ကြံသီးနှံစိုက်ပျိုးထုတ်လုပ် သောတောင်သူများအား စပါးနှင့်မိုးဆောင်းသီးနှံများနည်းတူ ထိုက်သင့်သော စိုက်ပျိုးစရိတ်ချေးငွေများရရှိရေးနှင့် ဆောင်းသီးနှံဆီထွက်သီးနှံဖြစ်တဲ့ မြေပဲနှင့် အခြားပဲအမျိုးမျိုး စိုက်ပျိုးထုတ် လုပ်သော တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရာတွင် ထုတ်ချေးငွေ ကွာခြားမှု မများစေ ပဲ ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များဖြစ်ပါတယ်။
ကျန်သီးနှံစိုက်ပျိုးမှုနှင့်ပတ်သက်ပြီးတော့ လက်လှမ်း မီသလောက် တင်ပြလိုပါတယ်။ အထူးသဖြင့် နိုင်ငံတော်ပုဂ္ဂလိက သကြားစက်ရုံစီမံကိန်းများ တည်ရှိရာနေရာများဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာတော့ ကြံသီးနှံစိုက်ပျိုးမှုဧက တော်တော်များများ ရှိနေတာကို တွေ့ရပါတယ်။ အထက်ပိုင်းဒေသများဖြစ်တဲ့ ထီးချိုင့်မြို့နယ်မှာဆိုရင် ကြံစိုက်ဧက ၅၆၀၂၀ ဧက၊ ကသာမြို့နယ်မှာ ဆိုရင် ကြံစိုက်ဧက ၅၀၁၀၈ ဧကနှင့် သပိတ်ကျင်းမြို့နယ်ဆိုရင် ကြံစိုက်ဧက ၁၀၀၀၀၊ စုစုပေါင်း ဧရာဝတီမြစ်အထက်ပိုင်း ကြံစိုက်ဧကဒေသတွေမှာ စိုက်ပျိုးဧက ၁ သိန်းကျော်ရှိနေတာကို တွေ့ရှိနေရ ပါတယ်။ ကြံစိုက်တောင်သူများရဲ့ အခြေအနေကို တင်ပြရမယ်ဆိုရင် နိုင်ငံတော်မှ ထုတ်ချေးပေးတဲ့ စိုက်ပျိုးစရိတ်ချေးငွေကို ဘယ်ကာလကမှ ရရှိခဲ့ခြင်း မတွေ့ရပါဘူး။ စိုက်ပျိုးစရိတ်အတွက် ပြင်ပပုဂ္ဂလိကများထံမှ အတိုးနှုန်းမြင့်မားစွာဖြင့် ချေးယူနေကြပြီး အတိုးပေါ် အတိုးဆင့် မှုများကြောင့် ဘဝပျက်ခဲ့ရတဲ့ တောင်သူများစွာ ရှိခဲ့ကြပါတယ်။ သို့အတွက် ကြံစိုက်တောင်သူများကို ဘဝရပ်တည် ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေရရှိရေး နိုင်ငံတော်မှ စဉ်းစားပေးသင့်ပါကြောင်း တင်ပြလိုပါတယ်။ သို့ပါ၍ စိုက်ပျိုး ရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသူချင်း အတူတူပင် ဖြစ်လင့်ကစား ခံစားခွင့်များ ဆုံးရှုံးနေမှုများအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ကြံသီးနှံစိုက်ပျိုးစရိတ် ချေးငွေများရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြလိုပါတယ်။ တစ်ဆက်တည်း တင်ပြလိုသောကိစ္စကတော့ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကိစ္စပဲ ဖြစ်ပါတယ်။ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို သင့်တင့်မျှတသော အနေအထားနှင့် ထပ်မံတိုးမြှင့်ပေးခြင်း အစီအစဉ်ရှိ၊ မရှိမေးခွန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်တင်က ၂၈-၈-၂၀၁၂ ရက်နေ့ ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၃၄) ရက် မြောက်နေ့ အစည်းအဝေး၌ တင်ပြခဲ့ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနက တိုးမြှင့်ပေးမည့်အစီအစဉ် မရှိသေးဘူး လို့သိရတော့ မေးမြန်းတင်ပြဖို့ အားလျော့သွားပါတယ်။ သတင်းစာပါအချက်အလက်ကို ပြန်ကြည့်တဲ့ အခါမှာ သက်ဆိုင်ရာဝန်ကြီးဌာနက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ချေးမယ့် ချေးငွေ အမျိုးအစား အားလုံးအတွက် ရန်ပုံငွေတွက်ချက်လျာထားဆောင်ရွက်ပြီးဖြစ်လို့ ဆောင်းသီးနှံ အတွက် နှုန်းထားတိုးမြှင့်ထုတ်ချေးပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားထားချက်ကို သိရှိရတဲ့အတွက် ဒီနှစ်မရရင် ရှေ့နှစ်စဉ်းစားပေးပါရန် တောင်သူများကိုယ်စား မေးမြန်းရခြင်းပဲ ဖြစ်ပါတယ်။
ဆောင်းသီးနှံနှင့်ပတ်သက်ပြီး စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်ချေးပေးမှု တင်ပြလိုပါတယ်ခင်ဗျား။ အခုအခြေအနေမှာ စပါးဆိုရင် တစ်ဧက တိုးမြှင့်ချေးငွေ ၅၀၀၀၀ ကျပ် ဖြစ်လာတဲ့အတွက် တောင်သူများ ကျေနပ်ဝမ်းမြောက်ကြရပါတယ်။ ဆောင်းသီးနှံ စိုက်ပျိုးတစ်ဧက ဆိုလျှင် ၁၀၀၀၀ ကျပ်ရရှိပြီး ပဲအမျိုးမျိုးလည်း ဒီလောက်ပဲရပါတယ်။ တင်ပြလိုတဲ့အချက်ကတော့ မြေပဲတစ်ဧကရဲ့ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ဟာလည်း စပါးနှင့်မကွာလောက်ပါဘူး။ သိပ်ပြီး မကွာလှတဲ့အတွက် ကိုင်းတောင်သူများကလည်း စိုက်ပျိုးစရိတ်ချေးငွေကို စပါးစိုက်ပျိုး စရိတ်ချေးငွေ နှင့် ကွာဟမှုနည်းပါးစွာ ထုတ်ချေးခွင့်ရရှိတဲ့ဆန္ဒများရှိကြောင်း သိရှိရပါတယ်။ သို့အတွက် ကိုင်း တောင်သူများရဲ့ စိုက်ပျိုးစရိတ်ချေးငွေကိုလည်း နိုင်ငံတော်မှ စဉ်းစားပေးဖို့သင့်ပါကြောင်း တင်ပြလို ပါတယ်။
ဒီနှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မပေးနိုင်သေးဘူးဆိုရင် လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ရေး စဉ်းစားပေးသင့်ပါတယ်။ ဒါမှလည်း ကိုင်းတောင်သူများရဲ့ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက်ပျိုးရေးတိုးတက် လာစေမှာ ဖြစ်ပါတယ်။ နိဂုံးချုပ် အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေမရရှိသေးတဲ့ ကြံတောင်သူများအတွက် စဉ်းစားဆောင်ရွက်ပေးရေး အစီအမံများနှင့် စိုက်ပျိုးစရိတ်ချေးငွေကွာဟချက်ရှိနေသော ကိုင်းတောင်သူများရဲ့ စိုက်ပျိုးစရိတ် ချေးငွေ ဆောင်ရွက်ပေးမည့် အခြေအနေများ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးရာဒေသ အနှံ့အပြားရှိရာ ထွက်ရှိကြံများအား သကြားစက်ရုံ သို့ရောင်းချခြင်း၊ သကြားစက်ရုံနှင့်ဝေးလံဒေသကြံများမှာ ပွက်ရည်ကြံသကာချက်လုပ်ခြင်းတို့ဖြင့် အသုံးပြုကြပါတယ်။ ယခုကိုယ်စားလှယ်တော်ကြီးတင်ပြသည့် ထီးချိုင့်မြို့နယ်တွင် တစ်ရက်လျှင် ကြံတန် ၂၀၀၀ ကြိတ်ဝါးစွမ်းအားရှိ Great Wall Co., ပိုင် မောင်းကုန်း သကြားစက်၊ တစ်ရက်လျှင် ကြံတန် ၂၀၀ ကြိတ်ဝါးစွမ်းအားရှိ မြတောင်သားသကြားစက်နှင့် UTV သကြားစက်ရုံများ ရှိကြပါတယ်။ မြန်မာနိုင်ငံကြံစိုက်ပျိုးမှုနှင့် သကြားထုတ်လုပ်မှုလုပ်ငန်းသည် ကြံတောင်သူနှင့်သကြားစက်ရုံ အကျိုးတူစီးပွားရေးဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပါတယ်။ ကြံတောင်သူများ ကြံစိုက်ပျိုးမှသာ စက်ရုံမှကုန်ကြမ်းရရှိ၍ သကြားထုတ်လုပ်ရောင်းချသည့် လုပ်ငန်းအား ဆောင်ရွက်ရပါတယ်။ စက်ရုံမှ ရရှိသည့် အကျိုးအမြတ်အရ ကြံတောင်သူသို့ သင့်တော်သည့် ကြံဈေးသတ်မှတ်၍ ဝယ်ယူရပါတယ်။ ကျွန်းကိုင်းမှီကိုင်းကျွန်းမှီ ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သဖြင့် သင့်လျော်သည့် ကြံဈေးနှုန်း သတ်မှတ်ဝယ်ယူခြင်းသာမကပဲ သကြားစက်ရုံပိုင်ရှင်များအနေနှင့် ကြံတောင်သူများ၏ စိုက်ပျိုးစရိတ် ရင်းနှီးမြှုပ်နှံငွေအား ကြိုတင်ပံ့ပိုး၍ ကြံဝယ်ယူချိန်တွင် ခုနှိမ်ယူသည့် အလေ့အထဖြင့် ဆောင်ရွက်ကြပါတယ်။
နိုင်ငံပိုင်သကြားစက်များအား ၂၀၁၁-၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်မူဝါဒအရ ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်းပေးပြီးနောက်ပိုင်း ငှားရမ်းလုပ်ကိုင်သည့် ကုမ္ပဏီများအနေနှင့် ဒေသတွင်း တောင်သူများ၏ လိုအပ်ချက်အပေါ် အခြေခံ၍ ထွန်ယက်ရေး၊ ဓာတ်မြေသြဇာ၊ ဘောင်လုံးစရိတ် စသည်တို့အား ပစ္စည်း၊ ငွေကြေးဖြင့် ပံ့ပိုးလျက်ရှိရာမျိုးလိုအပ်သည့် ကြံတောင်သူများအား ကြံမျိုး ပံ့ပိုး ပေးပြီး၊ တောင်သူအများစုအား ခင်းသစ်တစ်ဧကလျှင် ၁၀၀၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်ခန့်ထိ၊ လမိုင်း တစ်ဧကလျှင် ကျပ် ၂၅၀၀၀ မှ ၆၀၀၀၀ ခန့်ထိ ကြိုတင်ပံ့ပိုးပေးကြပါတယ်။
ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် ထီးချိုင့်မြို့နယ်ရှိ ပုဂ္ဂလိကသကြားစက်ရုံများသည် ကြံဝယ်ယူရေးကြိုတင်စရန်ငွေအဖြစ် ဇွန်လမှစတင်၍ ကြံတစ်တန်လျှင် ၈၀၀၀ ကျပ်နှုန်း ထုတ်ပေး လျက်ရှိကြောင်း သိရှိရပါတယ်။ အဆိုပါကြိုတင်ချေးငွေဖြင့် ဘောင်လုံးခြင်း၊ မြေသြဇာကျွေးခြင်း၊ ပေါင်းရှင်းခြင်းနှင့် ကြံခုတ်သိမ်းခြင်းတို့အား ကျခံဆောင်ရွက်နိုင်ပါတယ်။
ထို့ပြင် မောင်းကုန်း သကြားစက်အနေနှင့် အထက်ပါ ချေးငွေပေးသည့် စနစ်အပြင် ၅ နှစ် ချေးငွေအဖြစ် ကြံတောင်သူ ၁၄၈ ဦး၊ ဧက ၃၀၈၀ အား တစ်ဧကလျှင် ၈၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကန်ထရိုက်အကျိုးတူ စိုက်နည်းစနစ်ဖြင့် ကြံတောင်သူ ၈၀ ဦး၊ ၂၂၃၃ ဧက အား တစ်ဧကလျှင် ငွေသား ၃၀၀၀၀ ကျပ်နှုန်းအပြင် မျိုးပံ့ပိုးခြင်း၊ ထွန်ယက်ခြင်း၊ မြေသြဇာ ပံ့ပိုးပေးခြင်း ဖြင့်သော်လည်းကောင်း ဆောင်ရွက်ပေးနေကြောင်း သိရှိရပါတယ်။ ထီးချိုင့်မြို့နယ် ကြံစိုက်တောင်သူ များအတွက် စိုက်စရိတ်အနေနှင့် သက်ဆိုင်ရာ စက်ရုံလုပ်ငန်းရှင်များမှ ဆောင်ရွက်ပေးလျှက်ရှိခြင်း ကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနှင့် လောလောဆယ် ငွေထုတ်ချေးရန် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားအပ်ပါတယ်။ နိုင်ငံတော်၏ အဓိကသီးနှံဖြစ်သည့် စပါးသီးနှံကိုတော့ ဦးစားပေးအနေဖြင့် တစ်ဧက ကျပ် ၅၀၀၀၀ နှုန်းအထိ ယခု ၂၀၁၂ မိုးရာသီချေးငွေမှစတင်၍ တိုးမြှင့် ထုတ်ချေးပေးလျက်ရှိပါတယ်။
မြေပဲသီးနှံအပါအဝင် ဆောင်းသီးနှံများကို အခါအားလျော်စွာနှုန်းထားများ တိုးမြှင့်ပေးခဲ့ရာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၆၀၀၀ နှုန်းနှင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှစတင်၍ ကျပ် ၁၀၀၀၀ အထိ တိုးမြှင့်ထုတ်ချေးပေးလျက်ရှိပါတယ်။ ဆောင်းသီးနှံစိုက်တောင်သူများအနေနှင့် ငွေကြေးလိုအပ်ချက်ရှိပါက ၎င်းတို့နှင့် အကျိုးတူဆောင်ရွက်နေကြသည့် ကုမ္ပဏီများ၊ အခြားအထူးပြု ကုမ္ပဏီကြီးများနှင့်လည်း ညှိနှိုင်းပြီး ချေးငွေရယူနိုင်မည် ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏ အဓိကစားသုံးသီးနှံအမယ်ဖြစ်သော ဆန်စပါးသီးနှံစိုက်လိုအား ပိုမိုတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော် ဘဏ္ဍာငွေကြေး လည်ပတ် နိုင်မှုအခြေအနေပေါ်မူတည်၍ စိုက်ပျိုးစရိတ်ပိုမိုတိုးမြှင့် ထုတ်ချေးပေးနိုင်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိနေပါကြောင်းနှင့် လောလောဆယ်အနေဖြင့် ဆောင်းသီးနှံများအတွက် နှုန်းထား တိုးမြှင့်ထုတ်ချေးပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
