(ခ)-လက်ကိုင်ဖုန်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၁-၃-၂၀၁၁)

မျက်မှောက်ကာလမှာ နိုင်ငံတော်ဘက်စုံ၊ ကဏ္ဍစုံ၊ တိုးတက်ဖွံ့ဖြိုးရေးအတွက် မိုဘိုင်း တယ်လီဖုန်းဆက်သွယ်ရေးဟာ အလွန်အရေးပါတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ရဲ့အိမ်နီးချင်း နိုင်ငံများမှာ နိုင်ငံသားတိုင်း မိုဘိုင်းဖုန်းဆင်းကတ်များကို အဖိုးနှုန်းချိုသာစွာနဲ့   အသုံးပြုနိုင်အောင်   ဆောင်ရွက်ပေးနေတာကို တွေ့ရှိရပါတယ်။  လက်ရှိအချိန်

လေ့လာတွေ့ရှိချက်အရဆိုရင် မိုဘိုင်းဖုန်း ဆင်းကတ်တစ်ခုရဲ့တန်ဖိုးဟာ တရုတ်နိုင်ငံမှာ တရုတ်ငွေ (၆၀) ယွမ် ၊  မြန်မာငွေကျပ် (၈၀၀၀)ခန့် ၊   လာအိုနိုင်ငံမှာ  (၂၀၀၀၀)ကစ်ပ် ၊ မြန်မာငွေအားဖြင့် (၂၄၀၀)ကျပ်ခန့်၊   ထိုင်းနိုင်ငံမှာ  (၄၉) ဘတ်၊  မြန်မာငွေ  အားဖြင့် (၁၄၃၀) ကျပ်ခန့်၊  အိန္ဒိယနိုင်ငံမှာ

 (၅)ရူပီ၊ မြန်မာငွေအားဖြင့် (၁၀၅)ကျပ်ခန့်သာ ကျသင့်ကြောင်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ အိမ်နီးချင်းနိုင်ငံများမှာ မြန်မာငွေကျပ်(၁၀၀၀၀)အောက် သာကျသင့်တဲ့ လက်ကိုင်ဖုန်းစနစ်များဟာ မြန်မာနိုင်ငံမှာ အဘယ်ကြောင့် ကျပ်(၅၀၀၀၀၀) ကျသင့် နေသည်ကို သိရှိလိုပါတယ်ခင်ဗျာ။ တစ်ဆက်တစ်စပ်တည်း မေးမြန်းလိုသည်မှာ မြန်မာနိုင်ငံမှာ တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်း စနစ်ကိုမည်သည့်ကာလမှာ မည်ကဲ့သို့ ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဇော်
အဖြေ

အိမ်နီးချင်းနိုင်ငံများမှာ မြန်မာငွေကျပ်(၁၀၀၀၀)ခန့်သာကျသင့်သည့် လက်ကိုင်ဖုန်းများကို မြန်မာနိုင်ငံတွင် အဘယ်ကြောင့် (၅၀၀၀၀၀) ခန့်ကျသင့်နေသည်ကို သိလိုပါတယ် ဆိုပြီးတော့ ကိုယ်စားလှယ်တော်ကြီးက မေးမြန်းထားပါတယ်။

          ကျွန်တော်ပထမ အကျဉ်းချုံးပြီး ဖြေလိုပါတယ်။ တယ်လီဖုန်း တပ်ဆင်မှုစနစ်များဟာ လိုင်းအင်အား  နည်းပါးလို့ရှိရင်  လိုင်းတစ်လိုင်း  အပေါ်မှာ  ကျသင့်တဲ့ငွေ   ပမာဏ  ကြီးမားပါတယ်။

လိုင်းအင်အားများပြားလို့ရှိရင်လိုင်းတစ်လိုင်းအပေါ်မှာ ကျသင့်တဲ့ငွေပမာဏလျော့နည်းသွားပါတယ်။ ဒါ့ကြောင့်လိုင်းများ အဆင့်အတန်းမြင့်မားကောင်းမွန်၍ လိုင်းအင်အားများတိုးချဲ့ရန်နှင့် လိုင်းတစ်လိုင်း အပေါ်ကျသင့်ငွေ လျော့ချနိုင်ရေး အစီစဉ်များကို အဆင့်အလိုက် စနစ်တကျဆောင်ရွက်လျက် ရှိကြောင်းကို ပထမဖြေကြားလိုပါတယ်။ ယခုအခါ အားလုံးသိရှိတဲ့အတိုင်း ကျေးလက်နဲ့ မြို့ပြ ဒေသများမှာရှိတဲ့ (PCO)တယ်လီဖုန်း ၊ (Public Call Office)လို့ခေါ်တဲ့ တယ်လီဖုန်းတွေကို  ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေအားလုံး လွယ်လင့်တကူပြောဆိုနိုင်ဖို့ရာအတွက် ကျွန်တော်တို့ အခမဲ့တပ်ဆင်ပေးပြီးတော့  ပြောဆိုခကိုသာ  ယူတဲ့စနစ်ကို  ဒီနေ့  ကျင့်သုံးပေးလျက်ရှိနေပါတယ်။ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနအနေနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝကိုတိုက်ရိုက် အထောက်အကူ ဖြစ်စေတဲ့ တယ်လီဖုန်းတပ်ဆင်ခြင်းလုပ်ငန်းကို နိုင်ငံအနှံ့တိုးချဲ့ တပ်ဆင်ပေးလျက် ရှိပါတယ်။ တယ်လီဖုန်းတပ်ဆင်ရာတွင် တပ်ဆင်လိုတဲ့ နေရာမှာ အိတ်ချိန်းအဆောက်အအုံ တည်ဆောက်ပေးရပါတယ်။ ဆက်သွယ်ရေး၊ အဝေးဆက်သွယ်ရေးစနစ်များ တည်ဆောက်ပေး ရပါတယ်။  မြို့တွင်း ကေဘယ်တွေ  တည်ဆောက် ပေးရပါတယ်။  လျှပ်စစ်ဓာတ်အားရရှိရေးနှင့် လိုအပ်တဲ့ ဆက်သွယ်ရေးစက်ပစ္စည်းများ တပ်ဆင်တဲ့ အခြေခံ အဆောက်အအုံများကို ကျွန်တော်တို့ တည်ဆောက်ပေးရတာ ဖြစ်ပါတယ်။ ဒီလောက်နဲ့တင် မကဘဲနဲ့ ကျွန်တော်တို့ တပ်ဆင်တဲ့ ဆက်သွယ်ရေးစနစ်ကနေပြီး ပြည်တွင်းအနှံ့နဲ့ ကမ္ဘာအနှံ့ ကိုပါပြောဆိုဆက်သွယ်နိုင်ဖို့ရာ အတွက် ဆက်သွယ်ရေး  ဆက်ကြောင်းများနဲ့  Trunk Gate way များကိုလည်း တိုးချဲ့ပြီးတော့ဆောင်ရွက် ရပါတယ်။

          ကျွန်တော့်အနေနဲ့ဆိုလိုတာက နေရာတစ်နေရာမှာ တယ်လီဖုန်းစနစ်တပ်ဆင်ရင် ဒီနေရာနဲ့ လိုက်လျောညီထွေစွာ ကျန်တဲ့နေရာအားလုံးမှာလည်း လွယ်လင့်တကူ ပြောဆိုဆက်သွယ်နိုင်ဖို့ရာ အတွက် ဆောင်ရွက်ရတယ်ဆိုတဲ့ အခြေအနေလေးကို ကျွန်တော်လုပ်ငန်းသဘာဝအရ တင်ပြခြင်း ဖြစ်ပါတယ်။ အော်တိုတယ်လီဖုန်းလိုင်းများနဲ့ပတ်သက်လို့ ပထမပြောလိုပါတယ်။ အော်တိုတယ်လီဖုန်း များစတင်တပ်ဆင်ချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ တစ်လိုင်းကိုဆယ်သိန်းကျော်ခန့် ကျွန်တော်တို့ ကျခဲ့ ပါတယ်။ မြို့နယ်များစွာမှာ တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်ခဲ့တာနဲ့အမျှ ယခုအချိန်မှာ နယ်ဒေသ များမှာ အော်တိုတယ်လီဖုန်းတပ်ဆင်ခဟာခြောက်သိန်းကျော်ခန့်သာကျတဲ့အခြေအနေကို ရောက်ရှိ လာပါတယ်။ အလျဉ်းသင့်လို့ဒီနေရာမှာ ကျွန်တော်တစ်ခုတင်ပြလိုပါတယ်။ ၁၉၈၈ခုနှစ်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာအော်တိုအိတ်ချိန်းတပ်ဆင်ပြီး မြို့နယ်ပေါင်း(၁၂)မြို့နယ်သာ ကျွန်တော်တို့ရှိခဲ့ပါတယ်။

အော်တိုတယ်လီဖုန်း လိုင်းပေါင်းတစ်သောင်းနဲ့ နှစ်ထောင်ရှိခဲ့ပါတယ်။ ဒီနေ့ ယခုအချိန်အခါမှာ အော်တိုတယ်လီဖုန်းတပ်ဆင်ပြီး မြို့နယ်ပေါင်း (၃၀၄) မြို့နယ်ရှိပါတယ်။ အော်တိုတယ်လီဖုန်း အိတ်ချိန်းပေါင်း (၃၀၄)မြို့နယ်မှာ (၉၂၈)ခု တပ်ဆင်ပြီးတော့ လိုင်းအင်အားပေါင်း (၁၁၀၀၀၀၇) လိုင်းကို အသုံးပြုနေပါတယ်။ ယခုအခါမှာပိုမိုခေတ်မီပြီးတော့ ပိုမိုအဆင့်အတန်းမြင့်မားတဲ့ Soft Switch များကို အခြေခံပြီးတော့ Triple Play Services များကိုပါ ပြည်သူ လူထုကို ပေးနိုင်ဖို့အတွက် ဆောင်ရွက်လျက်   ရှိတယ်ဆိုတာ    အသိပေးတင်ပြအပ်ပါတယ်။  

          အထက်ပါ  အော်တိုတယ်လီဖုန်း စနစ်လိုပါပဲ။  ရှေးဦးကာလ    မိုဘိုင်းတယ်လီဖုန်းစနစ်များ    တပ်ဆင်တဲ့ အချိန်မှာလည်း အခြေခံအ‌ဆောက်အအုံနဲ့ စက်ပစ္စည်းများကြောင့် စတင်တပ်ဆင်တဲ့ အချိန်မှာ တယ်လီဖုန်းတစ်လိုင်းကို (၁၅)သိန်းခန့်နဲ့ တပ်ဆင်ပေးခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ မိုဘိုင်းစနစ်ကို တစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့  တိုးချဲ့တပ်ဆင်ခဲ့ရာမှာ   အခြေခံအဆောက်အအုံ ပိုင်းဆိုင်ရာမှာ သုံးစွဲရန် လျော့နည်းလာတဲ့အတွက် ယခုအချိန်မှာ ဒေသသုံးမိုဘိုင်း တယ်လီဖုန်း တစ်လုံးကို (၅)သိန်းနှုန်းဖြင့် တပ်ဆင် ပေးလျက်ရှိပါတယ်။ ယခုအချိန်အထိ မိုဘိုင်းတယ်လီဖုန်း တပ်ဆင်ပြီးမြို့ပေါင်း(၂၂၁)မြို့ရှိပြီး၊ တပ်ဆင် ပြီးတဲ့ လိုင်းအင်အားပေါင်း နှစ်သန်းကျော်ဖြစ်ပါတယ်။ ထို့အပြင် ယခင်က တယ်လီဖုန်းပြောဆိုခများကို  ဆောင်ရွက်တဲ့အချိန်မှာ ( Post Paid )လို့ခေါ်တဲ့   စနစ်ကို ကျင့်သုံးခဲ့ရာမှ  ယခုအချိန်မှာ အများပြည်သူများ အားလုံး အဆင်ပြေစေရန်အတွက် Top up Cards များနှင့် (Prepaid) စနစ်ကိုပြောင်းလဲပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။

          ထိုသို့ တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်ပြီး တပ်ဆင်ခနှုန်းထားများ လျော့နည်းအောင် ဆောင်ရွက်သကဲ့သို့ မိုဘိုင်း တယ်လီဖုန်းများမှာ Voice ဆိုတဲ့အသံသာမက Data ဆိုတဲ့ အချက် အလက်စနစ်များပါသုံးစွဲနိုင်စေရန်အတွက် တိုးတက်ဆောင်ရွက်လျက်ရှိပါတယ်။ Data စနစ်ကို  သုံးစွဲတဲ့အချိန်မှာ ပိုမိုလုံခြုံသော   နိုင်ငံအတွင်းတွင်ကျယ်ပြန့်စွာအားထား  သုံးစွဲနိုင်မည့် Intranet  စနစ်မှ Internet စနစ်သို့ တက်လှမ်းသုံးစွဲသွားနိုင်အောင်လည်း စီစဉ်ဆောင်ရွက်ပေး လျက်ရှိတယ် ဆိုတာ အလျဉ်းသင့်လို့တင်ပြလိုပါတယ်။ တင်ပြပါအတိုင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနဟာ ပြည်သူများအတွက် ယနေ့ဆိုလို့ရှိရင်  Transmission လိုင်းမှာ မိုင်ပေါင်း ခုနှစ်ထောင်ကျော် Fiber Cable များ ခင်းကျင်းပြီးတော့အဆင့်မြင့် Micro ဆက်ကြောင်းများ လည်းတပ်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်ပဆက်သွယ်ရေး စနစ်များကိုလည်း တိုးချဲ့လျက်ရှိပါတယ်။ ကျန်တယ်လီဖုန်း စနစ်များကို လည်းတိုးချဲ့လျက်ရှိပါတယ်။ တယ်လီဖုန်းလိုင်းတစ်လိုင်းရဲ့ တန်ဖိုး တဖြည်းဖြည်းလျော့နည်း ကျဆင်း သွားအောင်လည်း ဆောင်ရွက်လျက်ရှိတယ်လို့ ကျွန်တော်တို့တင်ပြ ပြောကြားလိုပါတယ်။ ထိုသို့ တယ်လီဖုန်းများ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက် နိုင်ရန်အတွက် ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ကနေပြီးတော့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ  စိစစ်ခွင့်ပြုထားသော ရတနာပုံတယ်လီပို့စ်ကုမ္ပဏီနဲ့ သတင်းအချက်အလက် နည်းပညာဗဟိုဝန်ဆောင်မှုကုမ္ပဏီများနှင့် စုပေါင်း ပြီးဆောင်ရွက်လျက် ရှိနေတယ်ဆိုတာကိုလည်းတင်ပြ ပြောကြားလိုပါတယ်။

          နိဂုံးချုပ်အားဖြင့် ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့်အတိုင်း လက်ကိုင်တယ်လီဖုန်းလို့ ခေါ်ဆိုကြတဲ့ မိုဘိုင်းတယ်လီဖုန်းစနစ်ကို ပိုမို၍ပြည့်စုံကောင်းမွန်စေရန်နှင့် တပ်ဆင်ခ နှုန်းထားများ   လျော့ချနိုင်ရေးအတွက်   ဝန်ကြီးဌာနအနေဖြင့်   နှစ်တို၊  နှစ်ရှည်   စီမံချက်များ   ချမှတ်ဆောင်ရွက် နေသည့် အစီအမံများတွင် ပါရှိပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။