(က)စာရေးဆရာ ဦးသောင်းထွန်း ပြုစုသောပြစ်မှုဆိုင်ရာ ဥပဒေစာမူ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၀-၃-၂၀၁၁)

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မှတ်ပုံတင်ခွင့် ၁၀၂ ကြိမ်မြောက် အစည်းအဝေးမှာ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ လိုက်နာရန် စာပေစိစစ်ရာတွင်ကျင့်သုံးတဲ့ စာပေစိစစ်ရေးမူများကို စည်းကမ်းသတ်မှတ် ပေးထားတာရှိပါတယ်။ အဲဒီ စည်းကမ်း သတ်မှတ်ချက် တွေကတော့-

(၁)     နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိပါးသော ဆန့်ကျင်တိုက်ခိုက်သည့် စာပေများကို လုံးဝထုတ်ဝေခြင်း မပြုရန်။

(၂)     ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားအားလုံး ဥမကွဲ၊ သိုက်မပျက် အေးအတူ ပူအမျှ စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲ နေထိုင်ရေးကို ထိပါးဆန့်ကျင် တိုက်ခိုက်သော ရေးသားခြင်းကို မပြုရန်။

(၃)     ဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ စာပေပြုစုခွင့်ထုတ်ဝေခွင့် ရှိပါသည်။ သို့ရာတွင် ယင်းစာပေ လွတ်လပ်ခွင့်များကို အများပြည်သူတို့အတွက် မှန်ကန်စွာအသုံးပြုရန် ။

(၄)     လူပိုင်းဆိုင်ရာ ချို့ယွင်းချက်များ လုပ်နည်းလုပ်ဟန်များ၊ ချို့ယွင်းချက်များ ရေးသား ဝေဖန်သည့် စာပေများ ထုတ်ဝေခွင့်ရှိပါသည်။ သို့ရာတွင် အပြုသဘော ဖြစ်စေရမည်။ လက်တွေ့လုပ်ရပ်နှင့်ပတ်သက်၍ ပွင့်လင်းသောအမြင်၊ ပွင့်လင်းသော ဝေဖန်ချက်နှင့် ပွင်‌့လင်းသော ဆန္ဒမျိုး ပေါ်ထွန်းသည့်စာပေများ ထုတ်ဝေကြရာတွင်လည်း အပြု သဘောဖြစ်စေရန် ၊ အပျက်သဘောလုံးဝမပါစေရန်။

(၅)     နိုင်ငံတော်တည်ဆောက်ရာတွင် အများပြည်သူ နိုးကြားတက်ကြွစွာ ပါဝင်လာအောင် နှိုးဆော်ပညာပေးသည့် စာပေများကို ထုတ်ဝေရန်။

(၆)     ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားအပေါင်းတို့၏ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး ကို ရှေးရှု ရေးသားထားသော စာပေများကို အမျိုးသားဟန်စာပေများ ထုတ်ဝေရန်။

(၇)     ဘာသာတစ်ခုမှအခြားဘာသာတစ်ခုသို့ ပုတ်ခတ်ရေးသားသော စာပေများ ဘာသာတူ အချင်းချင်း အယူအဆကွဲပြားစေသော စာမူများကို ထုတ်ဝေခွင့်မပြုရန်။

(၈)     တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပုတ်ခတ်သော စာပေများကို ထုတ်ဝေခြင်းမပြုရန် စသည့် အချက်များ၊ အကျုံးမဝင်သော စာပေများကိုထုတ်ဝေခွင့် မရှိဖို့ စည်းကမ်းသတ်မှတ် ထားပါတယ်။

လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါမှာ ပြစ်မှုဆိုင်ရာဥပဒေ၊ သက်သေခံဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေစတဲ့ ဥပဒေတွေကို စာရေးဆရာကြီးများဖြစ်ကြတဲ့ အငြိမ်းစားတရားသူကြီးများ၊ ဗဟိုတရားရုံးရှေ့နေများနဲ့ အခြားဥပဒေပညာရှင်တွေက ရေးသား ထုတ်ဝေလျက်ရှိကြပါတယ်။ ဥပဒေပညာရှင်များဟာ အများပြည်သူတို့နဲ့ ဥပဒေပညာသင်ကျောင်းသား များ၊ ရှေ့နေရှေ့ရပ်များအဖြစ် အသက်မွေးမယ့်သူများ၊ ပြည်သူ့ဝန်ထမ်းများအတွက် အုပ်ချုပ်ရေး၊ တရားရေး၊ ဥပဒေရေးရာ၊ ပြည်သူ့ရေးရာစတဲ့ အသိပညာတိုးပွား၊ ဗဟုသုတရစေတဲ့ အတွေးအခေါ် ကောင်းများ၊ မိမိတို့တွေ့ကြုံရတဲ့ အသိပညာများကို ရှုထောင့်အမျိုးမျိုးက ရေးသားထုတ်ဝေလျက် လည်း ရှိကြပါတယ်။

ယခုအခါ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄(က)မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းသည်‌့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိယုံကြည်ချက်၊ ထင်မြင်ချက်၊ ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားဖြန့်ဝေခွင့် အခွင့်အရေးများ ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် မေးလိုတဲ့ မေးခွန်း ကတော့ စာရေးဆရာ ဦးသောင်းထွန်း၊ အငြိမ်းစား ညွှန်ကြားရေးမှူး ဆရာ ဦးသောင်းထွန်း(ရှေ့နေ) ပြုစုတဲ့ ပြစ်မှုဆိုင်ရာဥပဒေစာမူကို စတားပုံနှိပ်တိုက်၊ ကျောက်တံတားမြို့၊ ရန်ကုန်မှ ထုတ်ဝေခွင့် ရရန် ၂၀၁၀ခုနှစ်က စာပေစိစစ်ရေးကို တင်ပြ ထားခဲ့ပါတယ်။ သို့သော်ဒီစာမူမှာ မည်သည့်အချက်မှ စည်းကမ်းနှင့်မညီသည်ကို မတွေ့ရ သော်လည်း ယခုတိုင် ထုတ်ဝေခွင့် မပေးခြင်းမှာ မည်သည့် အတွက် ဖြစ်ပါသနည်း။ ထိုစာမူကို ထုတ်ဝေခွင့် ချပေးရန် အစီအစဉ်ရှိပါသလားဆိုသည်ကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျေ်ဆန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စာရေးဆရာ ဦးသောင်းထွန်း ရေးသားတဲ့ ပြစ်မှုဆိုင်ရာဥပဒေစာအုပ်ကို စိစစ်ပြီးထုတ်ဝေခွင်‌့ပြုပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေး အဖွဲ့ က လက်ခံရရှိခဲ့ပါတယ်။ ဦးသောင်းထွန်းအနေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ပြီး အသေးစိတ် ရေးသားထားတာ တွေ့ရှိရပါတယ်။ A4 အရွယ်စက္ကူနဲ့ စာမျက်နှာပေါင်း ၅၈၅ မျက်နှာ ရှိပါတယ်။ ဥပဒေဘာသာရပ်ဟာ သီးခြားပညာရပ်တစ်ခုဖြစ်ပြီး၊ ကျယ်ပြန့်နက်နဲ သိမ်မွေ့တဲ့ သဘောလည်း ရှိပါတယ်။ ဒါ့အပြင် အများနားလည်ဖို့ ခက်တဲ့ ဘာသာရပ်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် စာပေစိစစ်ရေးဌာနအနေနဲ့    ဦးသောင်းထွန်းရဲ့ စာမူကို အချိန်ယူပြီး     စိစစ်မှုပြုရပါတယ်။

ဒီနေရာမှာ စာပေစိစစ်ရေးအဖွဲ့ရဲ့ စိစစ်မှုအဆင့်ဆင့်ကို အနည်းငယ် သိအောင် ရှင်းပြလိုပါတယ်။ ပထမဦးစွာ အရာရှိငယ် များပါဝင်တဲ့ Section အဖွဲ့က စိစစ်ရပါတယ်။ သူတို့အဖွဲ့မှာ တွေ့ရှိချက်တွေ၊ အဆုံးအဖြတ် မပေးနိုင်တာတွေကို ဒုတိယညွှန်ကြားရေးမှူး ဦးစီးတဲ့ အဖွဲ့ကို တင်ရပါတယ်။ ဒုတိယညွှန်ကြားရေးမှူး ဦးစီးတဲ့ အဖွဲ့က စိစစ်ပြီးတော့ သူ့အဆင့်မှာ မပြီးပြတ်နိုင်တဲ့အချက်တွေရှိရင် ညွှန်ကြားရေးမှူး ဦးစီးတဲ့အဖွဲ့ကို တင်ရပါတယ်။ ညွှန်ကြားရေးမှူးဦးစီးတဲ့အဖွဲ့ကလည်း ဘာသာရပ် ပေါ်မူတည်ပြီးတော့ အခြားသော ဝန်ကြီးဌာနများနဲ့ ဆက်စပ်အကြံဉာဏ် သဘောထားတောင်းခံဖို့ လိုအပ်တဲ့ ကိစ္စမျိုးတွေမှာ အခြားသော ဝန်ကြီးဌာန အဖွဲ့များကို ပေးပို့ပြီး သဘောထား အကြံဉာဏ်၊ မှတ်ချက် တောင်းခံရပါတယ်။ အဲဒီလောက်နဲ့မှ မ‌ပြီးပြတ်သေးရင်လည်း ဝန်ကြီးဆီကိုတင်ပြီးတော့ ဆောင်ရွက်ရတဲ့ လုပ်ထုံးလုပ်နည်းရှိပါတယ်။ အခုလည်းပဲ ဦးသောင်းထွန်းရေးသားတဲ့  စာမူဟာ ဥပဒေပိုင်းဆိုင်ရာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ရှေ့နေချုပ်ရုံးနဲ့ တရားသူကြီးချုပ်ရုံးများ ကိုလည်း ပေးပို့ပြီးတော့ စိစစ်အကြံဉာဏ်များ ရယူရပါတယ်။ ဦးသောင်းထွန်းရေးသားတဲ့ ပြစ်မှု ဆိုင်ရာ ဥပဒေစာအုပ်မှာ ဥပဒေပုဒ်မ တစ်ခုချင်းအလိုက် ခေတ်အဆက်ဆက်က စီရင်ဆုံးဖြတ်ခဲ့တဲ့ စီရင်ထုံးများနဲ့ သာဓကပြုပြီးရေးသား ထားတာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ရှေ့နေချုပ်ရုံးနဲ့ တရားသူကြီးချုပ်ရုံးများကလည်း စိစစ်ဖို့ အချိန်ယူရတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် ဋ္ဌာန အသီးသီးထံက စိစစ်အကြံပြု သဘောထားမှတ်ချက်များ ပြည့်ပြည့်စုံစုံ ရရှိလာတဲ့အခါမှာတော့ စာပေစိစစ်ရေးအနေနဲ့ ဦးသောင်းထွန်းရေးသားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေစာမူကို ဆက်လက်ထုတ်ဝေခွင့် ပေးသွားဖို့ရှိကြောင်း ဖြေကြားပါသည်။