ်။ အခုအခါမှာ အဲဒီသင်္ဘောလေးများဟာ တစ်ပတ်လျှင်တစ်ကြိမ်သာ ပြေးဆွဲလျက်ရှိတဲ့အတွက် ကုန်စည်သယ်ပို့ရေး နှင့်ခရီးသွားလာရေးမှာ အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း မဲဆန္ဒရှင်ပြည်သူများက တင်ပြလာ တာကို တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော့်အနေနဲ့ မေးခွန်း ၂ ခုကို မေးမြန်းလိုပါတယ်။ (၁) ယခု ပြေးဆွဲလျက်ရှိသည့် တစ်ပတ်လျှင် တစ်ကြိမ်ထက် တိုးမြှင့်ပြီးပြေးဆွဲပေးနိုင်ခြင်းရှိ၊မရှိ။ (၂) ယခုလက်ရှိ ပြေးဆွဲနေတဲ့ ဧရာဝတီသင်္ဘောလေးများဟာ အိုမင်းဟောင်းနွမ်းနေပြီဖြစ်တဲ့အတွက် အသစ်အစားထိုးပြီးတော့ လဲလှယ်ပြေးဆွဲနိုင်ခြင်းရှိ၊မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကနေပြီးတော့ ရန်ကုန်-ပြည်ခရီးလမ်းကို တီ/အက်စ် အမျိုးအစားရေယာဉ်များဖြင့် နေ့စဉ်အစုန်အဆန် ပြေးဆွဲ နေရာကနေပြီးတော့ ၁၉၉၉ ခုနှစ်မှာ တစ်ရက်ခြားသာပြေးဆွဲခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်ရောက်တဲ့အခါ ကြတော့ တစ်ပတ်သုံးခေါက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) နေ့များမှာပြေးဆွဲခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ကနေ ၂၀၀၉ ခုနှစ်အထိကို တစ်ပတ် နှစ်ခေါက် (တနင်္လာ၊သောကြာ) ပြေးဆွဲခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဇွန်လ ကနေ ယနေ့အထိ တစ်ပတ်တစ်ခေါက် ( သောကြာနေ့ ) များမှာ ပြေးဆွဲပေးလျက် ရှိပါတယ်။ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ရန်ကုန်ကနေ ပြည်အထိ ခရီးစဉ်အစအဆုံး လမ်းခရီးဆိပ်ကမ်းများ ကနေ ပြီးတော့ လိုက်ပါတဲ့ ခရီးသည်စုစုပေါင်း တစ်ခေါက်ကို ပျမ်းမျှ ၃၀၀ ခန့်လောက်နဲ့ ကုန်တန်ချိန် စုစုပေါင်း ၁၂၀ တန် ကျော်ခန့်ဖြစ်တဲ့အတွက် အသုံးစရိတ်နှင့် ဝင်ငွေအချိုးမှာ ရာခိုင်နှုန်း ၁၄၀ ကျော် ဖြစ်နေတဲ့အတွက် စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိဘဲနဲ့ ဒီခရီးလမ်းက အရှုံးပေါ်နေတဲ့ ခရီးလမ်း တစ်ခုဖြစ်ပါတယ်။ ရန်ကုန်-ပြည်ခရီးလမ်းအနေနဲ့ ကားလမ်းများကောင်းမွန်တဲ့အတွက် ခရီးသည် များဟာ ရေကြောင်းလမ်းခရီးကို အားပြုသွားလာခြင်းမရှိတဲ့အတွက် ရေယာဉ်တွင် ခရီးသည်များလိုက် ပါမှုနည်းပါးပြီးတော့ ခရီးတိုများသာ သွားလာမှုများပါတယ်။ ဒေသထွက်ကုန်များပို့ဆောင်ခြင်းလည်း နည်းတဲ့အတွက်ကြောင့်မို့လို့ ယခုအခါ ခရီးစဉ်များမှာ ပျမ်းမျှအားဖြင့် ခရီးသည် ၆၀ ဦးခန့်သာ လိုက်ပါကြောင်းတွေ့ရှိရပါတယ်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေနဲ့ စီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့အတွက် မိမိဘဏ္ဍာငွေပေါ်မှာ ရပ်တည်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ စီးပွားရေး တွက်ခြေမကိုက်တဲ့ ခရီးလမ်းကို အရှုံးခံပြေးဆွဲနိုင်ခြင်းမရှိတော့တဲ့အတွက် ယခင် တစ်ပတ် ၂ ခေါက် ပြေးဆွဲနေရာမှ တစ်ပတ်တစ်ခေါက်သာ ပြေးဆွဲပေးနိုင်ကြောင်းတင်ပြအပ်ပါတယ်။ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဂျပန်နိုင်ငံ၏ ODA ချေးငွေနဲ့ မြစ်ဝကျွန်း ပေါ်ဒေသတွင် ပြေးဆွဲနိုင်ဖို့ ခရီးသည် ၂၀၀ ဦးတင်ဆောင်နိုင်မယ့် နှစ်ထပ်ရေယာဉ် ၄ စီး တည်ဆောက်ရန် အဆိုပြုတင်ပြထားပြီး အဲဒီရေယာဉ် အသစ်တွေတည်ဆောက်ပြီးပါက လိုအပ်တဲ့ ခရီးလမ်းများမှာ ဦးစားပေးပြေးဆွဲရန် စီစဉ်ထားရှိပါတယ်။ ရန်ကုန်-ပြည်ခရီးစဉ်အနေနဲ့တော့ ခရီးသည်နှင့်ကုန်စည် ပို့ဆောင်မှုအခြေအနေအရ တစ်ပတ်မှာ တစ်ခေါက်ထက် တိုးမြှင့်ပြေးဆွဲ ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ဒီခရီးလမ်းမှာလည်း သင်္ဘောအသစ်များ အစားထိုးပြေးဆွဲပေး နိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားပါသည်။
