လာဘ်ပေးလာဘ်ယူ အကျင့် ဆိုးများရှိနေသည့် ကိစ္စရပ်ကို တိုင်းရင်းသားပြည်သူအပေါင်းလုံးဝ မနှစ်သက်ကြပါ။ ထိုကိစ္စ ဆိုးဆိုး ရွားရွားဖြစ်ပေါ်နေရခြင်းမှာ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ရရှိသည့်လစာနှင့် မိသားစုအသုံးစရိတ် မဖူလုံမမျှတခြင်းတို့လည်း အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်းတွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံတော် အစိုးရသစ်က ဝန်ထမ်းများကို လစာတိုးပေးပြီး၊ နောက်နောင် ထိုအကျင့်ဆိုးများ လျော့နည်းပပျောက် သွားစေရန် ပြည်သူတို့နှင့်အတူ မည်သို့မည်ပုံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်အစိုးရက ဝန်ထမ်းများရဲ့ လစာနဲ့စရိတ် အသုံးစရိတ်မျှတ အောင် ခေတ်အဆက်ဆက်မှာ ကျွန်တော်တို့ လစာနှုန်းထားတွေ ပြောင်းပေးခဲ့တယ်ဆိုတာ ခုန ဖြေကြားချက်ထဲမှာ ပါပြီးဖြစ်ပါတယ်။ ၁၉၄၈ခုနှစ်ကနေစပြီးတော့ ကျွန်တော်တို့ ခုနတင်ပြခဲ့ သလိုပဲ ၁၉၇၂ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၇၆ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၈၁ခုနှစ်နဲ့ ၁၉၈၈ခုနှစ်တို့မှာ တစ်ကြိမ်၊ ပြောင်းလဲပြီး ၁၉၈၈ခုနှစ်နောက်ပိုင်းမှာတော့ ၁၉၈၉ခုနှစ်မှာတစ်ကြိမ်၊ ၁၉၉၃ နဲ့ ၂၀၀၀တို့မှာတစ်ကြိမ် အကြိမ်ကြိမ် ကျွန်တော်တို့ ပြောင်းလဲ တိုးမြှင့်ပေးခဲ့ပါတယ်။ နောက်ဆုံး ကျွန်တော်တို့ ၂၀၀၆ နဲ့ ၂၀၁၀မှာတော့ နောက်ဆုံးပြောင်းလဲခြင်းနဲ့ တိုးမြှင့်ပေးခဲ့တဲ့အတွက်ကြောင့် နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာဟာ ခေတ်အလိုက် တိုးတက် ပြောင်းလဲ လာတာတွေ့ရှိရပါတယ်။ အခုလည်းပဲ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကုန်ဈေးနှုန်း အခြေအနေတွေ၊ နိုင်ငံရဲ့ ငွေကြေးအခြေအနေတွေကို သုံးသပ်ပြီးမှ ကျွန်တော်တို့ နှစ်အလိုက်စဉ်းစားပြီး ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ ခုနတင်ပြခဲ့တဲ့ နှစ်တွေကို ကာလတွေပိုင်းခြား၍ ကြည့်လိုက်မယ်ဆိုရင် လေးနှစ်ငါးနှစ်လောက် ကွာတဲ့အချိန်မှာ ကျွန်တော်တို့ တစ်ခါတစ်ခါ တိုးပေးတာဖြစ်ပါတယ်။ ဒီလိုတိုးပေးတာဟာ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများအပြင်၊ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူ သွားကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ရဲ့ ပင်စင်ကိစ္စတွေတိုးတက် ဆောင်ရွက်ပေးခြင်းအားဖြင့် စားဝတ်နေရေးကို ကြည့်ရှုပြီး နိုင်ငံ့ဝန်ထမ်း တွေအပေါ်မှာ နိုင်ငံတော်က ကြည့်ရှုဆောင်ရွက်ခဲ့တာချည်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဆောင်ရွက်ပေးနိုင်ဖို့အတွက် ခုနဖြေကြားခဲ့တဲ့အတိုင်းပါပဲ ကျွန်တော်တို့ဟာ နိုင်ငံတော် အတွင်းမှာ ဖြစ်ပျက်နေတဲ့ ငွေကြေးဖောင်းပွမှုနှုန်း၊ နိုင်ငံတော်အတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်း အခြေအနေ၊ နိုင်ငံတော်အတွင်း လှည့်ပတ်သုံးစွဲနေတဲ့ ငွေကြေးလှည့်ပတ်မှု အခြေအနေတွေ၊ တစ်မျိုးသားလုံးရဲ့ အသားတင်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုတန်ဘိုးတွေရဲ့ တိုးတက်မှုအခြေအနေ၊ ပတ်ဝန်းကျင်နိုင်ငံများရဲ့ ငွေရေးကြေးရေးအခြေအနေတွေကို ဆက်စပ်စဉ်းစားပြီးမှ ကျွန်တော်တို့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဆက်စပ်စဉ်းစားပြီး ခုနလိုဘဲ သင့်တင့်တဲ့ကာလမှာ ကျွန်တော်တို့ဆောင်ရွက်ပေးဖို့ ရှိတယ်ဆိုတာကို တင်ပြလိုပါတယ်။
ဒုတိယအချက်အနေနဲ့ကတော့ ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူ အကျင့်ဆိုးတွေ လျော့နည်း ပပျောက်ဖို့အတွက် လစာတိုးပေးတဲ့ နည်းလမ်းတစ်ခုတည်းနဲ့ ကျွန်တော်တို့ ဆောင်ရွက်လို့မရပါဘူး။ ဒီဝန်ထမ်းများ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းဟာ ဝန်ထမ်းတစ်ဦးချင်း အနေနဲ့လည်းကောင်း၊ ဌာန အနေနဲ့လည်းကောင်း၊ နိုင်ငံတော်အနေနဲ့လည်းကောင်း များစွာမှဂုဏ်သိက္ခာ ညှိုးနွမ်းစေကြောင်းကို ကျွန်တော်တို့ ပညာပေးဆောင်ရွက်ဖို့ လိုပါတယ်။ လာဘ်ပေးလာဘ်ယူပြုလုပ်တာတွေကို တွေ့ရင် လည်း ကျွန်တော်တို့ ဖော်ထုတ်ပြီးထိရောက်စွာ အပြစ်ပေး အရေးယူဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာဘဲ ပြည်သူလူထုအနေနဲ့ကလည်း နိုင်ငံံ့ဝန်ထမ်းများလာဘ်ပေးလာဘ်ယူ မပြုကြရ အောင် ပူးပေါင်းဆောင်ရွက်ပေးဖို့ အထူးလိုအပ်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်ပေးဖို့ အတွက် အသိပေးနှိုးဆော်ခြင်းတွေကိုလည်း ဆောင်ရွက်ပေးဖို့လိုပါတယ်။ ဒါ့အပြင် လာဘ်ပေး လာဘ်ယူ
ပြုလုပ်သူ ဝန်ထမ်းကိုသော်လည်းကောင်း၊ ပြည်သူလူထုကိုသော်လည်းကောင်း တွေ့ရှိခဲ့ရင် တာဝန်ရှိသူတွေကို အသိပေး တိုင်ကြားပြီးတော့ သတ်သတ်မှတ်မှတ်ထိထိရောက်ရောက် ဆောင်ရွက် သွားဖို့ လိုအပ်ပါတယ်။
ဒါကြောင့်မို့လို့ နိုင်ငံတော်ရဲ့ Good Government ဖြစ်ဖို့အတွက် တိုင်ကြားစာတွေနဲ့ လည်းကောင်း ၊ အသိပေး တင်ပြခြင်းဖြင့် လည်းကောင်း နိုင်ငံံ့ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူတွေ လျော့နည်း ပပျောက်အောင် စီမံချက်ချမှတ်ပြီးတော့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်း တွေကို ကျွန်တော်တို့ ဝန်ထမ်းများ ဘက်ကရော ၊ ပြည်သူလူထုဘက်ကရော ပူးပေါင်း ဆောင်ရွက်ပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် လာဘ်ပေး လာဘ်ယူ အကျင့်ဆိုးများ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
